Home
မြန်မာသတင်း
တနေ့ သိန်း ၂၀၀ ကျော် အရှုံးပေါ်နေသည့် SRT ယာဉ်လိုင်း ပိတ်သိမ်းမည်
DVB
·
December 7, 2016
တနေ့ သိန်း ၂၀၀ ကျော် အရှုံးပေါ်နေတဲ့ SRT ယာဉ်လိုင်း ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ SRT 1 ပို့ဆောင်ရေးမန်နေဂျာက ပြောပါတယ်။ ဗိုလ်တထောင်မြို့နယ်ကနေ အောင်မင်္ဂလာအဝေးပြေးကွင်းအထိ ပြေးဆွဲပေးနေတဲ့ SRT ယာဉ်လိုင်းတွေဟာ နေ့စဉ် ကျပ်သိန်း ၂၀၀ ကျော်အထိ အရှုံးပေါ်နေတာကြောင့် ဒီဇင်ဘာ ၈ ရက်နေ့မှာ ယာဉ်လိုင်းပိတ်သိမ်းတော့မှာ ဖြစ်တယ်လို့ SRT 1 ပို့ဆောင်ရေးမန်နေဂျာက ပြောလိုက်တာပါ။ အစီးရေ ၂၅ စီးနဲ့ ပြေးဆွဲပေးနေတဲ့ SRT 1 ယာဉ်လိုင်းတွေဟာ ခရီးသည်ရဲ့ လုံခြုံရေးကို ဂရုစိုက်ပြီး စနစ်တကျ ပြေးဆွဲပေးနေတာကြောင့် အခြားယာဉ်လိုင်းတွေနဲ့ယှဉ်ပြီး ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစိုးရဘက်ကလည်း မူဝါဒတွေကို တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်မှု အားနည်းနေတာကလည်း တခုအပါအဝင် ဖြစ်နေတယ်လို့ SRT 1 ယာဉ်လိုင်းမှ ပို့ဆောင်ရေးမန်နေဂျာ ဦးမြင့်ဝေက ဆိုပါတယ်။ “မူဝါဒတွေမှာ တကယ့်တကယ်ကျတော့ ပြည့်စုံအောင် အကောင်အထည်ဖော်လို့ မရဘူး။ မရတဲ့အခါကျတော့ ဒါက လိုက်လျောညီထွေမဖြစ်ဘူး။ ကျနော်တို့ တယောက်တည်းပဲ သွားနေရတဲ့သဘော ရှိတယ်။ အများပြည်သူကတော့ ပုတ်ပြတ်ဆိုရင် ပုတ်ပြတ်ပဲ။ အောက်ခြေမှာ သူ့ဘာသာ အဆင်ပြေသလိုရှင်းဆိုပြီး ဒီလိုအနေအထားနဲ့ သွားနေတာ။ အဲဒီတော့ အုံနာလည်း သူ့ဘာသာ တွက်ခြေကိုက်တယ်။ ၃ သောင်း၊ ၄ သောင်း၊ ၅ သောင်း၊ ၆ သောင်း၊ ၇ သောင်းအထိ တချို့ ပုတ်ပြတ်တောင်းတာတွေ ရှိတယ်။ အဲဒီတော့ အဲဒါတွေ ပုတ်ပြတ်တောင်းတယ်ဆိုတာက ယာဉ်မောင်းတွေ၊ ယာဉ်အကူတွေဆီက တောင်းတာ။ ယာဉ်မောင်း၊ ယာဉ်အကူကလည်း သူ့ဘာသာ အဆင်ပြေသလို ဆွဲပြီးတော့ ခရီးသည် ရမယ်၊ ငွေရအောင် ဆွဲမယ်။ ပြီးရင် ကျန်တာ သူ့အတွက်ပဲဆိုတော့။ ဒါကြောင့်မို့လို့ စည်းကမ်းတွေ ချိုးဖောက်တာတွေ ဘာတွေဆိုတာ များသောအားဖြင့် ပုတ်ပြတ်ပေးစနစ်ကြောင့် ဖြစ်တယ်။ ယာဉ်မောင်း၊ ယာဉ်အကူတွေ မိုက်ရိုင်းတယ်ဆိုတာလည်း စနစ်ကြောင့် ဖြစ်တာ။ အဓိကကတော့ သူ့ရဲ့ ငွေရချင်တဲ့လောဘကြောင့် ဒါမျိုး ဖြစ်နေတာ။ စနစ်တခု ကောင်းတယ်ဆိုရင် ဒါမျိုးတွေ ဖြစ်လာစရာတော့ မရှိဘူး။” ယာဉ်လိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကို တလစာ အပြည့်ပေးထားပြီး တခြားမိတ်ဘက်ကုမ္ပဏီတွေမှာ တာဝန်ထမ်းဆောင်ဖို့ လုပ်ဆောင်ပေးထားသလို ဆန္ဒရှိလို့ အလုပ်ထွက်မယ်ဆိုလည်း ထွက်ခွင့်ပေးထားတယ်လို့ SRT 1 ပို့ဆောင်ရေးမန်နေဂျာ ဦးမြင့်ဝေက ဆိုပါတယ်။ “အခုလက်ရှိ ကျနော်တို့က SRT 1 ယာဉ်လိုင်းဖြုတ်တဲ့အတွက်ကြောင့် ယာဉ်မောင်းတွေ၊ ယာဉ်အကူတွေဆိုတာက အပြင်ကခေါ်ထားတဲ့ ယာဉ်အကူ၊ ယာဉ်မောင်းတွေ ပါတယ်။ ကျနော်တို့ JV ဖြစ်တဲ့အတွက် ကျနော်တို့ဝန်ထမ်းတွေပါတယ်။ ဒီဝန်ထမ်းတွေကတော့ ကုမ္ပဏီကနေ ဆက်ပြီး တာဝန်ယူ ထိန်းသိမ်းသွားမှာပါ။ တခြားယာဉ်မောင်းတွေကတော့ ဖက်စပ်ကုမ္ပဏီတွေမှာ၊ ကျနော်တို့ မိတ်ဘက်ကုမ္ပဏီ ယာဉ်လိုင်းတွေမှာ သွားပြီးပြေးဆွဲနိုင်တယ်ဆိုရင် လိုက်ပြီး ပြေးဆွဲလို့ရတယ်။ ဒါမှမဟုတ်ဘဲ သူတို့သဘောအရ ဒီယာဉ်လိုင်းကိုတော့ မလိုက်နိုင်ဘူး၊ ထွက်ချင်ပါတယ်ဆိုရင် ထွက်လို့ရအောင် ကျနော်တို့ စီစဉ်ပေးထားတယ်။ ဒီလကုန်အထိလည်း ကျနော်တို့ သူတို့ကို လစာပေးပြီးတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။” SRT ယာဉ်လိုင်းကို ၂၀၁၅ ခုနှစ်၊ မေလ ၃ ရက်နေ့မှာ စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ စတင် အကောင်အထည်ဖော် ဆောင်ရွက်ချိန်က SRT 1၊ SRT 2၊ SRT 3 ဆိုပြီး ယာဉ်လိုင်း ၃ လိုင်းကို စံနမူနာအဖြစ် ပြေးဆွဲသွားဖို့ စီစဉ်ထားပေမယ့် SRT 1 မှာတင် ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024