လာမည့်ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းများ မြှင့်တင်ရေးကော်မတီဖွဲ့ပြီး ဆောင်ရွက်နေ
နေဖြိုးဝင်း
·
December 2, 2016
ဒီဇင်ဘာ ၂ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပဲခူးတိုင်းဒေသကြီးက ဦးမင်းဦးရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေတဲ့ ကျေးလက်လမ်း၊ တံတားတွေ ပျက်စီးယိုယွင်းနေတာကို တင်ဒါစည်းကမ်းတွေနဲ့ အညီတာဝန်ယူပြန်လည် ပြင်ဆင်ပေးဖို့ အစီအစဉ်ရှိ မရှိမေးခွန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အခုလို ပြန်လည် ဖြေဆိုတာ ဖြစ်ပါတယ်။
တနိုင်ငံလုံးရှိ ကျေးလက်လမ်းတံတားလုပ်ငန်းတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့တွေက ဖွဲ့စည်းပေးထားတဲ့ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီတွေက လုပ်ငန်းရှင်တွေကို တင်ဒါစနစ်နဲ့ ရွေးချယ်တာဖြစ်တယ်လို့ ပြောပါတယ်။ တင်ဒါစည်းကမ်းချက်တွေမှာ တည်ဆောက်ရေးလုပ်ငန်းတွေ ၂ နှစ်အတွင်း ပျက်စီးရင် သက် ဆိုင်ရာကုမ္ပဏီက ပြန်လည်ပြုပြင် ပေးရမယ်လို့ပါတဲ့အတွက် ပြန်လည်ပြုပြင်ပေးနေတာတွေ့ရတယ်လို့ ဆိုပါ တယ်။
"၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကစပြီး ကျေးလက်လမ်းတွေ ပုံမှန်ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေလျာထား သွားမယ့်အပြင် လမ်းတည်ဆောက်မှုစံနှုန်းတွေကိုလည်း မြှင့်တင်သွားမှာဖြစ်ပါတယ်။ ဒေသ ဆိုင်ရာ လမ်းတံတားဖွံ့ဖြိုးတိုး တက်ရေးဗဟိုကော်မတီကို တင်ပြခွင့်ပြုချက်ရယူပြီး နောင်လာမယ့် နှစ်တွေမှာ ဆောင်ရွက်မယ့် လမ်းသစ်တွေအတွက် အရည်အသွေးစံချိန်စံညွှန်းပြည့်မီဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်" လို့ ဒေါက်တာအောင်သူက ပြော ပါတယ်။
အစိုးရသစ်လက်ထက်မှာ လမ်းတွေရဲ့စံတွေကို မြှင့်တင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ရာ အတွက် လမ်းများမြှင့်တင်ရေးကော်မတီကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာန ၀န်ကြီးတွေပါတဲ့ အဖွဲ့ဖွဲ့ပြီး ဆောက်မယ့်လမ်းတွေရဲ့ စံတွေကို လုပ်နေတယ် လို့လည်း ဆိုပါတယ်။