ရွှေတံဆိပ်တခုသာ ဆွတ်ခူး​နိုင်​သေး​သည့်​ မြန်မာအား​ကစား​အဖွဲ့

အင်ဒိုနီး​ရှား​နိုင်ငံမှာ ကျင်း​ပ​နေတဲ့​ ၂၆ ကြိမ်​မြောက် ဆီး​ဂိမ်း​ပြိုင်ပွဲကို မြန်မာအား​ကစား​အဖွဲ့​ဟာ အား​ကစား​နည်း​ ၃၀ မျိုး​မှာ အား​ကစား​သမား​ ၄၇၀ ​ကျော် ပါဝင်ယှဉ်ပြိုင်​နေပြီး​ နိုဝင်ဘာလ ၁၆ ရက်​နေ့​ည​နေပိုင်း​အထိ ​ရွှေတံဆိပ်ဆု တခုသာ ဆွတ်ခူး​နိုင်​သေး​ပြီး​ ပွဲစဉ်အများ​စုမှာ ​ငွေနဲ့​ကြေး​တံဆိပ်ဆု​တွေကို ရရှိခဲ့​ပါတယ်။ ၂၀၁၁ ခုနှစ် ဆီး​ဂိမ်း​ပြိုင်ပွဲမှာ ​ရွှေတံဆိပ်စုစု​ပေါင်း​ ၅၄၅ခု ချီး​မြှင့်​မှာဖြစ်ပြီး​ လက်ရှိအချိန်မှာ ​ရွှေတံဆိပ် ၂၅၀ ​ကျော်ချီး​မြှင့်​ပြီး​ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဆီး​ဂိမ်း​မှာချီး​မြှင့်​မယ့်​ ​ရွှေတံဆိပ်အ​ရေအတွက် တဝက်နီး​ပါး​ ချီး​မြှင့်​ပြီး​ချိန် ပြိုင်ပွဲတဝက်နီး​ပါး​ ပြီး​ဆုံး​ချိန်အထိ မြန်မာအား​ကစား​အဖွဲ့​ အ​နေနဲ့​ ​ရွှေတံဆိပ်ရယူရှိမှု အလွန်နည်း​ပါး​နေတာပါ။ ဆီး​ဂိမ်း​ပြိုင်ပွဲသမိုင်း​မှာ မြန်မာအား​ကစား​အဖွဲ့​အ​နေနဲ့​ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှူမှာ နှစ်ကြိမ်တိုင် အဆင့်​ ၁ ဖြစ်ခဲ့​ဖူး​ပြီး​ အဆိုး​ရွား​ဆုံး​ရလဒ်ဖြစ်တဲ့​ ၁၉၉၉ ခုနှစ် ဘရူနိုင်း​ဆီး​ဂိမ်း​ ပြိုင်ပွဲတုန်း​က​တောင် ​ရွှေတံဆိပ် ၃ ခုရယူနိုင်ခဲ့​ပါတယ်။ ပြီး​ခဲ့​တဲ့​ ဆီး​ဂိမ်း​ပြိုင်ပွဲ ၃ ကြိမ်မှာလည်း​ မြန်မာအား​ကစား​အဖွဲ့​အ​နေနဲ့​၂၀၀၉ ဆီး​ဂိမ်း​ပြိုင်ပွဲမှာ ​ရွှေတံဆိပ် ၁၂ ခု၊​ ၂၀၀၇ မှာ ​ရွှေတံဆိပ် ၁၄ ခု၊​ ၂၀၀၅ မှာ ​ရွှေတံဆိပ် ၁၇ ခုအထိ ရယူနိုင်ခဲ့​ပါတယ်။ ၂၀၁၁ ခုနှစ် အင်ဒိုနီး​ရှား​ဆီး​ဂိမ်း​ပြိုင်ပွဲမှာ မြန်မာအား​ကစား​အဖွဲ့​အတွက် ပထမဆုံး​ရွှေတံဆိပ်ကို အမျိုး​သမီး​အသင်း​လိုက် ကွန်​ပေါင်း​မြား​ပစ်ပြိုင်ပွဲမှာ မြန်မာအမျိုး​သမီး​ မြား​ပစ်အဖွဲ့​က ဆွတ်ခူး​ခဲ့​တာဖြစ်ပါတယ်။ မြန်မာအမျိုး​သမီး​ မြား​ပစ်အဖွဲ့​ဟာ ၂၀၀၉ ခုနှစ်ဆီး​ဂိမ်း​မှာလည်း​ ​ရွှေတံဆိပ်ရရှိခဲ့​တာ​ကြောင့်​ ​အောင်မြင်မှုကို ဆက်လက်ထိန်း​သိမ်း​နိုင်ခဲ့​ပါတယ်။ ၂၀၁၁ ဆီး​ဂိမ်း​ပြိုင်ပွဲမှာ မြန်မာအား​ကစား​အဖွဲ့​တွေ ​အောင်မြင်မှု နည်း​ပါး​နေခြင်း​ အ​ကြောင်း​အရင်း​ကို ​လေ့​လာကြည့်​တဲ့​အခါမှာ​တော့​ ပြိုင်ပွဲအကြိုပြင်ဆင်မှူ အလွန်အား​နည်း​ခြင်း​၊​ ​ခေတ်မီနည်း​စနစ်​တွေ ​နောက်ကျ​နေခြင်း​နဲ့​ပြိုင်ပွဲမတိုင်မီက ​ရွှေတံဆိပ်ရဖို့​ အား​ထား​ခဲ့​သူ​တွေဟာ လက်​တွေ့​ ယှဉ်ပြိုင်ရာမှာ အစွမ်း​မပြနိုင်ဘဲ ​ငွေတံဆိပ်၊​ ​ကြေး​တံဆိပ်​တွေသာ ရရှိခဲ့​ခြင်း​တို့​ဖြစ်ပါတယ်။ ၂၀၁၁ ဆီး​ဂိမ်း​ပြိုင်ပွဲရဲ့​ပြေး​ခုန်ပစ်ပြိုင်ပွဲ​တွေဟာ နိုဝင်ဘာ ၁၆ ရက်​နေ့​က ပြီး​ဆုံး​သွား​ပြီဖြစ်ပါတယ်။ ​ပြေး​ခုန်ပစ်အား​ကစား​နည်း​မှာ ​ရွှေတံဆိပ် ၄၇ ခု ချီး​မြှင့်​ခဲ့​ပြီး​ မြန်မာအား​ကစား​အဖွဲ့​က​တော့​ ​ရွှေတံဆိပ်ရရှိခြင်း​မရှိဘဲ ​ငွေတံဆိပ် ၃ ခုနဲ့​ကြေး​တံဆိပ် ၁ ခုသာ ရရှိခဲ့​ပါတယ်။ တချိန်က ဆီး​ဂိမ်း​ပြိုင်ပွဲရဲ့​ ​ပြေး​ခုန်ပစ်ပွဲစဉ်​တွေမှာ လျှမ်း​လျှမ်း​တောက် ​အောင်မြင်ခဲ့​ပြီး​ များ​သောအား​ဖြင့်​ ​ရွှေတံဆိပ် ၁၀ ခု​ကျော် ဆွတ်ခူး​ပေး​နိုင်ခဲ့​တဲ့​ မြန်မာ​ပြေး​ခုန်ပစ်အဖွဲ့​ရဲ့​ ကျဆုံး​မှုက ဝမ်း​နည်း​စရာပါ။ မြန်မာ​ပြေး​ခုန်ပစ် ဘာ​ကြောင့်​ကျဆုံး​ရသလဲဆိုရင် လူငယ်မျိုး​ဆက်သစ်​တွေ ​မွေး​ထုတ်​ပေး​နိုင်ခြင်း​ မရှိမှူနဲ့​ခေတ်မီ နည်း​စနစ် ​ခေတ်မီ အ​ထောက်အကူပြု ပစ္စည်း​တွေမှာ ​နောက်ကျကျန်​နေခဲ့​လို့​ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ​ပြေး​ခုန်ပစ် အဖွဲ့​ချုပ်အ​နေနဲ့​ အသက် ၁၀ နှစ်​အောက်၊​ ၁၅နှစ်​အောက်စတဲ့​ လူငယ်ပြိုင်ပွဲ​တွေကို