Home
မြန်မာသတင်း
မုံးကိုးမြို့အား ထိန်းချုပ်နိုင်ပြီဟု တပ်မတော်ကြေညာ
နော်နိုရင်း
·
December 5, 2016
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့ထဲကို တပ်မတော်စစ်ကြောင်းတွေက ၀င်ရောက်ပြီး အသေးစိတ်ရှင်းလင်းကာ မြို့ကို ထိန်းချုပ်နိုင်လိုက်ပြီဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ မုံးကိုးမြို့အနီး တပ်စခန်းတွေကို ကေအိုင်အေ၊ တီအန်အယ်လ်အေ၊ အမ်အန်ဒီအေအေနဲ့ အေအေ ပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၁ ရက်မှာ တကြိမ်၊ ဒီဇင်ဘာ ၃ ရက်မှာ တကြိမ် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲလာလို့ တပ်မတော်က လေကြောင်းနဲ့ အမြောက်ပစ်ကူတွေသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် တိုက်ပွဲနယ်မြေထဲကို သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေနဲ့ စစ်ကူ တပ်မတော်စစ်ကြောင်းတွေကို ပို့ဆောင်ခဲ့ရကြောင်း၊ စစ်ကူတပ်မတော်စစ်ကြောင်းတွေ အနေနဲ့  မုံးကိုးမြို့တောင်ဘက်နဲ့ အနောက်ဘက်တို့မှ စစ်ကြောင်းတွေခွဲ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက် ညနေ ၃ နာရီကျော်လောက်မှာ မုံးကိုးမြို့ထဲသို့ ရောက်ရှိ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီိတိုက်ပွဲနဲ့ပတ်သက်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့ ပြောခွင့်ရသူ မိုင်အိုက်ကျော်ကတော့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ မုံးကိုးမြို့ကို သိမ်းပိုက်ထားလိုက်ပြီဖြစ်ပေမယ့် အစိုးရတပ်က နေ့စဉ်နဲ့အမျှ လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ပြည်သူတွေကို ထိခိုက်မှာကို စိုးရိမ်တာကြောင့် မုံးကိုးကနေ မနေ့က ပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “မုံးကိုးဘက်က မနေ့ တပ်မတော်ဘက်က လိုက်ပြီးတော့မှ အပြင်းအထန်တိုက်ခိုက်တယ်။ တိုက်ခိုက်တဲ့အတွက် ကျနော်တို့က နေရာရွှေ့ပေးလိုက်တယ်။ မရွှေ့ပေးရင် မဖြစ်နိုင်တဲ့ အနေအထားရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီလူထုကို ပိုပြီးတော့ ငဲ့ညှာရမယ်။ သူ့ကို မရမချင်း တိုက်မယ့်သဘောရှိတယ်။ နေ့စဉ်နေ့တိုင်း ဂျက်လေယာဉ်နဲ့ ဗုံးလာကျဲတယ်။ လူထု အဆောက်အဦတွေ အများအပြား ထိခိုက်တယ်။ အဲဒါကြောင့် လူထုကို ကျနော်တို့ ငဲ့ညှာတဲ့အတွက် နေရာရွှေ့ပေးလိုက်တယ်။” မြန်မာ့တပ်မတော်အနေနဲ့ မုံးကိုးပတ်ဝန်းကျင်အနီးက ရွာသူရွာသား ၈၀ ကျော်ကို မုံးကိုးဗျူဟာကုန်းမှာ ဓားစာခံအဖြစ် ဖမ်းထားရုံသာမက လူသားဒိုင်းကာအဖြစ် အသုံးပြခဲ့တဲ့အကြောင်း လေကြောင်းကနေ မုံးကိုးမြို့ရှိ စာသင်ကျောင်းတွေ၊ အရပ်သားပစ်မှတ်တွေနဲ့ ဘုရားကျောင်းတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။ မဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ ဗျူဟာကုန်းမှာ ဖမ်းဆီးထားရတဲ့ ဓားစာခံတွေထဲက ၃၄ ဦးကို  ဒီဇင်ဘာ ၁ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့ပြီး ၄၃ ဦးကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာ့တပ်မတော်ကတော့ မုံးကိုးတိုက်ပွဲမှာ တပ်မတော်စစ်ကြောင်းမှူးတဦး အပါအ၀င် အရာရှိ၊ စစ်သည်တချို့ သေဆုံးဒဏ်ရာရရှိခဲ့ပြီး အာပီဂျီ နှစ်လက်၊ ပခုံးထမ်းလောင်ချာတလက်၊ စနိုက်ပါသေနတ်တလက်၊ အမ် ၂၂ သေနတ်တလက်နဲ့ ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024