ကျောင်းအုပ်ဆရာကြီး၏ ထိုးကြိတ်မှုကြောင့် ကျောင်းသူတဦး ဆေးရုံတင်ရ
DVB
·
December 2, 2016
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း သာယာဝတီခရိုင် သုံးဆယ်မြို့ အထကကျောင်းမှာ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီအချိန်က စည်ကမ်းဖောက်ဖျက်တယ်လို့ဆိုကာ ကျောင်းအုပ်ဆရာကြီးမှ ထိုးကြိတ်ဆုံးမတဲ့အတွက် ၉ တန်းကျောင်းသူတဦး သာယာဝတီ ခရိုင်ဆေးရုံသို့ တင်ထားခဲ့ရပါတယ်။
စာသင်ချိန်အတွင်း မုန့်စားတာကြောင့် ၉ တန်းကျောင်းသူ မမေသူဇော်ရဲ့ ယာဘက်နှဖူးကို လက်သီးနဲ့ ထိုးကြိတ်တဲ့အတွက် မူးမေ့သွားခဲ့တယ်လို့ သိရပါတယ်။
“ဆရာများအနေနဲ့ ကျောင်းသားတွေကို ဆုံးမပိုင်ခွင့်တော့ ရှိပါတယ်။ ဒီလောက်အထိတော့ ဆေးရုံတက်ရသည်အထိတော့ မဆုံးမသင့်ပါဘူး။ သမီးမိန်းကလေးဆိုတော့ ရှက်တာပေါ့၊ စိတ်ဒဏ်ရာတွေ ကလေးဘဝအတွက် ရသွားမှာ မကောင်းဘူး။ နောက်နောင်ကို ဒီလို ဆိုးဝါးစွာ ဆုံးမဖို့တော့ မလိုအပ်ဘူး” လို့ မိခင်ဖြစ်သူ ဒေါ်ငြိမ်းမြတ်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။
“အခုဆေးရုံတက်နေတဲ့ ကလေးက အေးတယ်၊ စာတော်တယ်၊ ကလေးမှာ သွေးအားနည်းတဲ့ရောဂါတော့ ရှိတယ်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်သွားတယ် ထင်ပါတယ်။ ကျောင်းအုပ်ဆရာကြီး စည်းကမ်းကြောင့် ဆုံးမတယ်ထင်ပါတယ်” လို့ မမေသူဇော်ရဲ့ အတန်းပိုင်ဆရာမဖြစ်သူ ဒေါ်အေးအေးလွင်က ပြောပါတယ်။
အခုလို ကျောင်းသူတဦးကို ဆုံးမလိုက်တဲ့ ကျောင်အုပ်ဆရာကြီးဟာ ခြေထောက်ကျိုးနေတဲ့အတွက် ရန်ကုန်မှာ ဆေးခန်းပြနေကြောင်း၊ ကျောင်းသားမိဘတွေကို ကျေနပ်တဲ့အထိ တောင်းပန်သွားမှာဖြစ်ပြီး သာယာဝတီမြို့နယ်တွင်းမှာရှိတဲ့ ကျောင်းအုပ်ဆရာတွေကို ကျောင်းသားတွေ ဆုံးမမှုနဲ့ပတ်သက်ပြီး သတိပေးသွားမှာဖြစ်တယ်လို့ သာယာဝတီမြို့နယ် ဒု-ပညာရေးမှူး ဦးနေညွန့်ဦးက ပြောပါတယ်။
သတင်း - မေသွယ်