ခင်ပွန်းဟောင်းက နှိပ်စက်ထားသည့် ဒဏ်ရာများနှင့် ဘရာဇီးအလှမယ်ရုပ်သံ ပျံ့နှံ့

ခင်ပွန်းဟောင်းက နှိပ်စက်တဲ့ ထိတ်လန့်စရာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဘရာဇီးအလှမယ် တဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဒါဟာ တောင်အမေရိကနိုင်ငံ ပရိသတ်တွေကြား စိတ်ဆိုးဒေါသထွက်စေခဲ့ပြီး ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ရီနာတာ လပ်စ်တိုဆာ အမည်ရတဲ့ အဲဒီအလှမယ်ဟာ အလှဘုရင်မအဖြစ် ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တွေမှာ ရွေးချယ်ခံခဲ့ရတာပါ။ ခုမျှဝေလိုက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သွေးအလိမ်းလိမ်းနဲ့ သူ့ရဲ့မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်တွေကို ထိတ်လန့်စရာကောင်းလောက်အောင် မြင်တွေ့ရမှာပါ။ ဒီရုပ်သံဗွီဒီိယိုဖိုင်ကို ရီနာတာရဲ့ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်ကနေတဆင့် နိုဝင်ဘာ ၂၄ ရက်နေ့မှာ မျှဝေခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူ့ရဲ့မျက်နှာနဲ့ လည်ပင်းတွေမှာ အနီရောင်အရှိုးရာတွေအပြင် နှာခေါင်းမှာလည်း သွေးတွေယိုစီးနေခဲ့ကာ မျက်ရည်လည်ရွှဲနဲ့ “တချိန်က ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စ တခုကြောင့် ကျမ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ခံခဲ့ရဖူးပါတယ်။ ဘယ်သူပဲမှားသည်၊ မှန်သည်ဖြစ်ဖြစ်ပါ၊ အမျိုးသမီးတယောက်ကို ခုလို အနိုင်ကျင့်ရိုက်နှက်တာဟာ၊ အထူးသဖြင့် အသက် ၂ နှစ်အရွယ် ကလေးတယောက်ရှေ့မှာ လုံးဝလုံးဝ မဖြစ်သင့်ပါဘူး။ ကလေးဟာ အရာအားလုံးကို တွေ့နေခဲ့ရတာပါ” လို့ ပြောလိုက်တာပါ။ “ကျမ ခုလို မကောင်းဆိုးဝါးတယောက်နဲ့ ရှိနေချိန်မှာ ဘာတတ်နိုင်မှာလဲ။ ကျမ ရဲကိုတိုင်မယ်ဆိုရင် သူတို့လာကြမယ်။ သူ့နောက်ကို လိုက်မယ်၊ ဖမ်းမယ်။ လွတ်လာတဲ့ တနေ့ကျတော့ ကျမကို သတ်မှာမလွဲဘဲ။ ကျမ သေချာပေါက်သိနေပါတယ်။” ရီနာတာဟာ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အိမ်တွင်းအကြမ်းဖက်မှုအဖြစ် မှတ်တမ်းယူခဲ့တာဖြစ်သလို သူ့ကိုဆက်သွယ်ပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်ဖို့ နှိုးဆော်လိုက်တာပါပဲ။ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ရဲဌာနဟာ ဒီအမှုအတွက် လက်ခံရရှိတဲ့ ရုပ်သံဗွီဒီယိုဖိုင်ပေါ် အခြေခံ စစ်ဆေးခဲ့ကြတာပါ။ ရီနာတာနဲ့ ခင်ပွန်းဖြစ်သူ လီယိုနာဒို ရာမို့စ် ဟင်းနရစ်ခ်ျတို့ဟာ လက်ရှိမှာ ကင်းကွာနေကြတာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့ ညမှာတော့ သားဖြစ်သူကို အုပ်ထိန်းခွင့်ရရေးအတွက် အချေအတင် စကားများရာကနေ ခုလိုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ရီနာတာအနေနဲ့ ခုလိုစွပ်စွဲခဲ့ပေမယ့် ခင်ပွန်းဟောင်းဖြစ်သူ ဟင်းနရစ်ခ်ျကတော့ ဒါဟာ မှားယွင်းမှုတခုသာဖြစ်တယ်လို့ ငြင်းဆိုပြီး သူ့ရဲ့ရှေ့နေကလည်း မဟုတ်မှန်ကြောင်း သက်သေပြနိုင်တယ်လို့ ပြောနေတာပါ။ ရီနာတာဟာ ကိုယ်ဟန်ပြမော်ဒယ်နဲ့ အလှအပဆိုင်ရာ ကုထုံးပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေတာဖြစ်ပြီး အမှုနဲ့ပတ်သက်တဲ့ အခြေအနေတွေကို လက်ရှိမှာတော့ မသိနိုင်သေးပါဘူး။ တကယ်လို့များ သင်တို့အနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုတခုခုနဲ့ ကြုံလာခဲ့ရရင်တော့ အရေးပေါ် ၂၄ နာရီလုံး ဆက်သွယ်နိုင်တဲ့ Woman’s Aid and Refuge အဖွဲ့ရဲ့ ဖုန်းနံပါတ် ၀၈၀၈ ၂၀၀၀ ၂၄၇ ဒါမှမဟုတ် အင်တာနက်ဝက်ဘ်ဆိုက်လိပ်စာ www.womensaid.org.uk ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up