Home
မေးမြန်းခန်း
ကျနော်တို့ပြပွဲမှာ အများစု ရောင်းချတာက ကျောက်စိမ်း ဖြစ်ပါတယ် - ဦးရဲထွဋ် (ညွန်ကြားရေးမှူး)
DVB
·
December 3, 2016
ကျောက်မျက်ရတနာပြပွဲတွေကို ကျင်းပလာတာ အကြိမ် ၉၀ ရှိပြီး ပြပွဲမှာ အများစု ရောင်းချတာက ကျောက်စိမ်းဖြစ်ပါတယ်လို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။ နေပြည်တော်မှာကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲ အခြေအနေ၊ လာရောက်ဝယ်ယူတဲ့ ကုန်သည်တွေရဲ့အနေအထား၊ ပြပွဲမှာ ရောင်းချရတဲ့အနေအထားတွေနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ကျနော် ပထမဦးဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဒီကျောက်မျက်ရတနာပြပွဲ ကျင်းပခဲ့တဲ့ သမိုင်းလေးပေါ့နော်။ ပြီးတော့ တနှစ်ကို ဘယ်နှကြိမ်ကျင်းပလဲဆိုတာ ရှင်းပြပေးပါလားခင်ဗျ။ ဖြေ - ကျောက်မျက်ရတနာပြပွဲတွေကို ၁၉၆၄ ခုနှစ်ကစပြီးတော့ ကျင်းပခဲ့ပါတယ်။ အခုကျင်းပတဲ့ အကြိမ်အထိဆိုရင်တော့ စုစုပေါင်း အကြိမ် ၉၀ ရှိပါပြီ။ အများအားဖြင့် ကျောက်မျက်ရတနာပြပွဲကို တနှစ်ကို ၃ ကြိမ် ကျင်းပခဲ့ပါတယ်။ မတ်လမှာ ကျင်းပတဲ့ပွဲတွေကို အကြိမ်မြောက်တွေနဲ့ ကျနော်တို့ ပြုလုပ်လေ့ရှိပါတယ်။ ဇွန်၊ ဇူလိုင်မှာ လုပ်တဲ့ပွဲတွေကိုတော့ အထူးရောင်းချပွဲအနေနဲ့ ကျင်းပပါတယ်။ အောက်တိုဘာ၊ နိုဝင်ဘာမှာ ကျင်းပတဲ့ပွဲတွေကိုတော့ နှစ်လယ်ကျောက်မျက်ရတနာပြပွဲအနေနဲ့ နှစ်စဉ် ကျင်းပခဲ့ပါတယ်ခင်ဗျ။ မေး - ဒါက နှစ်လယ်ပြပွဲပေါ့နော်။ အခုနှစ်လယ်ပြပွဲကို လာရောက်ကြည့်ရှုမယ့် ဧည့်သည်တွေက အများအားဖြင့် ဘယ်နိုင်ငံကလဲ။ စုစုပေါင်း ဧည့်သည်အရေအတွက် ဘယ်လောက်ရှိတယ်လို့ ခန့်မှန်းထားလဲခင်ဗျ။ ဖြေ - ကျနော်တို့ပြပွဲမှာ အများစု ရောင်းချတာက ကျောက်စိမ်း ဖြစ်ပါတယ်။ ကျောက်စိမ်းကို ကြိုက်နှစ်သက်တဲ့ တရုတ်နိုင်ငံက အများစုဖြစ်ပါတယ်။ ပြီးရင် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့က ကုန်သည်များ လာရောက်ကြပါတယ်။ လာရောက်တဲ့ ကုန်သည်များအနေနဲ့ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၁၇၅၄ ဦး၊ စင်ကာပူနိုင်ငံက ၂ ဦး၊ ထိုင်းနိုင်ငံက ၂၃ ဦးနဲ့ အမေရိကန်နိုင်ငံက ၂ ဦး၊ စုစုပေါင်း ပြည်ပရတနာကုန်သည် ၁၇၈၁ ဦးနဲ့ ပြည်တွင်းရတနာကုန်သည် ၁၅၅၇ ဦးတို့ တက်ရောက်ကြပါတယ်။ မေး - ဟုတ်ကဲ့။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်မှာ လုပ်သွားတဲ့ ကျောက်မျက်ရတနာပြပွဲမှာ လာခဲ့တဲ့ဧည့်သည်နဲ့စာရင် နည်းတယ်လို့ ပြောလို့ရလား၊ များတယ်လို့ ပြောလို့ရလား။ ဖြေ - အနည်းငယ် လျော့နည်းသွားပါတယ်။ ၅၃ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲမှာတော့ ပြည်ပရတနာကုန်သည် ၂၀၆၉ ဦး၊ ပြည်တွင်းရတနာကုန်သည် ၂၁၀၈ ဦး၊ စုစုပေါင်း ရတနာကုန်သည် ၄၁၇၇ ဦး တက်ရောက်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အရင်ပြပွဲနဲ့ယှဉ်ရင်တော့ ၈၀၀ လောက် လျော့နည်းသွားတာ တွေ့ရှိရပါတယ်။ မေး - ဟုတ်ကဲ့။ ဒီနှစ်ပြပွဲမှာ လာရောက်ပြသတဲ့ ကုမ္ပဏီအရေအတွက်က ဘယ်လောက်ရှိလဲဗျ။ ဖြေ - ပြပွဲမှာ ကျနော်တို့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အပါအဝင် ပုဂ္ဂလိကကုမ္ပဏီများ၊ နိုင်ငံတော်နဲ့ အကျိုးတူထုတ်လုပ်တဲ့ ကုမ္ပဏီများ၊ သမဝါယမအသင်းများ၊ ပုဂ္ဂလိက အရောင်းဆိုင်လိုင်စင် ရရှိထားတဲ့ ပုဂ္ဂိုလ်များ ပြပွဲမှာ တင်ပြရောင်းချကြပါတယ်။ စုစုပေါင်း တင်ပြရောင်းချထားတဲ့ ကုမ္ပဏီအသင်း လိုင်စင်ရရှိသူပေါင်းကတော့ ၁၂၂၄ ခု ဖြစ်ပါတယ်။ မေး - အဲဒီလို ကုမ္ပဏီပေါင်း ၁၀၀၀ ကျော် လာရောက်ပြသကြတဲ့အထဲက အများဆုံးပြသတဲ့ ကုမ္ပဏီက ဘာဖြစ်မလဲ။ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ကိုယ်တိုင်လား။ ဒါမှမဟုတ် ပုဂ္ဂလိကကုမ္ပဏီလား။ ဖြေ - အရေအတွက်အရတော့ ပုဂ္ဂလိကုမ္ပဏီများက အများဆုံး ဖြစ်ပါတယ်။ မေး - ကျနော်ပြောချင်တာက ပြသရောင်းချတဲ့ ပမာဏတန်ဖိုးပေါ့။ အဲဒါ အကြီးမားဆုံးက မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းလား၊ ဒါမှမဟုတ် ပုဂ္ဂလိကကုမ္ပဏီထဲက တခုလား။ ဖြေ - အကျိုးတူကုမ္ပဏီများကတော့ အရေအတွက်အများဆုံး ရောင်းချထားတာ ရှိပါတယ်။ မေး - ပြီးခဲ့တဲ့ပြပွဲမှာ ဘယ်လောက်ထိ ရောင်းချနိုင်ခဲ့လဲဗျ။ ဖြေ - ကျနော်တို့ ပြီးခဲ့တဲ့ ၅၃ ကြိမ်မြောက် ပြပွဲမှာတော့ ၅၂၇ သန်းဖိုးခန့် ရောင်းချခဲ့ပါတယ်။ ဒီပြပွဲမှာတော့ လက်ရှိတင်ပြထားတဲ့ ကျောက်တွေအခြေအနေအရ တက်ရောက်လာတဲ့ ကုန်သည်ပမာဏ အခြေအနေအရဆိုရင်တော့ အနည်းငယ်လောက် လျော့နည်းမယ်လို့ ခန့်မှန်းရပါတယ်။ မေး - လာရောက်ပြသတဲ့ ကျောက်မျက်ရတနာထဲမှာတော့ အများဆုံးက ကျောက်စိမ်း ဖြစ်တယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ ကျောက်စိမ်းအပြင် ကျန်တဲ့ ဘယ်လိုမျိုး ကျောက်မျက်ရတနာတွေ လာရောက်ပြသတာ ရှိပါသလဲ ခင်ဗျ။ ဖြေ - ဟုတ်ကဲ့။ ဒီပြပွဲမှာ ကျောက်စိမ်းအရိုင်းတုံးတွေ၊ သွေးပြီးထားတဲ့ ကျောက်စိမ်းအချောထည်များ၊ ကျောက်မျက်အရိုင်းတုံးများနဲ့ သွေးထားတဲ့ ကျောက်မျက်အချောထည်များ၊ နောက် ကျောက်မျက် ပုလဲတို့နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာများ၊ ကျောက်စိမ်းပုံဆောင်ခဲအရိုင်းများ၊ ကျောက်ကပ်ပန်းချီကားများ၊ ရွှေထည် ငွေထည် လက်ဝတ်ရတနာများ ဒါတွေကို ကျနော်တို့ တင်ပြရောင်းချထားပါတယ်။ မေး - ဟုတ်ကဲ့။ အဲဒီလို ရောင်းချတဲ့နေရာမှာ ဝယ်ယူသူတွေ အများအားဖြင့် ဝယ်ယူတာက အရိုင်းတွေ ဝယ်ယူတာလား၊ အချောပြုလုပ်ထားတာတွေ ဝယ်ယူတာလား၊ အချိုးအစားအားဖြင့် ခန့်မှန်းခြေ ဘယ်လောက်ရှိလဲ။ ဖြေ - ကျနော်တို့ တင်ပြရောင်းချမှုမှာလည်း အရိုင်းက အများဆုံး ဖြစ်ပါတယ်။ ဝယ်ယူမှုမှာလည်း အရိုင်းကိုပဲ အများဆုံး ဝယ်ယူပြီးတော့ အချောထည်တွေကတော့ ကျနော်တို့ အရေအတွက် အနည်းငယ်ပဲ ရောင်းချရပါတယ်။ အချောထည်တွေကို ဝယ်ယူမှု နည်းပါးပါသေးတယ်။ မေး - ကျောက်မျက်ရတနာလုပ်ငန်းရှင်တချို့က ဘာထောက်ပြလဲဆိုတော့ အရိုင်းထည်တွေကို ရောင်းတာထက်စာရင် အချောထည်ပြုလုပ်ပြီး ရောင်းချတယ်ဆိုရင် တန်ဖိုးလည်း မြင့်သွားတယ်၊ ရေရှည်မှာ အကျိုးပိုရှိနိုင်တယ်လို့ ပြောကြတယ်။ အဲဒါ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းဘက်ကရော သူတို့ သုံးသပ်ပြတဲ့အတိုင်း သဘောတူနိုင်လား။ ဖြေ - သဘောတူပါတယ်။ ဒါက မှန်ကန်တဲ့လုပ်ငန်းပါပဲ။ ကျနော်တို့ နိုင်ငံတော်အနေနဲ့လည်း ကျောက်မျက်ရတနာအချောထည် ဈေးကွက် ဖွံ့ဖြိုးလာဖို့ ရည်ရွယ်ပြီးတော့ အချောထည်ထုတ်လုပ်မယ့် နေရာတွေ၊ ဈေးကွက်တွေ ရှာကြံပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ လက်ရှိမှာတော့ မအောင်မြင်သေးတဲ့ အနေအထားပါပဲ။ ကျနော်တို့ အောင်မြင်မှုရအောင် ကြိုးစားနေဆဲကာလပဲ ဖြစ်ပါတယ်။ မေး - မအောင်မြင်သေးဘူးဆိုတာက ဘယ်ဟာက အဟန့်အတား ဖြစ်တာလဲ။ ဖြေ - ဒါကတော့ ကျနော်တို့ အချောထည်မှာ နည်းပညာနဲ့ လက်ရာလည်း ပါဝင်ပါတယ်။ အဓိကက ဝယ်ယူသူ စိတ်ကြိုက်ဖြစ်နိုင်တဲ့ လက်ရာတွေဖြစ်ဖို့ ကျနော်တို့ အဓိက ကြိုးစားနေပါတယ်။ နောက်တချက်ကတော့ ပြည်ပကုန်သည်တွေအနေနဲ့ကလည်း