ကွယ်လွန်သူ ကျူးဘားခေါင်းဆောင် ဖီဒယ်ကတ်စ်ထရိုအတွက် ဂုဏ်ပြုလူထုစုဝေးပွဲ ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ ကျူးဘားခေါင်းဆောင်ကြီး ဖီဒယ် ကတ်စ်ထရိုအတွက် ဂုဏ်ပြုလူထုစုဝေးပွဲကြီးကို ဟာဗားနားမြို့တော်က တော်လှန်ရေးရင်ပြင်မှာ နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့ပါတယ်။ လူထုစုဝေးပွဲကြီးကို ကျူးဘားနိုင်ငံတော်သီချင်းနဲ့ သီဆိုဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေက တလှည့်စီ မိန့်ခွန်းတွေ ပြောကြားခဲ့ကြပါတယ်။ ကျူးဘားသမ္မတ ရောလ် ကတ်စ်ထရို (Raul Castro) က အခမ်းအနားကို အဆုံးသတ်မိန့်ခွန်း ပြောကြားခဲ့ပြီး ခေါင်းဆောင်ကြီး ကတ်စ်ထရိုဟာ အညတရ ကျူးဘားလူထုတွေအတွက် အညတရ တော်လှန်ရေးခေါင်းဆောင်ကြီးလို့ ဖော်ညွှန်းပြောဆိုခဲ့ပါတယ်။ ခေါင်းဆောင်ကြီး ဖီဒယ် ကတ်စ်ထရိုဟာ ၁၉၅၉ ခုနှစ်မှာ အာဏာရလာပြီး  ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။ ဒီအခမ်းအနားကို တက်ရောက်လာသူ နိုင်ငံခေါင်းဆောင်တွေထဲမှာ တောင်အမေရိက လက်ဝဲနိုင်ငံခေါင်းဆောင်တွေ အများစု တက်ရောက်ကြတာ တွေ့ရပါတယ်။ ဖီဒယ်ကတ်စ်ထရိုဟာ ကျူးဘားနိုင်ငံကို တပါတီစနစ်နဲ့ ရာစုနှစ်တ၀က်လောက် အုပ်ချုပ်ခဲ့သူဖြစ်တဲ့အတွက် သူ့အပေါ် လူထုသဘောထားတွေကလည်း အမျိုးမျိုး ကွဲပြားကြပါတယ်။ ကျူးဘားနိုင်ငံကို ကျူးဘားပြည်သူတွေလက်ထဲ ပြန်ထည့်ပေးခဲ့သူ၊ လက်ရှိ ကျူးဘားနိုင်ငံရဲ့ လူထုကျန်းမာရေး၊ ပညာရေး စတဲ့အစီအစဉ်ကောင်းတွေ အောင်အောင်မြင်မြင် ဖော်ဆောင်ပေးခဲ့သူ လူထုခေါင်းဆောင်အဖြစ် ချီးမွမ်းကြသူတွေလည်း ရှိပါတယ်။ တဘက်မှာလည်း အတိုက်အခံတွေကို လုံးဝရှင်သန်ခွင့်မပေးတဲ့ ဖိနှိပ်တဲ့၊ အာဏာရှင်အဖြစ်လည်း ပြစ်တင်ဝေဖန်သူတွေလည်းရှိပြီး အဲ့လို လူထုအကြားအမြင်သဘောထား ကွဲပြားမှုကိုလည်း အခု လူထုအောက်မေ့စုဝေးပွဲမှာ တွေ့မြင်ရပါတယ်လို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

More News
Up