မိမိခွေးကို ရန်ပြုသည့် သားပိုက်ကောင်ကို ထိုးကြိတ်တိုက်ခိုက်သည့် အမျိုးသားရုပ်သံ ရေပန်းစား

ဒါဟာ လူနဲ့ခွေးကြားက အကောင်းဆုံးမိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ ပြသနေတဲ့ အဖြစ်အပျက်တခုပါပဲ။ သြစတေးလျနိုင်ငံမှ အမျိုးသားတဦးဟာ သူ့ရဲ့ အိမ်မွေးခွေးလေးကို သားပိုက်ကောင် တကောင်ဆီကနေ ကယ်တင်ခဲ့တဲ့ အဖြစ်အပျက်ဟာ ရေပန်းစားနေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ သြစတေးလျနိုင်ငံမှ လူသူဝေးလံတဲ့ တောပိုင်းတခုအနီး အမဲလိုက် အပျော်ခရီးထွက်ချိန်မှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီအခိုက်အတန့်ဟာ အဆိုပါအမျိုးသားအတွက်တော့ စိတ်လှုပ်ရှားစရာပါပဲ။ သူဟာ တခြားအဖော်တွေနဲ့အတူ တောတွင်းမှာ ကားမောင်းနှင်နေချိန် သူ့အိမ်မွေးခွေးလေးရဲ့ အော်ဟစ်အကူအညီတောင်းသံကို တနေရာမှာ ကြားလိုက်ရတာပါ။ အဲဒီအချိန်မှာ သူဟာ ရုတ်တရက်ပဲ ကားပေါ်ကဆင်းခဲ့ပြီး ခွေးကလေးမက်စ်ကို အော်ဟစ်ခေါ်နေခဲ့ကာ ရှာဖွေဖို့ ပြေးသွားခဲ့တာပါ။ ခွေးကလေးကို တွေ့ရှိချိန်မှာတော့ အနားမှာ လုံးထွေးဖမ်းဖို့ ကြိုးစားနေတဲ့ သားပိုက်ကောင်တကောင်ကို တွေ့လိုက်ရတာပါ။ သူဟာ ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ကာ သားပိုက်ကောင်ဆီကနေ ခွေးကလေး လွတ်မြောက်အောင် တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သားပိုက်ကောင်ဟာ လူကို ရုတ်တရက် မြင်လိုက်ရချိန်မှာ ပွေ့ဖက်လုံးထွေးထားခဲ့တဲ့ ခွေးကလေးကို လွှတ်လိုက်မိပြီး လူဘက်ကို တိုက်ခိုက်ဖို့ ဟန်ပြင် မတ်တပ်ရပ်လိုက်တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အဲဒီနောက်တော့ သူဟာ သားပိုက်ကောင်ကို ထိုးကြိတ်တိုက်ခိုက်ခဲ့ချိန်မှာ ခွေးကလေးက ထွက်ပြေးလွတ်မြောက်သွားခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ကို ကားပေါ်ကျန်နေခဲ့သူတွေက ရိုက်ယူထားခဲ့တာဖြစ်ပြီး နောက်ခံအသံတွေကို “သားပိုက်ကောင်နဲ့ လူကြားက လက်ဝှေ့ပွဲ” တခုသဖွယ် ပြောပြခဲ့တာကြောင့် ရေပန်းစားနေခဲ့တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ကာ သန်းနဲ့ချီ ကြည့်ရှုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up