ကျနော်တို့လုပ်ထားတဲ့ လက်ဝတ်ရတနာထက် ကျောက်စိမ်းရိုင်းတွေ ဝယ်ယူပြီး သူတို့ကိုယ်တိုင် အချောထည်လုပ်တာ ပိုပြီးစိတ်ဝင်စားနေတယ်။ ကျနော်တို့အနေနဲ့ကလည်း လက်ရှိ ရှိနေတဲ့ အချောထည်ဈေးကွက်ကို ပိုမိုချဲ့ထွင်နိုင်အောင် ကြိုးစားနေပါတယ်။ မေး - ပြသရောင်းချနေတဲ့ ပြခန်းတွေကို ကျနော်လိုက်ကြည့်တော့ ဈေးနှုန်းသတ်မှတ်မှုက ယူရိုနဲ့ပဲ သတ်မှတ်ထားတယ်။ အဲဒါ ဘာကြောင့်ပါလဲ၊ ဘာကြောင့်မို့လို့ အမေရိကန်ဒေါ်လာနဲ့ မသတ်မှတ်တာလဲ။ ဖြေ - အရင် အမေရိကန်နိုင်ငံက ဆန်ရှင်လုပ်ထားတဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ကျနော်တို့ ယူရိုနဲ့ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အမေရိကန်နိုင်ငံက ဆန်ရှင်ပိတ်ထားတာကို ဖွင့်လိုက်ပြီဆိုပေမယ့် စပ်ကူးမပ်ကူးကာလလေး ဖြစ်နေတော့ လက်ရှိကုန်သည်များအနေနဲ့ ချက်ချင်းလက်ငင်း ပြောင်းပြီးတော့ ငွေကြေးစနစ်ကို ပြောင်းမယ်ဆိုရင် ရုတ်တရက် အခက်အခဲဖြစ်သွားမှာစိုးတဲ့အတွက်ကြောင့် လတ်တလောမှာ ယူရိုနဲ့ပဲ ဆက်လက်ရောင်းချနေတာ ဖြစ်ပါတယ်။ ရှေ့လာမယ့်ပွဲတွေမှာတော့ အမေရိကန်ဒေါ်လာနဲ့ ရောင်းချသွားဖို့ အစီအစဉ်ရှိပါတယ်။ မေး - အရင်ကဆိုရင် ကော်မာရှယ်တက်စ်ကို ဝယ်ယူသူတွေက မပေးရဘူးပေါ့။ အခု ဒီနှစ်မှာစပြီးတော့ ကော်မရှယ်တက်စ်ကို ပေးရမယ်။ ၅ ရာခိုင်နှုန်း ပေးရမယ်လို့ ပြောတဲ့အချိန်မှာ တချို့ဝယ်ယူသူတွေဘက်က တွန့်သွားတယ်လို့ ကြားရတယ်။ အထူးသဖြင့် ပြည်တွင်းကျောက်မျက်ရတနာကုန်သည်တွေပေါ့နော်။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူတို့က ဈေးပြိုင်စနစ်နဲ့ သူတို့ပေးနိုင်တဲ့ အမြင့်ဆုံးဈေးလည်း ပေးထားပြီးသား။ ပြီးတော့မှ သူတို့က ကော်မာရှယ်တက်စ် ၅ ရာခိုင်နှုန်း နောက်ထပ် ပေးရမယ်ဆိုတော့ သူတို့ခန့်မှန်းထားတဲ့ဈေးထက် ပိုသွားတဲ့အတွက် သူတို့ ရောင်းဝယ်တဲ့နေရာမှာ အခက်အခဲဖြစ်နိုင်တယ်လို့ ခန့်မှန်းချက်၊ သုံးသပ်ချက်တွေ ရှိတယ်။ အဲဒီ ကော်မာရှယ်တက်စ်နဲ့ပတ်သက်လို့ ဘယ်လိုရှင်းပြလို့ရမလဲခင်ဗျ။ ဖြေ - ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ နိုင်ငံခြားသားတွေအတွက်ကတော့ သူတို့က အိက်စ်ပို့ဖြစ်တဲ့အတွက်ကြောင့် ဥပဒေအရ ကော်မာရှယ်တက်စ် မကောက်ဘူး။ ပြည်တွင်းဝယ်ယူသူများအနေနဲ့ ကော်မာရှယ်တက်စ်ကို ပေးဆောင်ရမှာ ဥပဒေအရ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပြပွဲမှာတော့ ကော်မရှယ်တက်စ်ကို ရောင်းချတဲ့သူတွေကပဲ ကျခံခဲ့ပါတယ်။ ဒါကတော့ ဥပဒေအတိုင်း မဟုတ်ဘဲနဲ့ အလွယ်ကူဆုံးအခြေအနေနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြပွဲမှာတော့ ဥပဒေပါအတိုင်း ပြည်တွင်းဝယ်ယူသူတွေအနေနဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ပေးဆောင်ရမှာပဲ ဖြစ်ပါတယ်။ မေး - ပြည်ပကနေ ဝယ်ယူသူတွေကတော့ ကော်မာရှယ်တက်စ် ၅ ရာခိုင်နှုန်း ပေးစရာ မလိုဘူး။ ဖြေ - မှန်ပါတယ်။ မေး - ဒါပေမယ့် အခု ပြည်တွင်းဝယ်ယူသူတွေကျတော့ ရောင်းချသူက ပေးစရာမလိုဘူး၊ ဝယ်ယူသူက ပေးရမယ်။ ဖြေ - ဟုတ်ကဲ့။ ကော်မရှယ်တက်စ်ရဲ့ ဥပဒေအရ စားသုံးသူ၊ ဝယ်ယူသူကပဲ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ မေး - ဒီအပြောင်းအလဲက ဘယ်တုန်းက စတာလဲ။ အရင်အစိုးရလက်ထက်မှာ စတာလား၊ ဒီအစိုးရလက်ထက်မှာ စတာလား။ ဖြေ - ၂၀၁၆ ခုနှစ်မှာ သူတို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကြောင့် ဖြစ်ပါတယ်။ မေး - ဟုတ်ကဲ့။ အဲဒါက ကျောက်မျက်ရတနာတခုတည်း မဟုတ်ဘူး။ ကျန်တဲ့ ကော်မာရှယ်တက်စ် ဥပဒေနဲ့ ပတ်သက်သွားတယ်ပေါ့။ ဖြေ - မှန်ပါတယ်။ မေး - ကော်မာရှယ်တက်စ်ကို ဒီမှာ ကျောက်မျက်ရတနာ ဝယ်ယူသူတွေက ပေးရမယ်ဆိုတဲ့အတွက် ခုနက သူများတွေ စိုးရိမ်နေကြသလို ဝယ်ယူမှုမှာ တခုခု ထိခိုက်မှုဖြစ်နိုင်တယ်လို့ ပြောနေကြတာ ဖြစ်နိုင်ခြေရှိလားခင်ဗျ။ ဖြေ - ဖြစ်နိုင်ပါတယ်။ လက်ရှိ ပြည်တွင်းဝယ်ယူသူအနေနဲ့တော့ သူဝယ်ယူတဲ့တန်ဖိုးအပြင် ၅ ရာခိုင်နှုန်း ကုန်သည်လုပ်ငန်းခွန် ပေးဆောင်ရမှာပဲ ဖြစ်ပါတယ်။ မေး - အဲဒီလို ကော်မာရှယ်တက်စ် ပေါင်းထည့်လိုက်တဲ့အတွက် ဝယ်ယူမှုက ထိုးကျသွားနိုင်သလားလို့။ အဲဒါမျိုး ဖြစ်နိုင်ခြေရှိလား။ ဖြေ - ဒါတော့ ကျနော်တို့ ခန့်မှန်းလို့မရပါဘူးခင်ဗျ။ လက်ရှိ ဝယ်ယူသူတွေအနေနဲ့ကတော့ သူတို့ပေးရမယ့်တန်ဖိုးနဲ့ သူတို့ ပြန်ဖန်တီးပြီးတော့ ရောင်းချမယ့်တန်ဖိုးအပေါ်မှာ အကျိုးအမြတ်ရှိရင်တော့ အရောင်းအဝယ်က ဖြစ်မှာပါ။ ဒါတော့ ကြိုတင်ခန့်မှန်းလို့တော့ မရနိုင်ပါဘူး။ မေး - ဟုတ်ကဲ့။ ပုဂ္ဂလိကုမ္ပဏီတွေနဲ့ အစိုးရ အကျိုးတူလုပ်ငန်းတွေပေါ့လေ။ အဲဒီမှာ အကျိုးအမြတ်ခွဲဝေမှုမှာ ကျနော်သိရသလောက်တော့ ရောင်းချရသမျှ အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်က ယူတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကကုမ္ပဏီမှာ ကျန်တယ်။ အဲဒီထဲကမှ ပုဂ္ဂလိကကုမ္ပဏီကနေ ကုန်ကျစရိတ်ကို ကျခံရတယ်။ ရရှိလာတဲ့ ကျောက်အရည်အသွေးအပေါ်မှာ မူတည်ပြီးတော့မှ တခါ တခါကျတော့ မြတ်တယ်၊ တခါ တခါကျတော့ ရှုံးတယ်ပေါ့လေ။ ဘာလို့လဲဆိုတော့ သူတို့ ပြောနေတာက အဲဒီအကျိုးအမြတ်ခွဲဝေမှုမှာ မတရားဘူးလို့ ပြောနေကြတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘယ်လို ထောက်ပြချင်လဲဗျ။ ဖြေ - နိုင်ငံတော်နဲ့ ပုဂ္ဂလိကကုမ္ပဏီများ အကျိုးတူ ဆောင်ရွက်လျက်ရှိပါတယ်။ အကျိုးတူဆောင်ရွက်တဲ့အခါမှာ လုပ်ကိုင်လိုတဲ့ ဧရိယာတွေကို တင်ပြလျှောက်ထားရပါတယ်။ အဲဒီအခါမှာ စိစစ်ပြီးတော့မှ အကျိုးတူကုမ္ပဏီအဖြစ် လုပ်ကိုင်ခွင့်ပြုပါတယ်။ အဲဒီလိုလုပ်ကိုင်ခွင့်ပြုတာမှာ စတင်ကတည်းက နှစ်ဘက် သဘောတူစာချုပ်တွေ ချုပ်ဆိုပါတယ်။ နှစ်ဘက် သဘောတူစာချုပ် ချုပ်တဲ့အရ ကုမ္ပဏီများက သူတို့ လုပ်ကိုင်ခွင့်ရတဲ့ လုပ်ကွက်မှာ ငွေအား၊ လူအား စိုက်ထုတ်ပြီးတော့ ကျောက်စိမ်းတူးဖော်ရပါတယ်။ ထွက်ပေါ်လာတဲ့ ကျောက်များကို ရတနာခွန်ပေးဆောင်ရမယ်။ ရတနာခွန်ပေးဆောင်ပြီးရင် ပြပွဲတင်ရောင်းချရမယ်။ ပြပွဲတင် ရောင်းချတဲ့အခါမှာ နိုင်ငံတော်ကို ပေးဆောင်ရမယ့် ထိုက်သင့်တဲ့အခွန်များ ပေးဆောင်ပြီးနောက်ပိုင်းမှာ အရင်တုန်းကတော့ ၅၀ - ၅၀ ခွဲတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံတော်က ၄၀ ရာခိုင်နှုန်း၊ ကုမ္ပဏီက ၆၀ ရာခိုင်နှုန်း ခွဲယူပါတယ်။ အခုနောက်ဆုံးအခြေအနေနဲ့ အခွန်အကောက်တွေ ပိုပြီးတော့များလာတဲ့အချိန်မှာ ပုဂ္ဂလိကကုမ္ပဏီများကို ၇၅ ရာခိုင်နှုန်းနဲ့ နိုင်ငံတော်က ၂၅ ရာခိုင်နှုန်း ခွဲဝေပါတယ်။ ဒီခွဲဝေမှုတွေအားလုံးက ကျနော်တို့ နိုင်ငံတော်က သတ်မှတ်တာ မဟုတ်ပါဘူး။ နှစ်ဘက် သဘောတူစာချုပ်မှာ စာချုပ်ချုပ်ဆိုပြီးတော့မှ သတ်မှတ်ထားခြင်းပဲ ဖြစ်ပါတယ်။ မေး - အဲဒီလို သူတို့ အရှုံးခံနေရတယ်၊ နစ်နာရပါတယ်လို့ ပြောနေတဲ့ ကုမ္ပဏီတွေကနေ ဒီခွဲဝေမှုအချိုးအစားကို ပြန်လည်ညှိနှိုင်းဖို့ တင်ပြလာခဲ့သည်ရှိသော် အစိုးရဘက်က စဉ်းစားနိုင်တဲ့ အခြေအနေမျိုး ရှိလားခင်ဗျ။ ဖြေ - အဲဒါတော့ ကျနော်တို့ အခြေအနေတွေပေါ် မူတည်ပြီးတော့ စဉ်းစားဆောင်ရွက်ဖို့ ရှိပါတယ်ခင်ဗျ။ လတ်တလောမှာတော့ ဘာအစီအစဉ်မှ မရှိသေးဘူး။ မေး - တချို့ ကျောက်မျက်ရတနာ တူးဖော်တဲ့နေရာ၊ အထူးသဖြင့် ဖားကန့်ဒေသ၊ ကချင်ပြည်နယ်မှာဆိုရင် စစ်ပွဲတွေ ဖြစ်နေတယ်။ အဲဒီစစ်ပွဲတွေကြောင့် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်မှုကို လာထိခိုက်တယ်ဆိုပြီး ပြောတာတွေရှိတယ်။ အဲဒီတော့ အစိုးရရော အဲဒီလို မြင်ပါသလား။ ဖြေ - ဒါတွေကတော့ ကျနော်တို့ အနည်းနဲ့အများ ရိုက်ခတ်မှုတော့ ရှိပါတယ်။ သက်တမ်းကုန်လုပ်ကွက်များ လျော့နည်းသွားပါတယ်။ ဒါတွေက ထုတ်လုပ်မှုမရှိပါဘူး။ ကျန်တဲ့အခြေအနေကတော့ ရှိနေတဲ့အနေအထားမှာ သူတို့ လုပ်ငန်းရှင်များအနေနဲ့ လက်ရှိ သူတို့ရဲ့ထုတ်လုပ်နိုင်စွမ်းနဲ့ ဈေးကွက်ရဲ့အခြေအနေကို နှိုင်းယှဉ်ပြီးတော့ပဲ တွက်ချက်ထုတ်လုပ်နေကြတာပဲ ဖြစ်ပါတယ်။ မေး - ဟုတ်ကဲ့။ ဈေးကွက်မှာ မှောင်ခိုတွေရှိတယ်လို့ ပြောနေကြတယ်။ တကယ် တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကတော့ အစိုးရ အခွန်အခပေးတယ်၊ ခုနပြောတဲ့ အချိုးအစားတွေနဲ့ အကျိုးအမြတ်ကို ခွဲယူကြတယ်ပေါ့။ ဒါပေမယ့် မှောင်ခိုဈေးကွက်မှာကျတော့ အဲဒါမျိုးမရှိဘူး။ အထူးသဖြင့် ရေမဆေးကျောက် ရှာစားတဲ့သူတွေကမှ ရရှိတဲ့ကျောက်တွေကို ရောင်းဝယ်တဲ့နေရာမှာ မှောင်ခိုဈေးကွက် ရောက်သွားတယ်။ နိုင်ငံတော်ကလည်း အခွန်အခမရဘူး။ မှောင်ခိုဈေးမှာ ရောင်းရတဲ့အတွက် ဈေးလည်းအနှိမ်ခံရတယ်လို့ ပြောတယ်။ အဲဒီသုံးသပ်ချက်နဲ့ ပတ်သက်လို့ ဘယ်လို မြင်ပါသလဲခင်ဗျ။ ဖြေ - ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတော်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီများကို လျှောက်ထားလာတဲ့အခါမှာ တရားဝင်လုပ်ကိုင်ခွင့် ချထားပေးပြီးတော့ ဒီကုမ္ပဏီများကို ကြီးကြပ်လျက်ရှိပါတယ်။ ရေမဆေးကျောက်များကို ရှာဖွေတဲ့ ပုဂ္ဂိုလ်များကလည်း ဒီလိုပဲ ရှာဖွေပြီးတော့ ရရှိပါတယ်။ အများစုကတော့ နိုင်ငံတော်ကို အခွန်ဆောင်တာ မရှိပါဘူး။ ဒါတွေကိုလည်း ကျနော်တို့က ထိန်းချုပ်ကြပ်မတ်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ သူတို့ရဲ့ဈေးကွက်တွေကိုတော့ လောလောဆယ်မှာ ကျနော်တို့ ထိန်းချုပ်နိုင်စွမ်း မရှိသေးပါဘူး။ တွေ့ဆုံမေးမြန်းသူ - ခင်မောင်ဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024