Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကြေညာရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့တောင်းဆို
နော်နိုရင်း
·
December 5, 2016
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကြေညာပေးဖို့နဲ့ မြန်မာတပ်မတော်အနေနဲ့ ထိုးစစ်တွေရပ်တန့်ပြီး တိုင်းရင်းသားနယ်မြေတွေကနေ ဆုတ်ခွာဖို့ အစိုးရတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတဲ့ မြောက်ပိုင်း မဟာမိတ်လက်နက် ၄ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုပမ်း ဖော်ဆောင်နေပေမယ့် မြန်မာ့တပ်မတော်က တိုင်းရင်းသားဒေသတွေကို အပြင်း အထန်ထိုးစစ်ဆင် နေပြီး အပြစ်မဲ့ပြည်သူတွေရှိရာ ဦးတည်ကာ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်သလို ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တွေနဲ့ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ရဲ့မနေ့က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်မှုကြောင့် ပူးပေါင်းတပ်တွေအနေနဲ့ မလွဲမရှောင်သာ တိုက်ပွဲ ဆင်နွှဲရတာဖြစ်ပြီး အရပ်သားတွေကို ထိခိုက်နေတဲ့အတွက် ထိုးစစ်ရပ်ပေးဖို့ တောင်းဆိုတာလို့ မဟာမိတ်ဖွဲ့ဝင် တီအန်အယ်လ်အေရဲ့ ပြောခွင့်ရသူ မိုင်အိုက်ကျော်က ပြောပါတယ်။ “ထိုးစစ်ရှိနေသရွေ့ကတော့ ကျနော်တို့လည်း ကိုယ့်ကိုပြန်ပြီးခုခံတာ၊ တိုက်ခိုက်သွားဖို့ နည်းလမ်းပဲရှိတယ်။ ဒီစစ်ပွဲအမြန်ရပ်တန့်ဖို့အတွက်ကတော့ အစိုးရဖက်က တနိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေးကြေညာဖို့တော့ လိုတယ်။ အခုလက်ရှိ ထိုစစ်တွေကို ဆုတ်ခွာဖို့လိုတယ်။ အစိုးရက အဲလိုလုပ်ပြီးလို့ရှိရင် နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းရှာဖို့တော့လို တယ်။” ကချင်၊ ပလောင်၊ ကိုးကန့်နဲ့ ရခိုင်လက်နက်ကိုင် ၄ ဖွဲ့ရဲ့ တောင်းဆိုချက်တွေထဲမှာ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းဖို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ အမြန်စတင်ဖို့နဲ့ နယ်စစ်ဒေသ တည်ငြိမ်းရေးအတွက် တရုတ်နိုင်ငံက အမြန်ဆုံးကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့လည်း ပါဝင်ပါတယ်။ တီအန်အယ်လ်အေရဲ့ ပြောခွင့်ရသူ မိုင်အိုက်ကျော်က “အထူးသဖြင့်ကတော့ ဒီဘက်မှာဖြစ်တဲ့ အခါကျတော့ တရုတ်ပြည်နဲ့ ကုန်သွယ်မှုလည်းကျတယ်။ တရုတ်နယ်စပ်တလျောက်လည်းဖြစ်တယ်။ ဒီစစ်ရေးခံစားနေရတာက တရုတ်ဘက်လည်းထိခိုက်မှုရှိတဲ့အတွက် တရုတ်ဘက်ကလည်းကြားဝင် စေ့စပ်ဖို့တော့ လိုတယ်လို့ ထုတ်ပြန်ရခြင်းဖြစ်တယ်။”လို့ပြောပါတယ်။ ရှမ်းမြောက်ပိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကစလို့ ကေအိုင်အေ၊ တီအန်အယ်လ်အေ၊ အေအေ၊ အမ်အန်ဒီအေအေ တပ်ဖွဲ့ ၄ ခုပူးပေါင်းပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုနဲ့ မြန်မာတပ်မတော်အကြား တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေရပ်တန့်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုအရ အမျိုသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ အစိုးရ ကိုယ်စား လှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီဇင်ဘာလ ၂ ရက်နေ့က တွေဆုံဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် မဟာမိတ်၎ဖွဲ့စလုံးနဲ့ မတွေ့တဲ့အတွက် ဆွေးနွေးပွဲ ပျက်ခဲ့ရတယ်လို့လည်း မိုင်အိုက်ကျောက် ပြောပါတယ်။ “သူတို့က တီအန်အယ်လ်အေ၊ အေအေ၊ အမ်အန်ဒီအေအေနဲ့ပဲတွေ့မယ်။ ကေအိုင်အေနဲ့မတွေ့ဘူးလို့ ပြောတယ်။ ပထမက တဖွဲ့ချင်းစီတွေ့မယ်တဲ့။ အဲဒါကို ကျနော်တို့က လက်မခံဘူး။နောက်ပိုင်း ၃ ဖွဲ့နဲ့ တွေ့မယ်လို့ပြောတယ်။ ကေအိုင်အေမပါဘူးလို့ပြောတယ်။ ကျနော်တို့အဖွဲ့ကတော့ အကုန်လုံးပါမှ တွေ့နိုင်တဲ့ အကြောင်းကိုပြောတယ်။ အဲလိုပြောလိုက်တဲ့အချိန်သူတို့က လက်မခံဘူး။ အဲလို လက်မခံတဲ့အတွက် နှစ်ဖက်တွေ့ဆုံမှု မဖြစ်ခဲ့ဘူး။ ” ဒါပေမယ့် ရှေ့ဆက်ပြီးတွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းလာရင် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပြင်ထား တယ် လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024