
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၆ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ဟာ အားကစားနည်း ၃၀ မျိုးမှာ အားကစားသမား ၄၇၀ ကျော် ပါဝင်ယှဉ်ပြိုင်နေပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ညနေပိုင်းအထိ ရွှေတံဆိပ်ဆု တခုသာ ဆွတ်ခူးနိုင်သေးပြီး ပွဲစဉ်အများစုမှာ ငွေနဲ့ကြေးတံဆိပ်ဆုတွေကို ရရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်စုစုပေါင်း ၅၄၅ခု ချီးမြှင့်မှာဖြစ်ပြီး လက်ရှိအချိန်မှာ ရွှေတံဆိပ် ၂၅၀ ကျော်ချီးမြှင့်ပြီး ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဆီးဂိမ်းမှာချီးမြှင့်မယ့် ရွှေတံဆိပ်အရေအတွက် တဝက်နီးပါး ချီးမြှင့်ပြီးချိန် ပြိုင်ပွဲတဝက်နီးပါး ပြီးဆုံးချိန်အထိ မြန်မာအားကစားအဖွဲ့ အနေနဲ့ ရွှေတံဆိပ်ရယူရှိမှု အလွန်နည်းပါးနေတာပါ။
ဆီးဂိမ်းပြိုင်ပွဲသမိုင်းမှာ မြန်မာအားကစားအဖွဲ့အနေနဲ့ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှူမှာ နှစ်ကြိမ်တိုင် အဆင့် ၁ ဖြစ်ခဲ့ဖူးပြီး အဆိုးရွားဆုံးရလဒ်ဖြစ်တဲ့ ၁၉၉၉ ခုနှစ် ဘရူနိုင်းဆီးဂိမ်း ပြိုင်ပွဲတုန်းကတောင် ရွှေတံဆိပ် ၃ ခုရယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲ ၃ ကြိမ်မှာလည်း မြန်မာအားကစားအဖွဲ့အနေနဲ့၂၀၀၉ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ် ၁၂ ခု၊ ၂၀၀၇ မှာ ရွှေတံဆိပ် ၁၄ ခု၊ ၂၀၀၅ မှာ ရွှေတံဆိပ် ၁၇ ခုအထိ ရယူနိုင်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် အင်ဒိုနီးရှားဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ကို အမျိုးသမီးအသင်းလိုက် ကွန်ပေါင်းမြားပစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး မြားပစ်အဖွဲ့က ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ မြန်မာအမျိုးသမီး မြားပစ်အဖွဲ့ဟာ ၂၀၀၉ ခုနှစ်ဆီးဂိမ်းမှာလည်း ရွှေတံဆိပ်ရရှိခဲ့တာကြောင့် အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့တွေ အောင်မြင်မှု နည်းပါးနေခြင်း အကြောင်းအရင်းကို လေ့လာကြည့်တဲ့အခါမှာတော့ ပြိုင်ပွဲအကြိုပြင်ဆင်မှူ အလွန်အားနည်းခြင်း၊ ခေတ်မီနည်းစနစ်တွေ နောက်ကျနေခြင်းနဲ့ပြိုင်ပွဲမတိုင်မီက ရွှေတံဆိပ်ရဖို့ အားထားခဲ့သူတွေဟာ လက်တွေ့ ယှဉ်ပြိုင်ရာမှာ အစွမ်းမပြနိုင်ဘဲ ငွေတံဆိပ်၊ ကြေးတံဆိပ်တွေသာ ရရှိခဲ့ခြင်းတို့ဖြစ်ပါတယ်။
၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲရဲ့ပြေးခုန်ပစ်ပြိုင်ပွဲတွေဟာ နိုဝင်ဘာ ၁၆ ရက်နေ့က ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ပြေးခုန်ပစ်အားကစားနည်းမှာ ရွှေတံဆိပ် ၄၇ ခု ချီးမြှင့်ခဲ့ပြီး မြန်မာအားကစားအဖွဲ့ကတော့ ရွှေတံဆိပ်ရရှိခြင်းမရှိဘဲ ငွေတံဆိပ် ၃ ခုနဲ့ကြေးတံဆိပ် ၁ ခုသာ ရရှိခဲ့ပါတယ်။
တချိန်က ဆီးဂိမ်းပြိုင်ပွဲရဲ့ ပြေးခုန်ပစ်ပွဲစဉ်တွေမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး များသောအားဖြင့် ရွှေတံဆိပ် ၁၀ ခုကျော် ဆွတ်ခူးပေးနိုင်ခဲ့တဲ့ မြန်မာပြေးခုန်ပစ်အဖွဲ့ရဲ့ ကျဆုံးမှုက ဝမ်းနည်းစရာပါ။
မြန်မာပြေးခုန်ပစ် ဘာကြောင့်ကျဆုံးရသလဲဆိုရင် လူငယ်မျိုးဆက်သစ်တွေ မွေးထုတ်ပေးနိုင်ခြင်း မရှိမှူနဲ့ခေတ်မီ နည်းစနစ် ခေတ်မီ အထောက်အကူပြု ပစ္စည်းတွေမှာ နောက်ကျကျန်နေခဲ့လို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်အနေနဲ့ အသက် ၁၀ နှစ်အောက်၊ ၁၅နှစ်အောက်စတဲ့ လူငယ်ပြိုင်ပွဲတွေကို လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကျင်းပမှု အလွန်အားနည်းခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်တွေ အနေနဲ့လည်း ကျောက်မီးသွေးနဲ့ သဲကြမ်းရောခင်းထားတဲ့အောင်ဆန်းကွင်းပြေးလမ်းပေါ်မှာသာ လေ့ကျင့်ရတာများပြီး ခေတ်မီ စံချိန်မှတ် အီလက်ထရွန်းနစ် ကိရိယာတွေ ထားရှိနိုင်ခြင်းလည်းမရှိလို့ လူရွေးပွဲတုန်းက ရရှိတဲ့ စံချိန်နဲ့ ပြိုင်ပွဲမှာ လက်တွေ့ ယှဉ်ပြိုင်ချိန်မှာ ပေါ်ထွက်လာတဲ့ စံချိန်တွေ ကွာဟနေတာ တွေ့ရပါတယ်။
၂၀၁၁ ခုနှစ် ဆီးဂိမ်းပြေးခုန်ပစ်ပြိုင်ပွဲရဲ့ အမျိုးသား မာရသွန်ပြိုင်ပွဲဝင်ခဲ့တဲ့ မြန်မာအပြေးသမား ၂ ယောက်ရဲ့ ရလဒ်နဲ့စံချိန်ကို တင်ပြလိုပါတယ်။ ဒီပွဲစဉ်မှာ ပြိုင်ပွဲဝင် ၁၀ ဦးသာရှိပြီး မြန်မာ အပြေးသမား၂ဦးဟာ အဆင့် ဂနဲ့၉ သာရခဲ့ပါတယ်။ စံချိန်တွေကလည်း အလွန်ညံ့နေကာ အမျိုးသမီးမာရသွန်ပြေးပွဲမှာ ယှဉ်ပြိုင်ခဲ့မယ်ဆိုရင်တောင် စံချိန်တွေအရ ထိပ်ဆုံး ၄ နေရာအတွင်း ဝင်နိုင်မှာ မဟုတ်ပါဘူး။
