Home
မြန်မာသတင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ရေး ဆောင်ရွက်နေ
နေဖြိုးဝင်း
·
December 3, 2016
police
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ရေးအတွက် ၀န်ကြီးဌာနအနေနဲ့ရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အနေနဲ့ရော အလေးအနက်ထား ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်က ဦးအေးဗိုလ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ ရပ်ရွာအေးချမ်းသာယာရေးကို အကာအကွယ်ပေးနေတဲ့ ရဲဝန်ထမ်း(လုံခြုံရေး) အရေအတွက်ကို ထပ်မံတိုးမြှင့်ပေးဖို့ အစီအစဉ်ရှိ မရှိနဲ့ ရပ်ရွာလုံခြုံမှုကို ပြည်သူလူထုအတွက် မည်ကဲ့သို့ကောင်းမွန်စွာ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက အခုလို ပြောလိုက်တာပါ။ "ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားဟာ လက်ရှိအခြေအနေမှာ ဖွဲ့စည်းပုံ အင်အားရဲ့ ၄၆ ဒသ မ ၉၉ ရာခိုင်နှုန်းသာရှိတဲ့အတွက် ရဲတပ်ဖွဲ့အင်အားကို တိုးမြှင့်နိုင်ရေး အတွက် ၀န်ကြီးဌာနအနေနဲ့ရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အနေနဲ့ရော အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါတယ်။" ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှာ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနဲ့ မှုခင်းကျဆင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ မှုခင်းဖြစ်ပွားမှုအခြေအနေ၊ မှုခင်းဖြစ်ပွားနိုင်တဲ့နေရာတွေရဲ့ အခြေအနေ၊ မှုခင်းဖြစ်ပွားတတ်တဲ့အချိန်တွေနဲ့ ဖြစ်ပွားတတ်တဲ့အကြောင်းအရာတွေကို အခြေခံပြီး စီမံချက်တွေ ရေးဆွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ "ရဲတပ်ဖွဲ့အင်အားဟာ ရာခိုင်နှုန်းပြည့်မီခြင်းမရှိပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လူဦးရေထူထပ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းပေါများတဲ့အတွက် နေ့စဉ် အခြားဒေသက ၀င်ထွက်သွားလာမှု များပြားတာကြောင့် အခြားတိုင်းဒေသကြီး ပြည်နယ်တွေထက် မှုခင်း ဖြစ်ပွားမှုတွေ ပိုမိုဖြစ်ပွားနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာ နချုပ်အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အင်အားကို ဖွဲ့စည်းပုံအင်အားရဲ့ ၇၉ ဒသမ ၄၅ ရာခိုင်နှုန်းထိ တာဝန်ခွဲဝေ ချထားပေးခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ အင်အားအများဆုံးချထားပေးတဲ့ တိုင်းဒေသ ကြီး တခုလည်း ဖြစ်ပါတယ်။" မှုခင်းကျဆင်းရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ရဲတပ်ဖွဲ့အင်အားတခုတည်းနဲ့ ဆောင်ရွက် ခြင်းထက် နယ်မြေခံပြည်သူတွေရဲ့ အားကိုပါ ပူးပေါင်းရယူဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေ၊ ရပ်မိရပ်ဖတွေ၊ တက်ကြွလူငယ်တွေနဲ့ ပူးပေါင်းပြီး ရပ်ရွာ အခြေပြု ရဲလုပ်ငန်းစဉ်ဖြစ်တဲ့ community policing အလေးအနက်ထား ကျင့်သုံးဆောင်ရွက်နေတယ် လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024