ဟိုတယ်ဝန်ထမ်းအမျိုးသမီးကို ဓားပြတိုက်သည့် ဆိုင်ကယ်သမားရုပ်သံ ပျံ့နှံ့

ထိုင်းနိုင်ငံမှာ ဟိုတယ်ဝန်ထမ်း အမျိုးသမီးတဦးဆီကအိတ်ကို ဆိုင်ကယ်သမားတဦးက ဓားပြတိုက်လုယူခဲ့တဲ့ ထိတ်လန့်ဖွယ် ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၄ ရက် ည ၈ နာရီဝန်းကျင်အချိန်၊ ပတ္တယားမြို့၊ ပရာတွန်းနက်ခ်အရပ်မှာ ဖြစ်ခဲ့တာလို့ ပတ္တယားဝမ်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသက် ၂၇ နှစ်အရွယ် နင်းအမည်ရတဲ့ ဟိုတယ်ဝန်ထမ်းအမျိုးသမီးဟာ သူ့ရဲ့ အလုပ်တာဝန်ပြီးဆုံးချိန်မှာ အိမ်ကို လမ်းလျှောက်ပြန်ခဲ့တာပါ။ အဲဒီအချိန်မှာ မျက်နှာချင်းဆိုင်ကနေ အသက် ၃၀ အရွယ် အမျိုးသားတဦးဟာ သူ့ဘက်ကို ဦးတည်ပြီး ဆိုင်ကယ်စီးလာခဲ့တာလို့ ဆိုပါတယ်။ အဲဒီအမျိုးသားဟာ အညိုရောင်ဂျက်ကက်အင်္ကျီနဲ့ ဘောင်းဘီတိုကို ၀တ်ဆင်ထားခဲ့ပြီး အစိမ်းရောင် Kawasaki KSR အမျိုအစား ဆိုင်ကယ်ကို စီးခဲ့ပြီး သူ့ကို ဖြတ်သွားခဲ့ချိန်မှာ အမှုမဲ့အမှတ်မဲ့ပဲ နေခဲ့မိတယ်လို့ နင်းက ပြောပါတယ်။ ဒါပေမယ့် ခဏအကြာမှာတော့ အဲဒီအမျိုးသားဟာ ဆိုင်ကယ်ကို ပြန်ကွေ့ပြီး သူ့နောက်ကို ရောက်လာခဲ့ကာ အိတ်ကိုလုယူဖို့ ကြိုးစားခဲ့တာပါ။ နင်းဟာ ပြန်လည်တိုက်ခိုက်ပြီး ဆွဲလုဖို့ ကြိုးစားခဲ့ချိန်မှာ အမျိုးသားက ဓားတလက်ကို ဆွဲထုတ်ခဲ့လို့ လက်လျှော့လိုက်ရတယ်လို့ ပြောပါတယ်။ အဲဒီနောက်တော့ အမျိုးသားဟာ ဆိုင်ကယ်နဲ့ မောင်းပြေးသွားခဲ့တာမို့ သူက ရဲကို တိုင်ကြားခဲ့တာပါ။ ပါသွားတဲ့အိတ်ထဲမှာတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ မှတ်ပုံတင်နဲ့ စာရွက်စာတမ်းတွေ အပါအ၀င် ဘတ်ငွေ ၁၂၀၀၀ ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီအဖြစ်အပျက်ကို စီစီတီဗွီ ရုပ်သံကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာဖြစ်ပြီး ဆိုင်ကယ်သမားကိုတော့ ဖမ်းမိခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up