ဒေါ်အောင်ဆန်းစုကြည် စင်ကာပူအဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနသို့ လေ့လာ
DVB
·
December 1, 2016
အဂတိလိုက်စားမှု အနည်းဆုံး နိုင်ငံတခုဖြစ်တဲ့ စင်ကာပူနိုင်ငံ အကျင့်ပျက် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
စင်ကာပူနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မွန်းလွဲပိုင်းမှာ စင်ကာပူနိုင်ငံရဲ့ အကျင့်ပျက်အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာန (Corrupt Practices Investigation Bureau-CPIB) ကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို CPIB တာဝန်ရှိသူတွေက ရှင်းလင်းတင်ပြခဲ့ရာမှာ စင်ကာပူနိုင်ငံရဲ့ အစိုးရအဖွဲ့နဲ့ အစိုးရရုံးတွေမှာ ပွင့်လင်းမြင်သာမှုရှိပြီး အဂတိ လိုက်စားမှု အနိမ့်ဆုံးဖြစ်တယ်၊
Transparency International ရဲ့ ၂၀၁၅ ခုနှစ် စစ်တမ်းအရ နိုင်ငံပေါင်း ၁၈၆ နိုင်ငံမှာ စင်ကာပူနိုင်ငံဟာ အဆင့် (၈) နေရာမှာ ရှိပြီး အဂတိလိုက်စားမှု အနည်းဆုံး နိုင်ငံဖြစ်တယ်။
စင်ကာပူ အဂတိလိုက်စားမှုတွေဟာ အဖွဲ့အစည်းပုံစံမဟုတ်ဘဲ သီးခြား အဖြစ်အပျက်တွေ အနေနဲ့သာ တွေ့ရတယ်။
တိုင်ကြားမှုတွေရဲ့ ၇၅ ရာခိုင်နှုန်းမှာ တသီးပုဂ္ဂလတိုင်ကြားမှုတွေဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း တိုင်ကြားမှု (၁၁) မှုသာရှိတယ်။
စင်ကာပူနိုင်ငံ အဂတိလိုက်စားမှုအား တိုက်ဖျက်ရာမှာ ထိရောက်အောင်မြင်မှုဟာ အစိုးရရဲ့ ထိရောက်စွာအရေးယူ ကိုင်တွယ်ခြင်း၊ ထိရောက်တဲ့ ဥပဒေရှိပြီး ဥပဒေအား တိကျစွာ လိုက်နာကျင့်သုံးမှုရှိခြင်း၊ လွတ်လပ်သော တရားစီရင်မှုရှိခြင်းနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှုရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း ရှင်းပြခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူကို နိုဝင်ဘာ ၃၀ ရက်ကတည်းက ၃ရက်ကြာ ချစ်ကြည်ရေးခရီးရောက်နေတာ ဖြစ်ပါတယ်။
Transparency International အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် အတွက် စစ်တမ်းသစ်မှာ မြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေက ကမ္ဘာ့နိုင်ငံပေါင်း ၁၆၈ နိုင်ငံထဲ အဆင့် ၁၄၇ မှာ ရှိနေတာ ဖြစ်ပါတယ်။