၂၀၁၁ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာပြေးခုန်ပစ် အဖွဲ့ရခဲ့တဲ့ ဆုတံဆိပ်အားလုံးကို အမျိုးသမီးတွေကသာ ဆွတ်ခူးပေးခဲ့တာဖြစ်လို့ တချိန်က အာရှအဆင့်အထိ ထိုးဖောက်အောင်မြင်ခဲ့တဲ့ မြန်မာ အပြေးသမားကြီးတွေအတွက် လက်ရှိမြန်မာ အပြေးသမားညီငယ်များ အရှက်ရသင့်ပါတယ်။
၂၀၁၁ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့တွေအနက် မှန်းချက်နဲ့နှမ်းထွက်မကိုက်သူတွေဟာ ပြေးခုန်ပစ်အဖွဲ့အပြင် ဘိလိယက်၊ သေနတ်ပစ်၊ လှေလှော်နဲ့တိုက်ကွမ်ဒိုအဖွဲ့တို့ဖြစ်ပါတယ်။
ဘိလိယက်အဖွဲ့ဟာရွှေ ၂ခုမှန်းခဲ့ပြီး လက်တွေ့မှာ ငွေနဲ့ကြေးသာရခဲ့ပါတယ်။ အထူးမှန်းထားတဲ့ နှစ်ယောက်တွဲ ပွဲစဉ်မှာ ထိုင်းအသင်းကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်သာရရှိကာ တဦးချင်း ပြိုင်ပွဲမှာလည်း ဆီမီးအထိသာရောက်ခဲ့လို့ ကြေးတံဆိပ်သာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲ ၂ ကြိမ်ဆက် ရွှေတံဆိပ်ရခဲ့တဲ့ တိုက်ကွမ်ဒိုအဖွဲ့ အနေနဲ့လည်း အခုတကြိမ်မှာတော့ ရွှေဆုနဲ့ လွဲခဲ့တာတွေ့ရပြီး အနာဂတ်ပြိုင်ပွဲတွေ အတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဆီးဂိမ်းပြိုင်ပွဲ အကြိမ်တိုင်းရွှေတံဆိပ်မလွဲခဲ့တဲ့ မြန်မာသေနတ်ပစ်အဖွဲ့ကလည်း ဒီတကြိမ်မှာ ကြေးဆုသာရရှိခဲ့ပါတယ်။ မြန်မာ သေနတ်ပစ်အဖွဲ့အနေနဲ့ လေ့ကျင်ရေးကာလမှာ လေ့ကျင့်ပစ်ခတ်စရာ ကျည်အလုံအလောက်မရှိခဲ့လို့ အခက်အခဲရှိခဲ့ကြောင်းလည်း တစ်ဆင့်ပြန်လည်ကြားသိရပါတယ်။
မြန်မာအားကစားအဖွဲ့အနေနဲ့ဆုတံဆိပ်ရရှိမှု ရပ်တည်မှုဇယားမှာလည်း လာအိုနဲ့ကမ္ဘောဒီးယားတို့နောက် အဆင့် ၉ နေရာမှာရောက်ရှိနေပါတယ်။ လာအိုနဲ့ ဘရူနိုင်းတို့ဟာ အစဉ်အလာအရ ဆုတံဆိပ်ရရှိမှုမှာ မြန်မာနောက်မှာပဲ ရှိခဲ့ရာကနေ ကျော်ဖြတ်ခြင်း ခံရတာလည်းဖြစ်ပါတယ်။
မြန်မာအားကစားအဖွဲ့အနေနဲ့လက်ကျန်ပြိုင်ပွဲတွေ အနက် ပိုက်ကျော်ခြင်း၊ ရိုးရာလှေလှော်၊ အလေးမနဲ့ရွက်လှေပြိုင်ပွဲတွေမှာသာ ရွှေမျှော်မှန်းနိုင်ပြီး ကျန်အားကစားနည်းတွေမှာတော့ ရွှေတံဆိပ်ရရှိဖို့ အလွန်ခက်ခဲပါတယ်။
၁၉၉၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ် ၃ ခုသာရရှိပြီး ပြိုင်ပွဲသက်တမ်းတလျှောက် အဆိုးရွားဆုံးရလဒ်ဖြစ်ခဲ့သလိုမျိုး ဒီတကြိမ်မှာ ထပ်မံကြုံတွေ့ရဦးမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။