လွန်ခဲ့​တဲ့​ ၁၀ နှစ်အတွင်း​ ကျင်း​ပမှု အလွန်အား​နည်း​ခဲ့​ပါတယ်။ မြန်မာ့​လက်​ရွေး​စင်​တွေ အ​နေနဲ့​လည်း​ ​ကျောက်မီး​သွေး​နဲ့​ သဲကြမ်း​ရောခင်း​ထား​တဲ့​အောင်ဆန်း​ကွင်း​ပြေး​လမ်း​ပေါ်မှာသာ ​လေ့​ကျင့်​ရတာများ​ပြီး​ ​ခေတ်မီ စံချိန်မှတ် အီလက်ထရွန်း​နစ် ကိရိယာ​တွေ ထား​ရှိနိုင်ခြင်း​လည်း​မရှိလို့​ လူ​ရွေး​ပွဲတုန်း​က ရရှိတဲ့​ စံချိန်နဲ့​ ပြိုင်ပွဲမှာ လက်​တွေ့​ ယှဉ်ပြိုင်ချိန်မှာ ​ပေါ်ထွက်လာတဲ့​ စံချိန်​တွေ ကွာဟ​နေတာ ​တွေ့​ရပါတယ်။ ၂၀၁၁ ခုနှစ် ဆီး​ဂိမ်း​ပြေး​ခုန်ပစ်ပြိုင်ပွဲရဲ့​ အမျိုး​သား​ မာရသွန်ပြိုင်ပွဲဝင်ခဲ့​တဲ့​ မြန်မာအ​ပြေး​သမား​ ၂ ​ယောက်ရဲ့​ ရလဒ်နဲ့​စံချိန်ကို တင်ပြလိုပါတယ်။ ဒီပွဲစဉ်မှာ ပြိုင်ပွဲဝင် ၁၀ ဦး​သာရှိပြီး​ မြန်မာ အ​ပြေး​သမား​၂ဦး​ဟာ အဆင့်​ ဂနဲ့​၉ သာရခဲ့​ပါတယ်။ စံချိန်​တွေကလည်း​ အလွန်ညံ့​နေကာ အမျိုး​သမီး​မာရသွန်​ပြေး​ပွဲမှာ ယှဉ်ပြိုင်ခဲ့​မယ်ဆိုရင်​တောင် စံချိန်​တွေအရ ထိပ်ဆုံး​ ၄ ​နေရာအတွင်း​ ဝင်နိုင်မှာ မဟုတ်ပါဘူး​။ ၂၀၁၁ ခုနှစ် ဆီး​ဂိမ်း​ပြိုင်ပွဲမှာ မြန်မာ​ပြေး​ခုန်ပစ် အဖွဲ့​ရခဲ့​တဲ့​ ဆုတံဆိပ်အား​လုံး​ကို အမျိုး​သမီး​တွေကသာ ဆွတ်ခူး​ပေး​ခဲ့​တာဖြစ်လို့​ တချိန်က အာရှအဆင့်​အထိ ထိုး​ဖောက်​အောင်မြင်ခဲ့​တဲ့​ မြန်မာ အ​ပြေး​သမား​ကြီး​တွေအတွက် လက်ရှိမြန်မာ အ​ပြေး​သမား​ညီငယ်များ​ အရှက်ရသင့်​ပါတယ်။ ၂၀၁၁ ခုနှစ် ဆီး​ဂိမ်း​ပြိုင်ပွဲဝင် မြန်မာအား​ကစား​အဖွဲ့​တွေအနက် မှန်း​ချက်နဲ့​နှမ်း​ထွက်မကိုက်သူ​တွေဟာ ​ပြေး​ခုန်ပစ်အဖွဲ့​အပြင် ဘိလိယက်၊​ ​သေနတ်ပစ်၊​ ​လှေ​လှော်နဲ့​တိုက်ကွမ်ဒိုအဖွဲ့​တို့​ဖြစ်ပါတယ်။ ဘိလိယက်အဖွဲ့​ဟာ​ရွှေ ၂ခုမှန်း​ခဲ့​ပြီး​ လက်​တွေ့​မှာ ​ငွေနဲ့​ကြေး​သာရခဲ့​ပါတယ်။ အထူး​မှန်း​ထား​တဲ့​ နှစ်​ယောက်တွဲ ပွဲစဉ်မှာ ထိုင်း​အသင်း​ကို အပြတ်အသတ် ရှုံး​နိမ့်​ခဲ့​ပြီး​ ​ငွေတံဆိပ်သာရရှိကာ တဦး​ချင်း​ ပြိုင်ပွဲမှာလည်း​ ဆီမီး​အထိသာ​ရောက်ခဲ့​လို့​ ​ကြေး​တံဆိပ်သာရခဲ့​ပါတယ်။ ပြီး​ခဲ့​တဲ့​ ဆီး​ဂိမ်း​ပြိုင်ပွဲ ၂ ကြိမ်ဆက် ​ရွှေတံဆိပ်ရခဲ့​တဲ့​ တိုက်ကွမ်ဒိုအဖွဲ့​ အ​နေနဲ့​လည်း​ အခုတကြိမ်မှာ​တော့​ ​ရွှေဆုနဲ့​ လွဲခဲ့​တာ​တွေ့​ရပြီး​ အနာဂတ်ပြိုင်ပွဲ​တွေ အတွက် အရှိန်အဟုန်မြင့်​ ​ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဆီး​ဂိမ်း​ပြိုင်ပွဲ အကြိမ်တိုင်း​ရွှေတံဆိပ်မလွဲခဲ့​တဲ့​ မြန်မာ​သေနတ်ပစ်အဖွဲ့​ကလည်း​ ဒီတကြိမ်မှာ ​ကြေး​ဆုသာရရှိခဲ့​ပါတယ်။ မြန်မာ ​သေနတ်ပစ်အဖွဲ့​အ​နေနဲ့​ ​လေ့​ကျင်​ရေး​ကာလမှာ ​လေ့​ကျင့်​ပစ်ခတ်စရာ ကျည်အလုံအ​လောက်မရှိခဲ့​လို့​ အခက်အခဲရှိခဲ့​ကြောင်း​လည်း​ တစ်ဆင့်​ပြန်လည်ကြား​သိရပါတယ်။ မြန်မာအား​ကစား​အဖွဲ့​အ​နေနဲ့​ဆုတံဆိပ်ရရှိမှု ရပ်တည်မှုဇယား​မှာလည်း​ လာအိုနဲ့​က​မ္ဘောဒီး​ယား​တို့​နောက် အဆင့်​ ၉ ​နေရာမှာ​ရောက်ရှိ​နေပါတယ်။ လာအိုနဲ့​ ဘရူနိုင်း​တို့​ဟာ အစဉ်အလာအရ ဆုတံဆိပ်ရရှိမှုမှာ မြန်မာ​နောက်မှာပဲ ရှိခဲ့​ရာက​နေ ​ကျော်ဖြတ်ခြင်း​ ခံရတာလည်း​ဖြစ်ပါတယ်။ မြန်မာအား​ကစား​အဖွဲ့​အ​နေနဲ့​လက်ကျန်ပြိုင်ပွဲ​တွေ အနက် ပိုက်​ကျော်ခြင်း​၊​ ရိုး​ရာ​လှေ​လှော်၊​ အ​လေး​မနဲ့​ရွက်​လှေပြိုင်ပွဲ​တွေမှာသာ ​ရွှေ​မျှော်မှန်း​နိုင်ပြီး​ ကျန်အား​ကစား​နည်း​တွေမှာ​တော့​ ​ရွှေတံဆိပ်ရရှိဖို့​ အလွန်ခက်ခဲပါတယ်။ ၁၉၉၉ ခုနှစ် ဆီး​ဂိမ်း​ပြိုင်ပွဲမှာ ​ရွှေတံဆိပ် ၃ ခုသာရရှိပြီး​ ပြိုင်ပွဲသက်တမ်း​တ​လျှောက် အဆိုး​ရွား​ဆုံး​ရလဒ်ဖြစ်ခဲ့​သလိုမျိုး​ ဒီတကြိမ်မှာ ထပ်မံကြုံ​တွေ့​ရဦး​မလား​ ဆိုတာက​တော့​ ​စောင့်​ကြည့်​ရဦး​မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up