Home
မြန်မာသတင်း
သတ္တုတူးဖော်ရေး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လုပ်မည်ဟု သတ္တုတွင်းဦးစီးဌာနပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
December 4, 2016
သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်၊ လူမှုစီးပွားဘဝတွေ ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်သွားမယ်လို့ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သက်က ဒီဗွီဘီကိုပြောပါတယ်။ မုံရွာမြို့ ဝင်းယူနတီဟိုတယ်မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် PanAust Myanmar Company တို့ ဒီဇင်ဘာ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ ပူးပေါင်းကျင်းပတဲ့ သတ္တုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပနေပါတယ်။ “စစ်ကိုင်းတိုင်းက မြေပေါ်မြေအောက်သယံဇာတများစွာထွက်တဲ့တိုင်းဖြစ်ပြီး ကျောက်စိမ်း၊ ကျောက်မီးသွေး၊ ခရိုမိုက်၊ ကြေးနီ၊ ရွှေစတဲ့သတ္တုတွေကို စနစ်တကျ စီမံခန့်ခွဲတူးဖော်ပြီး ထွက်သမျှကို နိုင်ငံသားအားလုံးအကျိုးရှိအောင် စီမံခန့်ခွဲမှုစနစ်ကောင်းတွေရှိဖို့ရည်ရွယ်ပြီး ဒီပွဲကိုလုပ်ဆောင်ဖြစ် တယ်။ သတ္တုဆိုတာက နေ့စဉ်သုံးပစ္စည်းတွေမှာ လွတ်ကင်းတာမရှိဘူး။ ဒါကြောင့် တူးကိုတူးရမယ်။ သစ်လိုမထုတ်တော့နဲ့ဆိုပြီး လုပ်လို့မရတဲ့လုပ်ငန်းဖြစ်လို့ထုတ်ရမယ်။ ဒါပေမယ့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ သတ္တုလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်၊ လူမှုစီးပွားဘဝတွေ ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်ရမယ်” လို့ ဦးကျော်သက်က ဒီဗွီဘီကိုပြောပါတယ်။ ဒီပွဲကို စစ်ကိုင်းတိုင်းအတွင်းမှာ သတ္တုတူးဖော်နေတဲ့ ကုမ္ပဏီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ပွင့်လင်းမြင်သာမှု တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA) အဖွဲ့ဝင် ဦးကျော်သက်ဝင်းက “သဘာဝပတ်ဝန်းကျင်ကိစ္စတွေနဲ့ပတ်သက်ပြီး အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်သွားဖို့လိုပြီး ပူးပေါင်းဆောင်ရွက်မှ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေပိုရှိလာမယ်” လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေးကလည်း တရားမဝင် သတ္တုတူးဖော်နေတာတွေနဲ့ပတ်သက်ပြီး “ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် အားလုံးက စည်းကမ်းလိုက်နာဖို့လိုပြီး စည်းကမ်းလိုက်နာမှ နိုင်ငံကြီးသား ပီသမှာဖြစ်တယ်။ ခိုးလုပ်တာ၊ အနိုင့်အထက်ပြုတယ်ဆိုတာက ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ခိုးလုပ်တာက မကောင်းတဲ့ စရိုက်လက္ခဏာဖြစ်ပြီး ထိထိရောက်ရောက်အရေးယူဖို့လိုတယ်” လို့ ပြောဆိုသွားပါတယ်။ ဒီသတ္တုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ကရင်ပြည်နယ်မှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အခုမုံရွာမှာ လာလုပ်တာလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024