Home
ဆောင်းပါး
သမ္မတရဲ့ လူချမ်းသာအဖွဲ့ ဆိုပါလား
DVB
·
December 5, 2016
အမေရိကန် နိုင်ငံရေး လေ့လာသုံးသပ်သူတွေရဲ့ အဆိုအရ ၂၀၀၁ ခုနှစ်က အမေရိကန်သမ္မတ ဂျော့ခ်ျဒဗ်လျူဘုရှ် လက်ထက်မှာ သူဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့ဝင်တွေဟာ သန်းကြွယ်သူဌေးကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဝန်ကြီးအဖွဲ့ ဖြစ်တယ်လို့ နာမည်တပ် ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီအစိုးရအဖွဲ့ဟာ ခု ထရမ့်ဖွဲ့မယ့် အစိုးရအဖွဲ့ရဲ့ ချမ်းသာမှုနဲ့ ယှဉ်ရင်တော့ မပြောပလောက်တော့ဘူးလို့ အစိုးရအဖွဲ့ကို စောင့်ကြည့်ဝေဖန်သူတွေက ဆိုပါတယ်။ သူတို့တွေဟာ အမေရိကန်လူမျိုး အများစု ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ကင်းကွာတဲ့သူတွေ၊ နားမလည်တဲ့သူတွေလို့ ပြောဆိုခဲ့ကြပါတယ်။ ခြုံပြောရင်တော့ အဲဒီအုပ်စုရဲ့ ငွေကြေးထုထည် ကွန်ရက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၂၅၀ လောက်ပဲ ရှိခဲ့ပြီး အခု အမေရိကန် သမ္မတသစ် ဖြစ်လာမယ့် မစ္စတာဒေါ်နယ်လ်ထရမ့်က ရွေးချယ်လိုက်တဲ့ ကုန်သွယ်ရေးဝန်ကြီး တယောက်တည်းရဲ့ ကြွယ်ဝမှုနဲ့ ချမ်းသာတာနဲ့ဆိုရင် ဆယ်ပုံတပုံလောက်ပဲ ရှိမယ်လို့ ပြောနေကြပါတယ်။ ပြောချင်တာကတော့ ဒေါ်နယ်လ်ထရမ့်ဟာ ခေတ်သစ် အမေရိကန်သမိုင်းမှာ အချမ်းသာဆုံး အုပ်ချုပ်ရေးအဖွဲ့ကြီးတခုကို ဖွဲ့စည်းနေတယ်လို့ ပြောတာပါပဲ။ သူက ထိပ်တန်းရာထူးတွေအတွက် ရွေးချယ်မယ်လို့ အမည်ပေါက်တဲ့သူတွေထဲမှာ ဖုတ်ဘ်စ်(Forbes) က သန်းကြွယ်သူဌေးတွေ၊ စာရင်းသွင်းထားတဲ့သူတွေ ပါဝင်နေတယ်လို့ ဆိုကြပါတယ်။ ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေအရတော့ တခြား အစိုးရအဖွဲ့ဝင် ရာထူးနေရာတွေအတွက်လည်း ထရမ့် သာမန် လူချမ်းသာဆိုတဲ့သူတွေထက် ပိုပြီး ချမ်းသာတဲ့သူတွေကို ခန့်အပ်သွားဖို့ရှိတယ်လို့ ကြားရပါတယ်။ သူက ထိပ်တန်းရာထူးတွေမှာ ခန့်အပ်ဖို့ လျာထားသူတွေဟာ မွေးကတည်းက ရွှေဇွန်းကိုက် မွေးလာသူတွေ၊ ထိပ်တန်းအခွင့်ထူးခံတွေပဲ တက်ခဲ့ကြတဲ့ ကျောင်းတွေမှာ တက်ခဲ့ကြသူတွေ ဖြစ်ပြီး ဥစ္စာဓနကို တခြားသူတွေထက် ပိုပြီး စုဆောင်းရရှိထားသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူတို့ဟာ နိုင်ငံရေး ကိုယ်စားလှယ်တွေအတွက် ရန်ပုံငွေ ထောက်ပံ့ရေးမှာ အများကြီး အတွေ့အကြုံရင့်ကျက်တဲ့ သူကြွယ်အုပ်စု ဖြစ်တယ်လို့လည်း ထောက်ပြ ဝေဖန်နေကြပါတယ်။ တကယ်တော့ အဲဒီသူကြွယ်အုပ်စုရဲ့ စုခြုံဥစ္စာဓနတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ ထရမ့်ရဲ့ လူထုအကျိုးပြု ရွေးကောက်ပွဲ ကတိကဝတ်တွေနဲ့ ဆန့်ကျင်ဖီလာ ဖြစ်နေတယ်လို့ ပြောရမယ် ထင်ပါတယ်။ အထူးသဖြင့် သူတို့တွေရဲ့ ဝေါလမ်းမ (Wall Street) နဲ့ စီးပွားရေးအရ ဆက်နွယ်မှုတွေဟာ ဒီမိုကရက်တွေရဲ့ ပြစ်တင်ဝေဖန်မှုကို ခံနေရပါတယ်။ ဗာဂျီးနီးယားတက္ကသိုလ် မီးလားစင်တာ သမ္မတ လေ့လာရေးဌာနက လက်ထောက်ပါမောက္ခ နစ်ကိုးလ်ဟင်းမားကတော့ ထရမ့်က နိုင်ငံရေးနဲ့မဆိုင်တဲ့ ပြင်ပကသူတွေနဲ့ ထူးခြားတဲ့ နည်းလမ်းနဲ့ စီးပွားရေးလမ်းကြောင်းတခုလုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး သမ္မတ ဘားရတ်အိုဘားမား လုပ်ခဲ့တဲ့ အမေရိကန်လူလတ်တန်းစားနဲ့ ဆင်းရဲသားတွေအတွက် မူဝါဒတွေနဲ့တော့ မတူကွဲပြား ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ “သူတို့က အိုဘားမား လုပ်ခဲ့တာမျိုးကိုတော့ ဘယ်လိုမှ လုပ်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ဘဝအတွေ့အကြုံအရပေါ့လေ။ ကျမထင်တယ်။ အဲဒါဟာ စမ်းသပ်မှုတခု ဖြစ်လိမ့်မယ်။ မျှဝေခံစားတယ်ဆိုတာက တကယ့်ကိစ္စလား။ လူတွေ ပြောနေကြတာတွေကို သံယောင်လိုက်တတ်ရုံနဲ့ လုံလောက်ပါ့မလား” လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ အဲဒီ စီးပွားရေးသမားအုပ်စုဟာ နိုင်ငံရေးပေါ်မှာ သြဇာလွှမ်းမိုးမှုရဖို့က ကာလရှည်ကြာ ငွေကြေးအများကြီး သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒေါ်နယ်လ်ထရမ့်က ကုန်သွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ထားတဲ့ ရော့စ်နဲ့ ပညာရေးဝန်ကြီးအဖြစ် ရွေးထားတဲ့ ဘက်စီ ဒဲ ဗတ်စ် တို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံရေးအတွက် ကူညီထည့်ဝင်မှု ဒေါ်လာ သိန်းအတော်များများ လုပ်ခဲ့တာကို အိုးပင်း စီးကရက် (Open Secrets.org) မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒဲဗတ်စ်ဟာ မစ်ချီဂန်က ဘီလျံနာသူဌေးတယောက်ဖြစ်ပြီး အမ်ဝေး (Amway) ကို ပူးတွဲတည်ထောာင်ခဲ့တဲ့ သူဌေးကြီး ရစ်ချတ်ဒ် ဒဲဗတ်စ်ရဲ့ချွေးမလည်း ဖြစ်ပါတယ်။ ထရမ့်က သယ်ယူပို့ဆောင်ရေးဝန်ကြီးအဖြစ် ရွေးထားတဲ့ အာရှနွယ်ဖွား အယ်လိန်းချောင်း ဆိုတာကလည်း သင်္ဘောလုပ်ငန်းရှင်ကြီး တယောက်ရဲ့ သမီးပါ။ အဲဒီလို အခွင့်ထူးခံ နောက်ခံအခြေအနေရှိခဲ့တဲ့ သန်းကြွယ်သူဌေးအုပ်စုက ပြည်သူလူထုရေးရာ တာဝန်ရှိသူတွေ နေရာကို