Home
ဆောင်းပါး
နတ္သမီး ႀကိမ္ဝင့္သံ
DVB
·
December 6, 2016
တိုင်းပြည်တပြည်ကို ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ်နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံဒေါက်တိုင်ကြီးတွေထဲမှာ ကိုယ်ကျင့်တရား ကောင်းမွန်မှု စာရိတ္တမဏ္ဍိုင်ဟာ အလွန်အင်မတန်မှ အရေးကြီးတဲ့ဒေါက်တိုင်ကြီး ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံမှာ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလွန်းပြီး အနိဋ္ဌာရုံတွေနဲ့ ပြွမ်းတီးနေတဲ့ နေ့စဉ် လူမှုဘ၀ဆိုးများစွာကို ဖြစ်ပေါ်စေတဲ့ အဓိကတရားခံတွေထဲမှာ အကျင့်ပျက် ခြစားမှု အဂတိလိုက်စားမှုဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ အိမ်တအိမ်မှာ မိသားစုဝင်အများစုက အကျင့်မကောင်းဘူး၊ တဖို့တည်းကြည့်ပြီး ကိုယ်တကိုယ်တည်း ကောင်းစားဖို့အတွက် အိမ်ထောင်စုပိုင်၊ မိသားစုပိုင် ပစ္စည်းဥစ္စာတွေကို ခိုးဝှက်ယူငင် သုံးစွဲနေကြရင် အဲဒီမိသားစုဟာ စီးပွားရေး ဆုတ်ယုတ်သထက် ဆုတ်ယုတ်ပြီး မညီမညွတ်ဖြစ်ကြ၊ တကျက်ကျက် ရန်ဖြစ်ကြနဲ့ မကောင်းတဲ့ အနိဋ္ဌာရုံ အဖြစ်အပျက်တွေနဲ့ ပြည့်လျှမ်းနေတော့တာ မဟုတ်လား။ မြန်မာနိုင်ငံရဲ့ လက်ရှိ တိုင်းပြည်အခြေအနေကလည်း အထက်က မိသားစုလိုပါပဲ။ ဒီမိုကရေစီ အရပ်သားအစိုးရ တက်လာပေမယ့်လည်း စစ်အာဏာရှင် ခေတ်အဆက်ဆက်တုန်းက တရားဝင်လိုင်စင်ရသလို ကြွပ်တက်အောင်စွဲလာတဲ့ အကျင့်စရိုက်ဆိုးတွေကို မပြင်ကြသေးပါဘူး။ မကောင်းတဲ့အကျင့်စရိုက်ဆိုတာ ကျင့်သုံးဖို့ လွယ်ကူပေမယ့် ကောင်းတဲ့စာရိတ္တတွေ၊ အကျင့်သီလတွေဆိုတာ တည်ဆောက်ဖို့ အလွန်အင်မတန် ခက်ခဲပါတယ်။ ရာစုနှစ်ဝက်ကျော်အောင် အဖျက်ဆီးခံခဲ့ရတဲ့စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားတွေဟာ လွယ်လွယ်ကူကူနဲ့ ပြင်ဆင်လို့ မရနိုင်ပါဘူး။ တနိုင်ငံလုံးနီးပါး အတိုင်းအတာနဲ့ လူ့အဖွဲ့အစည်းကြီးတခုလုံးမှာ အုံနဲ့ကျင်းနဲ့ အကျင့်ပျက် ခြစားမှုတွေကို ကျူးလွန်နေကြတာမို့ နေ့စဉ် လူမှုဘ၀တွေထဲမှာ ရှောင်လွဲဖို့ အလွန်ခက်ခဲပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ “လက်ဖက်ရည်ဖိုး”၊ “ဘေးပေါက်ကောင်းတယ်”၊ အကြံအဖန်၊ နလမ (နားလည်မှု)၊ ရေလာတယ်၊ ခွင်ကောင်းတယ်၊ အတွင်းလူ၊ ဝေစားမျှစား၊ ကွက်ကျားမိုး၊ မိုးခါးရေ၊ အကောင်ကြီးကြီး အမြီးရှည်ရှည်၊ အဆက်အသွယ်၊ ပေါက်ပေါက်ရောက်ရောက် ရှိသူ၊ လုပ်ပိုင်ခွင့်၊ နောက်ခံအသိုင်းအဝိုင်း တောင့်တယ်” စတဲ့ စကားလုံးတွေကြားမှာ နစ်မွန်းကျင်လည်နေကြရတာပါ။ စစ်အာဏာရှင်ခေတ် မြန်မာနိုင်ငံဟာ စောရပြည်လို့ ခေါ်ရလောက်အောင် အကျင့်ပျက် ခြစားတယ်ဆိုတာ ထမင်းစား ရေသောက် ဖြစ်ခဲ့ဖူးပါတယ်။ နေ့ခင်းကြောင်တောင် လူ့ဘုံအလယ်မှာ လာဘ်ပေးလာဘ်ယူမှုတွေကို တရားဝင်လုပ်ကိုင်နေခဲ့ကြပြီး အဂတိလိုက်စားတာကို ရှက်ရမယ့်စိတ်၊ ကြောက်ရမယ့်စိတ်၊ ဟီရိသြတ္တပ္ပတွေ ပျောက်ဆုံးခဲ့ရတာပါ။ အထုံပါရမီတို့၊ အလေ့အထတို့ဆိုတာ တနေ့နည်းနည်း အဖန်တလဲလဲလုပ်ရာက ဖြစ်လာတဲ့ အကျင့်တရားသာ အခြေခံဖြစ်ပါတယ်။ မိမိ နေထိုင်ကျင်လည်ရာ လူ့အဖွဲ့အစည်းကြီး တခုလုံးဟာ လာဘ်ပေးလာဘ်ယူမှုတွေ၊ အဂတိလိုက်စားမှုတွေနဲ့ နိစ္စဓူဝ ကျင်လည်နေတာ ကြုံတွေ့ဖန်များလာတဲ့အခါ အဲဒီအလုပ်တွေဟာ ဘယ်လောက်အပြစ်ကြီးတယ်ဆိုတာ မမြင်နိုင်တော့ဘူး။ မရှက်တတ်၊ မကြောက်တတ်တော့ဘူး။ မျက်ကန်းတစ္ဆေမကြောက် ဆိုသလိုမျိုး ဖြစ်ခဲ့ကြရတာပါ။ ဒါပေမယ့်လည်း ဗုဒ္ဓဘာသာ အပါအဝင် အခြားသော ဘာသာတွေရဲ့ အဆုံးအမကောင်းတွေ အောက်မှာ မြန်မာပြည်သူပြည်သားတွေရဲ့ နှလုံးသားနဲ့ အသိတရားမှာ အကျင့်ပျက် ခြစားမှုကို မကောင်းမှုတခုလို့ လက်ခံထားဆဲဆိုတာ စာရေးသူ ယုံကြည်မိပါတယ်။ တကယ်လို့ ရွေးချယ်စရာရှိမယ်၊ ပတ်ဝန်းကျင်ကောင်းတရပ်ကို တည်ဆောက်နိုင်မယ်ဆိုရင် မြန်မာပြည်သူ အများစုဟာ မကောင်းမှုကို ရှောင်ကြဉ်လို့ အကျင့်ပျက် ခြစားမှုကို လျှော့ချနိုင်ကြပါလိမ့်မယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ စင်ကာပူသမ္မတနိုင်ငံကို ၃၀-၁၁-၂၀၁၆ ရက်နေ့ကနေ ၂-၁၂-၂၀၁၆ ရက်နေ့အထိ တရားဝင်ခရီးစဉ် သွားရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ Channel News Asia (စီအဲန်အေ) လို့ ခေါ်တဲ့ စင်ကာပူသတင်းဌာနနဲ့ အင်တာဗျူးမှာ အစိုးရအဖွဲ့ တက်လာပြီး ၉ လအတွင်း စိတ်အကျေနပ်ဆုံး အရာနှင့်ပတ်သက်လို့ မေးမြန်းတာကို ဖြေကြားခဲ့ရာမှာ ‘‘ဝန်ကြီးတွေ လာဘ်မစားကြတဲ့ အချက်ပါပဲ” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ‘‘အရာရှိငယ်တချို့ကတော့ ကျမတို့ ဖြစ်စေချင်သလို သိပ်မဖြစ်သေးပါဘူး’လို့ ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ပြောခဲ့တာပါပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁ ရက်နေ့က စင်ကာပူရဲ့ အကျင့်ပျက် ခြစားမှု စုံစမ်းစစ်ဆေးရေးဗျူရိုကို သွားရောက်လေ့လာခဲ့ပါသေးတယ်။ ဒါကိုကြည့်ရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အထူးအလေးထားပြီး ကိုင်တွယ်တော့မယ်ဆိုတာ ငြင်းစရာ မလိုလောက်ပါဘူး။ နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့အစည်းကြီးရဲ့ ၂၀၁၅ စစ်တမ်းအရဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၆ နိုင်ငံမှာ မြန်မာက အဆင့် ၁၄၇ ချိတ်ပြီး ခြစားမှုအဆိုးရွားဆုံးနိုင်ငံ စာရင်းဝင်နေကာ စင်ကာပူကတော့ အဆင့် ၈ နေရာ ချိတ်လို့ ခြစားမှုအနည်းဆုံးနိုင်ငံ စာရင်းဝင် ဖြစ်နေပါတယ်။ နိုင်ငံသားတွေရဲ့ အကျင့်စာရိတ္တ မကောင်းရင် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ပါဘူး။ စင်ကာပူမှာ အကျင့်ပျက် ခြစားမှု လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ခိုင်လုံရင် ကျူးလွန်တဲ့သူဟာ အစိုးရအဖွဲ့ဝင်ဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် စင်ကာပူဒေါ်လာ ၁ သိန်းထက် မပိုသော ငွေဒဏ်၊ သို့မဟုတ် ထောင်ဒဏ် ၅ နှစ်၊ သို့မဟုတ် ပူးတွဲငွေဒဏ်၊ ထောင်ဒဏ် နှစ်ရပ်ပေါင်း ကျခံရမှာပါ။ အကျင့်ပျက် ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုကို တိတိကျကျ ခိုင်ခိုင်လုံလုံ သိရင် ဘယ်သူမဆို အကျင့်ပျက် ခြစားမှု စုံစမ်းစစ်ဆေးရေးဗျူရို The Corrupt Practices Investigation Bureau (CPIB) ရဲ့ အွန်လိုင်း ဝက်ဘ်ဆိုဒ်မှာ ၂၄ နာရီပတ်လုံး ကြိုက်တဲ့အချိန်မှာ တာဝန်သိပြည်သူတယောက်အနေနဲ့ တိုင်ကြားလို့ရတယ်။ ဒါပေမယ့် တိုင်မယ်ဆိုရင်တော့ ဘယ်နေရာမှာ၊ ဘယ်အချိန်မှာ၊ ဘယ်လို လာဘ်ပေးလာဘ်ယူ လုပ်ခဲ့တယ်၊ ဘယ်သူတွေ ပါဝင်ပတ်သက်တယ်၊ ဘယ်လိုသိတာလဲ၊ ဘာကြောင့် လာဘ်ပေးလာဘ်ယူမှုအပြစ် ဖြစ်တယ်လို့ သတ်မှတ်နိုင်တယ်လို့ ထင်ရတာလဲ ဆိုတဲ့အချက်တွေကိုတော့ သိထားရပါလိမ့်မယ်။ အဲဒီအချက်တွေ မသိဘဲ ရမ်းသမ်းစွပ်စွဲ တိုင်ကြားရင်တော့ တိုင်တဲ့သူကို ထောင်ဒဏ် ၁၂ လ၊ သို့မဟုတ် ငွေဒဏ် စင်ကာပူဒေါ်လာ ၁ သောင်း၊ သို့မဟုတ် အပြစ်ဒဏ် ၂ ရပ်ပေါင်း ချမှတ်ခွင့် ရှိတယ်။ FRAMEWORK OF CORRUPTION CONTROL IN SINGAPORE ကမ္ဘာမှာ ခြစားမှုအနည်းဆုံးနိုင်ငံစာရင်းဝင် စင်ကာပူနိုင်ငံရဲ့ အကျင့်ပျက် ခြစားမှု ထိန်းချုပ်ရေး အခြေခံအဆောက်အုံ ယန္တရားကို လေ့လာလိုက်ရင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ပြင်းပြတဲ့ နိုင်ငံရေး ရည်မှန်းချက်ဆန္ဒကို အခြေခံအုတ်မြစ်အနေနဲ့ ချမှတ်တည်ဆောက်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးရင် အောက်ဖော်ပြပါ ဒေါက်တိုင်ကြီး ၄ တိုင်နဲ့ ထောက်ကန် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ၁) ထိရောက်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးဥပဒေ နည်းဥပဒေများ (Effective Anti-Corruption Acts/Laws). ၂) ထိရောက်သော အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ (Effective Anti-Corruption Agency). ၃) ထိရောက်သော အကျင့်ပျက်ခြစားမှုဆိုင်ရာ တရားစီရင်မှု အပြစ်ဒဏ်ခတ်မှု (Effective Adjudication or Punishmenrt). ၄) စွမ်းရည်ကောင်းမွန်ထက်မြက်သော အစိုးရအုပ်ချုပ်ရေး (Efficient Government Administration) အကျင့်ပျက် ခြစားမှုတွေနဲ့ နှစ်ပေါင်းများစွာ ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံကို အဂတိလိုက်စားမှု ညွန်အိုင်ကြီးထဲက ဆွဲထုတ်နိုင်ဖို့အတွက် စာရေးသူအနေနဲ့ ထပ်ဖြည့်ချင်တဲ့ နောက်ထပ် ဒေါက်တိုင်တတိုင်ကတော့ ထိရောက်တဲ့ ပြည်သူလူထု ပူးပေါင်းကူညီမှု (Effective People Participation) ပါပဲ။ စင်ကာပူရောက် မြန်မာတွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဒီဇင်ဘာ ၂ ရက် တွေ့ဆုံပွဲမှာ မြန်မာတဦးက အစိုးရအဖွဲ့ အုပ်ချုပ်ရေးယန္တရား အားနည်းနေခြင်းနှင့် ပတ်သက်လို့ ဝန်ထမ်း အကြီးအကဲများရဲ့ မပြောင်းလဲသေးတဲ့ လာဘ်ပေးလာဘ်ယူခြင်း၊ တာဝန်မယူခြင်း၊ တာဝန်မခံခြင်း တို့ကို အရေးယူပေးဖို့ ပြည်သူတွက မျှော်လင့်နေကြောင်း၊ အထူးသဖြင့် အငြိမ်းစားပေး၊ အပြစ်ပေး၊ အနားပေး အစီအစဉ်တွေကို ဘယ်တော့ ဆောင်ရွက်မယ်ဆိုတာကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါတယ်။ ‘‘ပထမအနေနဲ့ ကိုယ်ကိုယ်တိုင်က လာဘ်ပေးလာဘ်ယူ မလုပ်ရဘူး။ တကယ်လို့ လုပ်မိခဲ့ရင်လည်း