ငြိမ်းချမ်းရေးတရားပွဲ ဆက်လုပ်ခွင့် ပိတ်ပင်ခံရ
နေသွင်
·
November 16, 2011
မန္တလေးမြို့က မစိုးရိမ်တိုက်မှာ ငြိမ်းချမ်းရေး တရားပွဲတွေ ဆက်လုပ်ခွင့် ပိတ်ပင်လိုက်ပြီး တရားဟောတဲ့ သံဃာ ၅ပါးလည်း နောက်ထပ် တနေရာမှာ ပြောင်းရွှေ့သီတင်းသုံးနေပါတယ်။
[caption id="attachment_17852" align="alignright" width="300" caption="ကျောင်းပြောင်းရွှေ့နေသည့် ဆန္ဒပြသံဃာများ"][/caption]
ငြိမ်းချမ်းရေးတရားပွဲရဲ့ ဦးဆောင်ကိုယ်တော်တပါးဖြစ်တဲ့ ဦးသောပါက “လောလောဆယ် သူတို့ကျောင်းတိုက်ထဲမှာ လုပ်ရင် စာသင်စာချ သံဃာတော်တွေလည်း ရှိတော့ အဲ့ဒီဆရာတော်တွေကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဒီနေ့တရက်တော့ ခွင့်ပြုတယ်။ ပထမ သုံးရက် ခွင့်ပြုတယ်။ ကျောင်းတိုက်က ဒီမိုကရေစီစနစ်ကျင့်သုံးတော့ အများရဲ့ဆန္ဒကိုခံယူရတာ။ အများဆန္ဒက ရွတ်ကြလို့ရှိရင် စာသင်စာချတွေကို နှောင့်ယှက်လို့ဆိုပြီး သံဃာတဦးက ဒီနေ့တရက်ပဲ ခွင့်ပြုလိုက်တယ်။ ခွင့်ပြုတော့ အစက နာရီပေါင်း ၃ နာရီ၊ ၄ နာရီလုပ်ခွင့်ပေးမလို့။ ဒီနေ့တော့ ၁ နာရီလောက်နဲ့ပဲ ဖြတ်လိုက်ရတယ်။ ဒါပေမယ့် ကောင်းပါတယ်။ ၁ နာရီလည်း ၁ နာရီလောက် အကျိုးရှိတယ်။ သံဃာတွေက အများကြီး တိုက်ပေါင်းစုံက ကြွလာကြတာ။ အားပေးကြတယ်။ နှုတ်ဆက်ကြတယ်။ ဝမ်းသာစရာကြီးပေါ့။ နောက် ဆရာတော်တွေက လက်မှတ်ထိုးပြီးတော့ ဦးဇင်းတို့တောင်းဆိုတဲ့ အချက် သုံးချက်ကို သူတို့ကိုယ်တိုင် ပါဝင်တယ်ပေါ့။ တောင်းဆိုမှုတွေကို သူတို့ကိုယ်တိုင် သဘောတူတဲ့သဘောပေါ့ဗျာ။ တရားဝင် လမ်းကြောင်းကနေသွားမယ်ပေါ့။ ဆရာတော်တွေ ကိုယ်တိုင်ကကို ဒီကိစ္စကို လိုလိုလားလားရှိတယ်ဆိုတဲ့ ပုံစံနဲ့သွားမယ်ပေါ့” လို့ မိန့်ပါတယ်။
မနေ့မနက်ပိုင်းက မန္တလေး မဟာမြတ်မုနိဘုရားကြီး ဝင်းကနေ ငြိမ်းချမ်းရေးတရားပွဲစခဲ့ပြီး မနေ့နေ့ခင်းပိုင်းမှာ တိုင်းသံဃာမဟာနာယက ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်နဲ့ မစိုးရိမ်တိုက်ကို ပြောင်းရွှေ့ပြီး အဲဒီကျောင်းတိုက်မှာ ဒီနေ့ နေ့လယ်ပိုင်းမှာ နောက်ဆုံး တရားပွဲပြုလုပ်ခဲ့တာပါ။
နဂိုက တရားပွဲတွေကို ရက်ဆက်တိုက်ပြုလုပ်သွားဖို့ စီစဉ်ထားပေမယ့် အခု နောက်ဆုံး သီတင်းသုံးနေတဲ့ ရေတော်တိုက် ပိဋက ပါလကျောင်းတိုက်မှာတော့ သံဃာ့နာယကဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်အရ တရားပွဲတွေ ဆက်လုပ်ဖို့ ခွင့်မပြုတော့ဘူးလို့ ကျောင်းထိုင်ဆရာတော်က အခုလို မိန့်ကြားပါတယ်။
“မန္တလေးတိုက်အုပ်က ငါနဲ့လည်း ရင်းနှီးတယ်။ ရင်းနှီးတော့ သူတို့ ဆန္ဒပြတဲ့ ကိုယ်တော်တွေကို မေတ္တာရပ်ခံပြီးတော့ ဒီပစ္စည်းတွေကို ငါ့ကျောင်းလာပို့တာ ဒီကိုယ်တော်တွေကတော့ ငါနဲ့ မသိဘူးပေါ့ကွာ။ ငါတယောက်တည်း ခွင့်ပြုလို့ မဖြစ်ဘူးလေကွာ။ အဲဒီလို နောက်ထပ် ထပ်မလုပ်ပါနဲ့လို့ တိုင်းသံဃာ့နာယက ဥက္ကဋ္ဌဆရာတော်က မေတ္တာရပ်ခံထားတယ်။”
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရရေးတောင်းဆိုတဲ့ သံဃာ ၅ ပါးရဲ့ တရားပွဲကို ဒီနေ့မှာလည်း လူရာနဲ့ချီပြီး လာရောက်ခဲ့တယ်လို့ ပရိသတ်တယောက်က ပြောပါတယ်။
မစိုးရိမ်တိုက်တွင် ငြိမ်းချမ်းရေးတရားပွဲ ပြုလုပ်နေသည့် သံဃာများ