ယူလာရင် အခြေခံပြည်သူလူထု အကျိုးစီးပွားထက် လူချမ်းသာတွေ အကျိုးစီးပွားဖြစ်မယ့် မူဝါဒတွေကိုပဲ ပိုပြီး အခွင့်အရေးပေး လုပ်ဆောင်လာကြမလား ဆိုတာကိုလည်း မေးစရာ ရှိလာပါတယ်။ ဒျုတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် နစ်ကိုလတ်စ်ခန်းစ်ကတော့ “သုတေသနတွေအရတော့ ပြည်သူလူထုရေးရာ ကိစ္စတွေအတွက် တာဝန်ယူ ဆောင်ရွက်ရမယ့် သူတွေကို သန်းကြွယ်သူဌေးတွေကိုပဲ ခန့်ထားမယ်ဆိုရင်တော့ ပြည်သူလူထုတွေရဲ့ စရိတ်စကနဲ့ သန်းကြွယ်သူဌေးတွေအတွက် အကျိုးရှိမယ့် မူဝါဒတွေ ထွက်လာမှာကိုပဲ မျှော်လင့်လို့ရမှာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ သုတေသန အတွေ့အကြုံအရ ပြောတဲ့စကားဟာ သာမန်အခြေခံ အမေရိကန် ပြည်သူလူထုတွေအတွက်ကတော့ စိုးရိမ်စရာအချက်တခု ဖြစ်လာနေပါပြီ။ သမ္မတသစ် ဖြစ်လာမယ့် ဒေါ်နယ်လ်ထရမ့်က သူ နားလည်ထားတဲ့ ပုဂ္ဂလိက အကျိုးစီးပွား ရှာဖွေနည်းတွေကို တတိုင်းပြည်လုံးက အမေရိကန် ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်တဲ့ စီးပွားရေး မူဝါဒတွေကို ဖော်ဆောင်နိုင်ပါ့မလား။ သာမန် အောက်ခြေလူတန်းစားနဲ့ ဓနရှင် အရှင်းရှင်ကြီးတွေရဲ့ အကျိုးစီးပွား တပြိုင်နက်တည်း အကျိုးဖြစ်ထွန်းဖို့ ဆိုတာကရော ဖြစ်နိုင်ပါ့မလား။ လူတန်းစား အကျိုးစီးပွားအရ ပဋိပက္ခ ဖြစ်လာနိုင်စရာ အခြေအနေတွေနဲ့ရော တွေ့ကြုံလာစရာ မရှိနိုင်ဘူးလား ဆိုတာတွေကတော့ အများကြီး စဉ်းစားစရာ ရှိပါတယ်။ စကားစပ်အရ သန်းချီချမ်းသာတဲ့ သူတွေကရော မရှိဆင်းရဲသားတွေရဲ့ အကျိုးစီးပွားကို ကြည့်ပြီး သူတို့ရဲ့ ဥစ္စာဓနတွေကို အပွန်းအပဲ့ခံ မျှဝေပေးမယ်လို့ရော မျှော်လင့်လို့ ရပါ့မလား။ အဲဒီလို မျှဝေပေးတာနဲ့အတူ နှောင်ကြိုးတွေရော ချည်မလာနိုင်ဘူးလား။ ဒါတွေ ဒီလိုလုပ်ပေးမယ်၊ ခင်ဗျားတို့က ဒီလိုတော့ ပြန်လုပ်ပေးပါဆိုတဲ့ မူဝါဒမျိုးတွေရော ဖြစ်မလာနိုင်ဘူးလား။ အာဏာကို ကိုင်စွဲထားတဲ့သူတွေက အတင်းအကျပ်ပြု ပြဋ္ဌာန်းလာတာမျိုးရော ကြုံလာရနိုင်မလား ဆိုတာတွေကိုလည်း စဉ်းစားစရာရှိလာမယ် ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတသစ်ဖြစ်လာမယ့် ဘီလျံနာသူဌေးကြီး ဒေါ်နယ်လ်ထရမ့်ကတောာ့ သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေအဖြစ်- ဘဏ္ဍာရေးဝန်ကြီးအဖြစ် အောင်မြင်တဲ့ ပုဂ္ဂလိက စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံသူ မနူချင် (Mnuchin) ကုန်သွယ်ရေးဝန်ကြီးအဖြစ် ဒဗ်လျူ-အယ်လ်နဲ့ ကုမ္ပဏီပိုင်ရှင် ဘီလျံနာသူဌေးကြီး ဝီလ်ဘာရော့စ် (Wilbur Ross) သယ်ယူပို့ဆောင်ရေးဝန်ကြီးအဖြစ် သမ္မတဟောင်း ဂျော့ခ်ျ ဒဗ်လျူ ဘုရှ် လက်ထက်က အလုပ်သမားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အာရှနွယ်ဖွား အယ်လ်လိန်းချောင်း (Elaine Chao) ကျန်းမာရေးနဲ့ လူ့ဝန်ဆောင်မှုဝန်ကြီးအဖြစ် အရိုးခွဲစိတ်ဆရာဝန်ကြီးတယောက် ဖြစ်တဲ့ အောက်လွှတ်တော် ဘဏ္ဍာရေးကော်မတီခေါင်းဆောင် တွမ်ပရိုက်စ် (Tom Price) ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ၂၀၁၁ ခုနှစ်ကစပြီး တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ရီပတ်ဘလစ်ကန်ပါတီဝင် နစ်ကီဟာလေ (Nikky Haley) ပညာရေးဝန်ကြီးအဖြစ် မစ်ချီဂန် ရီပတ်ဘလစ်ကန်ပါတီ ဥက္ကဋ္ဌဟောင်း ရီပတ်ဘလစ်ကန်ပါတီ အလှူရှင်နဲ့ ပညာရေးပုဂ္ဂလိကပိုင်ပြုမှု ထောက်ခံအားပေးသူ ဘက်စီဒဲဗတ်စ် အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် အလာဘာမား အထက်လွှတ်တော်အမတ်နဲ့ ဖက်ဒရယ် အစိုးရရှေ့နေဟောင်းလည်းဖြစ်၊ ကျေးလက် စတိုးဆိုင်ပိုင်ရှင်တယောက်လည်း ဖြစ်တဲ့ ဂျက်ဖ်ဆက်ရှင်းစ် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိအဖြစ် သမ္မတ ဘားရက်အိုဘားမားလက်ထက် ကာကွယ်ရေး ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲအဖြစ် ၂၀၁၂ မှာ တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုက်ခယ်လ် ဖလင်း (Michael Flynn) စီအိုင်အေ ညွှန်ကြားရေးမှူးအဖြစ် စီအိုင်အေနဲ့ အမျိုးသားလုံခြုံရေး အေဂျင်စီနဲ့ ဆိုင်ဘာလုံခြုံရေးကို ကြီးကြပ်ကွပ်ကဲခဲ့ရတဲ့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှာ တာဝန်ထမ်းဆောင်ခဲ့သူ တတိယသက်တမ်းရှိ အောက်လွှတ်တော်အမတ် မိုက်ပွန်ပီယို (Mike Pompeo)… တို့ကို ခန့်အပ်မယ်လို့ သမ္မတသစ် ဖြစ်လာတော့မယ့် မစ္စတာဒေါ်နယ်လ်ထရမ့်က လျာထား ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အမေရိကန်ပြည်ထောင်စုက အခြေခံပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို တကယ်တမ်း ဖော်ဆောင်နိုင်ပါ့မလား။ သုံးမကုန်အောင် ချမ်းသာကြွယ်ဝတဲ့အတွက် အပိုအလျှံတွေလောက်ကိုပဲ ပေးကမ်းစွန့်ကြဲ နာမည်ယူပြီး ပြည်သူလူထုတွေဆီက နည်းလမ်းအမျိုးမျိုးသုံးပြီး ကိုယ်ကျိုးစီးပွား ရှာကြဦးမလား ဆိုတာကိုတော့ မကြာမတင်မှာ တွေ့မြင်လာရတော့မှာပဲ ဖြစ်ပါတယ်။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024