သတ္တိရှိရှိနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြပါ။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကလည်း ဒီဝန်ထမ်းက ဘယ်လိုလုပ်လို့ပါ ဆိုပြီးတော့ ဒီလိုပြောရဲတဲ့ သတ္တိတော့ ရှိရမယ်’’ လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ လူတိုင်းကို ပြုပြင်နိုင်ခွင့် အခွင့်အရေးပေးမယ်လို့လည်း ဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်အတိုင်ပင်ခံက ‘‘အာဃာတကို ရှေ့ထားပြီးတော့ အလုပ် မလုပ်ပါဘူး။ စည်းမျဉ်းစည်းကမ်း ဥပဒေအရ ကျမတို့ လုပ်ပါ့မယ်။ တတ်နိုင်သလောက် ကျမတို့ ဥပဒေဘောင်အတွင်းကနေ အခွင့်အရေးတွေ ပေးမယ်။ ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်မယ်။ ဒါပေမယ့် အတိုင်းအတာမဲ့တော့ မဟုတ်ပါဘူး။ စည်းဆိုတာတော့ ရှိတာပဲ။ စည်းဘောင်တခု ကျော်သွားလို့ ရှိရင်တော့ ဥပဒေ စည်းမျဉ်းစည်းကမ်းအရ အရေးယူပါမယ်လို့ ကျမ ပြောပါရစေ’’ လို့ ရှင်းရှင်းလင်းလင်းပြောကြား သတိပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့တုန်းကလည်း စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဘက်များနဲ့ တွေ့ဆုံပွဲအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူပြည်သားတွေထဲကနေ ချမ်းသာကြွယ်ဝလာတာကို ကျမက သဘောကျပါတယ်၊ ဒါပေမယ့် ချမ်းသာကြွယ်ဝလာတာဟာ မှန်ဖို့တော့လိုတယ် ဆိုတဲ့အကြောင်း၊ အရင်တုန်းက မှန်တာ၊ မမှန်တာ အတိတ်ကိုတော့ ပြန်ပြင်လို့ မရတော့ပေမယ့် အခုပစ္စုပ္ပန်မှာတော့ မှန်မှန်ကန်ကန် ဆက်ပြီးတော့ လုပ်သွားကြပါလို့ သတိပေးခဲ့ပါသေးတယ်။ တကယ်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တကြိမ်မက ဒီလို တရားဝင်ပြောဆို သတိပေးနေတာဟာ မိမိမှာစွဲကပ်နေတဲ့ အကျင့်စရိုက်ဆိုးကို ကိုယ်တိုင်ပြင်ဆင်ဖို့ အားမထုတ်သေးတဲ့ မြန်မာနိုင်ငံ တနံတလျားမှာရှိကြတဲ့ ရာထူးအဆင့်ဆင့်နဲ့ အမှုထမ်း အရာထမ်းတွေ၊ စီးပွားရေးသမားတွေ အပါအဝင် အပြောင်းအလဲကို မလိုက်ပါလိုတဲ့ နိုင်ငံသားအားလုံးကို ပြုပြင်ဖို့ အချိန်ပေးနေတာပါပဲ။ တနည်းအားဖြင့် တင်စားရရင် နတ်သမီး ကြိမ်ဝင့်သံ ပေးနေတာလို့ စာရေးသူ ခံစားမိပါတယ်။ အဲဒီကြိမ်ဝင့်သံကို မကြားမိလို့ဖြစ်ဖြစ်၊ ကြားပါရက်နဲ့ သင်္ကြန်အမြာက်လို့ ထင်မိသူများဟာ မကြာခင်မှာ တရားရုံးတွေမှာ၊ ပြည်သူတွေရှေ့မှောက်မှာ တွေ့လာရတော့မှာပါ။ အင်္ဂလိပ်လို Partiality (Particularly in the dispensation of Justice) လို့ ပြောဆိုကြပြီး မြန်မာလို ဆိုရင်တော့ အမှန်တရားနှင့် ဥပဒေကို မျက်ကွယ်ပြုလျက် မျက်နှာလိုက် ခွဲခြားစီမံ ဆောင်ရွက်ခြင်းလို့ အဓိပ္ပာယ်ယူနိုင်တဲ့ အဂတိတရား လိုက်စားမှုဆိုတာ လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးအလွဲသုံးစားပြုမှုသက်သက်တင် မကပါဘူး။ မိမိချစ်ခင်နှစ်သက်သူ၊ မိမိအလွမ်းသင့်သူကို မထိုက်တန်ဘဲ နေရာပေးခြင်း၊ ဘက်လိုက်ခြင်း အခွင့်အရေးပေးခြင်းဆိုတဲ့ ဆန္ဒာဂတိ၊ မိမိမုန်းတီးသူ၊ မိမိနဲ့ အဆင်မပြေသူကို ထိုက်တန်မှန်း သိလျက် ချောင်ထိုးမှု၊ နေရာမပေးမှုဆိုတဲ့ ဒေါသာဂတိ၊ တွေဝေမိန်းမောသဖြင့် အမှန်ကို မသိသဖြင့် မလားအပ်သည်ကို လားရခြင်း၊ မသိသောကြောင့် ဘက်လိုက်မှုပြုခြင်းဆိုတဲ့ မောဟဂတိ၊ မိမိရနေတဲ့ ရာထူးစည်းစိမ် အခွင့်အလမ်းတွေ ဆုံးရှုံးမှာ စိုးရွံ့တာကြောင့် မလားအပ်သည်သို့ လားရခြင်း၊ ကြောက်သဖြင့် ဘက်လိုက်မှုပြုခြင်းဆိုတဲ့ ဘယာဂတိ စတဲ့ အဂတိလေးပါးစလုံး ပါဝင်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ အရေးပါတဲ့ အခြေခံတွေကတော့ အာဏာသုံးရပ်ကို တင်းပြည့်ကျပ်ပြည့် ပိုင်ဆိုင်တဲ့ ပြည်သူ့အစိုးရ (People Government)၊ ထင်သာမြင်သာရှိမှု (Transparpency)၊ တာဝန်ရှိမှုနှင့် တာဝန်ယူမှု (Responsibility & Accountability)၊ သတင်းလွတ်လပ်ခွင့် (Media Feedom)၊ ထိရောက်တဲ့ အဂတိလိုက်စားမှု ဆန့်ကျင်ရေးဥပဒေ (Effective Anit-corrupition Laws)၊ တရားဥပဒေစိုးမိုးမှု (Rule of Law) နဲ့ ပြည်သူ့ဆန္ဒအား (The will of the people) တို့ပဲ ဖြစ်ပါတယ်။ အပြောင်းအလဲကို အမှန်တကယ်လိုချင်ရင် နိုင်ငံသားတိုင်းဟာ မိမိကိုယ်ကို ဦးစွာပြောင်းလဲပြီး အပြောင်းအလဲမှာ လိုက်ပါဖို့ လိုပါတယ်။ အကျင့်ဟောင်းတွေ ပြင်ကြဖို့၊ တိုင်းပြည်ကို ပြောင်းလဲဖို့ အချက်ပြနေတဲ့ နတ်သမီး ကြိမ်ဝင့်သံကတော့ မြန်မာပြည် ကောင်းကင်ယံမှာ ပဲ့တင်ပျံလို့နေခဲ့ပါပြီ။ နာခံလိုက နာခံ၊ မနာခံလိုက တရားဥပဒေရဲ့ စီရင်မှုကို ခံကြရမှာမို့ အိပ်မက်ဟောင်းထဲက နိုးထလို့ ဘဝသစ် စနိုင်ကြပါစေ။ မင်းကောင်းချစ် ဒီဇင်ဘာလ (၃) ရက်နေ့၂၀၁၆ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024