ကျောင်သားသမဂ္ဂအဆောက်အဦ ပြန်ဆောက်ရန် လာမည့်ဘဏ္ဍာနှစ် ဘတ်ဂျတ်ထည့်သွင်းမည်
ကျော်ဇေယျာဝင်း
·
December 2, 2016
အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ တော်လှန်ရေးကောင်စီအစိုးရလက်ထက်က မိုင်းခွဲဖျက်ဆီးခဲ့တဲ့ ကျောင်သားသမဂ္ဂအဆောက်အဦ ပြန်ဆောက်ဖို့ လာမယ့် ဘဏ္ဍာနှစ်မှာ ဘတ်ဂျတ်ထည့်သွင်းလျာထားကြောင်း ပညာရေးဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှ မြောက်ဦး မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော မေးမြန်းတဲ့ ပဋိညာဉ်ရေးဆွဲရေးအတွက် အချိန်မူဘောင်၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ အားလုံး မည်သည့် အချိန်တွင် တည်ထောင်ပြီးစီးမည်နှင့် သမိုင်းဝင်ကျောင်းသား သမဂ္ဂ အဆောက်အဦကို ပြန်လည်တည်ဆောက်ရန် အစီအဉ် ရှိ/မရှိမေးခွန်းကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“ကျောင်းသားသမဂ္ဂ ဆောက်လုပ်ခြင်းကတော့ အခုလာမယ့်ဘတ်ဂျတ်မှာ ဘတ်ဂျတ်ထည့်သွင်းလျာထားပါကြောင်း ရိုသေစွာတင်ပြအပ်ပါတယ်။”
ရန်ကုန်တိုင်းတက္ကသိုလ်အတွင်းက ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗိုလ်ချုပ်နေဝင်း လက်ထက် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့က တက္ကသိုလ်တွေမှာ ဖိနှိပ်ချုပ်ချယ်တဲ့ ကျောင်းစည်းကမ်းအသစ် ပြဋ္ဌာန်းလိုက်ရာကနေ ကျောင်းသားကျောင်းသူတွေ မကျေမနပ် ဖြစ်ခဲ့ပြီး ဆန္ဒပြပွဲတွေ စတင်ခဲ့ပါတယ်။
အဲ့ဒီညနေပိုင်းမှာပဲ စစ်တပ်ကပစ်ခတ်နှိမ်နှင်းမှုတွေပြုလုပ်ခဲ့လို့ ကျောင်းသူကျောင်းသားတွေ သေဆုံး ဒဏ်ရာရခဲ့ကြပါတယ်။ ဒီနောက် နောက်တနေ့မနက် ဇူလိုင် ၈ ရက်နေ့မှာ ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းထောင်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။