မြောက်ကိုရီးယားက တောင်ကိုရီးယားကို ချိန်ရွယ်ပြီး စစ်ရေးလေ့ကျင့်မှုရုပ်သံ ထုတ်လွှင့်

2K
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျွန်အန်းက တောင်ကိုရီးယားကို ချိန်ရွယ်ပြီး အမြောက်ပစ် လေ့ကျင့်မှုကို ကြည့်နေပုံ ဓာတ်ပုံတွေကို မြောက်ကိုရီးယား အစိုးရမီဒီယာ KRTက သောကြာနေ့မှာ ထုတ်လွှင့် လိုက်ပါတယ်။
စစ်ရေးလေ့ကျင့်မှုထဲမှာပါတဲ့ တောင်ကိုရီးယား ကျွန်းတွေကို ချိန်ရွယ်ပြီး ရှေ့တန်းတပ်တွေက ပစ်ခတ် လေ့ကျင့် နေတာလို့ KRTက ပြောပါတယ်။
ဒါပေမယ့် စစ်ရေးလေ့ကျင့်တဲ့ နေရာကို ဖော်ပြအစီရင်ခံတာ မလုပ်ခဲ့ပါဘူး။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယားကို ဒဏ်ခတ်မှု အသစ်တရပ် ဆုံးဖြတ်ခဲ့အပြီး နောက်နေ့မှာ မြောက်ကိုရီးယားက ခုလို တုန့်ပြန်လိုက်တာပါ။
စက်တင်ဘာလက မြောက်ကိုရီးယားရဲ့ အကြီးဆုံးနဲ့ ငါးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုအတွက် လုံခြုံရေး ကောင်စီက ခုလို ဒဏ်ခတ်မှု အသစ် ချမှတ်တာပါ။
မြောက်ကို ရီးယားရဲ့ နှစ်စဉ် ပြည်ပတင်ပို့ကုန်ကို လေးပုံတပုံထိ လျှော့ချဖို့ ရည်မှန်း ပြစ်ဒဏ် ချခဲ့တာ ဖြစ်ပါတယ်။
တောင် ကိုရီးယားနဲ့ ဂျပန်တို့ကလည်း မြောက်ကိုရီးယားအပေါ် တဖက်သတ် ဒဏ်ခတ်မှု အသစ်ကို ချမှတ်ကျင့်သုံးမယ်လို့ သောကြာနေ့က ပြောပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျွန်အန်းရဲ့ အနီးကပ်ဆုံး လက်ထောက်တွေ အပါအဝင် အကြီးတန်း အရာရှိတွေကို နာမည်ပျက် စာရင်းသွင်းမယ့် လုပ်ဆောင်ချက်တွေ တိုးမြှင့်သွားမယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။
ဂျပန် အစိုးရကတော့ မြောက်ကိုရီးယား ဆိပ်ကမ်းတွေမှာ ရပ်နားခဲ့တဲ့ သင်္ဘော အားလုံးကို ပိတ်ပင်မယ်လို့ ကြေညာခဲ့ ပါတယ်။