Home
သုံးသပျခကျြ
သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်သောမီဒီယာရှင်သန်ခွင့် - အယ်ဒီတာစကားဝိုင်း
DVB
·
November 30, 2016
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ Freedom of Expression သတင်းမီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ရှိလဲ၊ နောက်တခုကတော့ Independent Media လို့ခေါ်တဲ့ လွတ်လပ်သော သတင်းမီဒီယာတွေ ရှင်သန်ခွင့်ပေါ့နော်။ အခုလို ရွေးကောက်ပွဲပြီးတာ ၁ နှစ်ကျော် အစိုးရဖြစ်လာတာ ၇ လကျော်မှာ ဘယ်အခြေအနေ ရောက်ပြီလဲဆိုတာနဲ့ ပတ်သက်လို့  ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) အထွေထွေအတွင်းရေးမှူး ဦးကျော်စွာမင်း (ခ) Dမင်းတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာကျော်မင်းဆွေကို ကျနော် စပြီး မေးပါမယ်။ လက်ရှိ မြန်မာပြည်မှာ နိုင်ငံတကာညွှန်းကိန်းတွေ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ကတော့ မြန်မာပြည်က သတင်းလွတ်လပ်ခွင့် တဆင့်တက်လာတယ်။ အဲလိုပဲ Freedom House က နည်းနည်းတက်လာတယ် ပြောတယ်။ တချို့ကလည်း ပြောတယ်။ ဒါ မြန်မာက တက်တာ မဟုတ်ဘူး။ သူများတွေ ကျသွားတယ်လို့ ပြောကြတာပေါ့ဗျာ။ လက်ရှိအခြေအနေမှာ ကျနော်တို့ မြန်မာပြည်ရဲ့ သတင်းစာလွတ်လပ်ခွင့် ဘယ်အခြေအနေ ရောက်နေပြီလဲ။ အဲဒါကို သုံးသပ်ပေးပါခင်ဗျ။” ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်၊ The Voice) “Freedom House တို့ ဘာတို့ကတော့ နိုင်ငံတကာကတော့ သတ်မှတ်ထားတဲ့ Criteria တွေနဲ့ ဖြတ်တာပေါ့နော်။ အဲဒီအခါမှာ အထူးသဖြင့်တော့ ခုနက ပြောတဲ့ RAI တို့ ဘာတို့လည်း ပါလာမှာပေါ့နော်။ RAI Law ထွက်လာတာနဲ့အမျှ တက်သွားမှာပေါ့နော်။ ဒါတွေကလည်း ရှိပါတယ်။ တက်လာတယ်ဆိုတာကတော့ နှစ်မျိုးစလုံး ဖြစ်နိုင်တာပေါ့နော်။ ကျနော့်အမြင်ကတော့ အရင်အစိုးရထက်စာရင် ဒီဘက်အစိုးရက ဒီမိုကရေစီအစိုးရ ဖြစ်သွားတော့ သတင်းလွတ်လပ်ခွင့်၊ သီအိုရီအရပြောရင် သတင်းလွတ်လပ်ခွင့် ပိုရှိလာသယောင် ထင်ရတယ်ပေါ့နော်။ ဒါပေမယ့် တကယ်လက်တွေ့မှာ အဲဒီအတိုင်း မဟုတ်ဘူး။ သတင်းရယူခွင့် ခက်ခဲလာတာတွေ ရှိတယ်။ ပြောရေးဆိုခွင့်ရှိတဲ့သူတွေ တိတိကျကျ မရှိဘူး။ ရှိတဲ့သူတွေကလည်း ဆက်သွယ်လို့မရဘူး။ တဘက်ကလည်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူတွေ၊ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူတွေရောက ထိန်းချုပ်ထားတဲ့သဘောမျိုး၊ တခုခု ဟန့်တားထားတဲ့ သဘောမျိုး ရှိနေတယ်။ ပိုပြီးတော့ ခက်လာတယ်။ အဲဒီတော့ သတင်းအချက်အလက်ရယူခွင့် တော်တော်လေးခက်ခဲလာတာ တွေ့ရတယ်။ အဲဒီတော့ ကျနော်မြင်တာ ပြောရမယ်ဆိုရင် တကယ်လက်တွေ့ သီအိုရီအရ တက်လာတယ်ဆိုပေမယ့် လက်တွေ့မှာ ကျသွားတယ်လို့ပဲ ကျနော်ပြောချင်တယ်၊ တိတိကျကျ ပြောမယ်ဆိုရင်။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဆရာကျော်မင်းဆွေကတော့ နိုင်ငံတကာကိန်းညွှန်းတွေအရ တက်လာပေမယ့် တကယ့်လက်တွေ့ သတင်းလုပ်ကိုင်တ့အခါမှာတော့ ကျလာတယ်။ အဲဒီလိုပဲ အန်အယ်လ်ဒီ ရွေးကောက်ပွဲကြေညာစာတမ်းမှာ မီဒီယာနဲ့ပတ်သက်တာ ၄ ခု ပါပါတယ်။ တခုကတော့ မဏ္ဍိုင် ၃ ခုရဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ရပါမယ်လို့ အာမခံထားတာ ရှိတယ်။ ကျနော်တို့ လက်တွေ့မှာတော့ အဲဒီလိုအခြေအနေအထိ မရောက်သေးဘူး။ ပြီးခဲ့တဲ့ မီဒီယာကွန်ဖရင့်တုန်းက ပြန်ကြားရေးဝန်ကြီးက ဝန်ခံသွားပါတယ်။ တချို့ပြဿနာလေးတွေလည်း ရှိနေပါတယ်၊ ကျနော်တို့ ကြိုးစားနေပါတယ်လို့ ပြောသွားပါတယ်။ ဆရာDမင်းရဲ့ အမြင်လည်း ပြောပါဦး။ လက်ရှိ မြန်မာပြည်ရဲ့ မီဒီယာလွတ်လပ်ခွင့် ဘယ်အခြေအနေ ရောက်နေလဲ၊ ဘာတွေလုပ်ဖို့လိုလဲ။ အဲဒါလေး ဖြည့်စွက်ဆွေးနွေးပေးပါဦးခင်ဗျ။” ဦးကျော်စွာမင်း (ခ) Dမင်း (အထွေထွေအတွင်းရေးမှူး၊ MJA) “ကျနော်တို့ ဒီမိုကရေစီနိုင်ငံလို့ ပြောလိုက်ကတည်းက ဒီနိုင်ငံဟာ မီဒီယာလွတ်လပ်ခွင့်ရပြီလို့ ထင်တယ်။ အခုလည်း အရပ်သားအစိုးရ ဒီမိုကရေစီကို ပုံဖော်နေတယ်ဆိုရင် လွတ်လပ်တယ်ဆိုပြီးတော့ ထင်တယ်။ ပုံပေါ်အောင် ပြောမယ်ဆိုရင် အိမ်ခန်းတခန်းမှာ တံခါးတွေက ပွင့်သွားပြီ။ ပွင့်သွားပြီဆိုတော့ လွတ်လပ်တယ်ထင်ပြီး ဝုန်းခနဲသွားထွက်တဲ့အခါမှာ ဒိန်းဆိုပြီး နဖူးနဲ့ ဆောင့်မိတယ်။ အဲဒါ ဘာလဲဆိုတော့ မှန်ကြီးကာထားလို့ ဖြစ်နေတယ်။ ကြည့်လိုက်တော့ ပွင့်လင်းနေတယ်။ မြင်သာနေတယ်။ အကုန်လုံးမြင်နေရတာ Open ပဲ။ ဒါပေမယ့် မှန်ကြီးတခု ဖြစ်နေတယ်။ နဖူးဆောင့်မိမှ မလွတ်လပ်ပါလားဆိုတာ သိရတယ်။ ဒါ မြင်သာအောင် ကျနော် ပြောတာပါ။ ခုနက ကျနော်တို့ပြောတာ ၂ ခုပေါ့နော်။ သတင်းလွတ်လပ်ခွင့်တော့ ရှိတယ်။ ဒါပေမယ့် Access to Information သတင်းရယူပိုင်ခွင့် မရှိဘူး။ အဲဒီတော့ ကျနော်တို့ သတင်းကို ဖြန့်လို့မရဘူး။ ကျနော်တို့ အဓိက ပြဿနာက သတင်းလွတ်လပ်ခွင့်တော့ ရှိတယ်၊ သတင်းကို ရယူပိုင်ခွင့်တော့ မရှိတော့ သတင်းထွက်မယ့်လမ်းမှာ အဟန့်အတားတွေ ဖြစ်နေတယ်။ အဓိကပြဿနာစိန်ခေါ်မှုက သတင်းသည် လွတ်လပ်တော့ လွတ်လပ်တယ်၊ သတင်းရယူပိုင်ခွင့်မရှိတဲ့အတွက် သတင်းမထုတ်ပြန်နိုင်ဘူး ဖြစ်တယ်။ အဲဒီအတားအဆီး ဖြစ်နေတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ယေဘုယျတော့ Access to Information တော်တော်ပြဿနာရှိတယ်။ အဲဒီလိုပဲ ကချင်ဘက်မှာ တော်တော်ကြီးတဲ့ စစ်ပွဲကြီး ဖြစ်တယ်။ ကျနော်တို့ မသိလိုက်ဘူး။ အဲလိုပဲ မြန်မာပြည်မှာ အရေးကြီးတဲ့ နိုင်ငံတော်စီးပွားရေးမူဝါဒ ၁၂ ချက် ချတယ်။ သတင်းမီဒီယာတွေ ပေးမဝင်ခဲ့ဘူး။ ဒါတွေဟာ ဖြစ်ခဲ့တာပေါ့နော်။ ဒီအစိုးရမှာတော့ ပြည်သူ့အစိုးရပဲပြောပြော၊ ဒီမိုကရေစီအစိုးရပဲ ပြောပြောပေါ့၊ အဲဒါနဲ့ပတ်သက်ပြီး ဘာလုပ်ပေးဖို့ လိုနေတာလဲ၊ အထူးသဖြင့်တော့ ဒီအစိုးရသည် ပွင့်လင်းမြင်သာမှု ရှိရမယ်၊ အဂတိလိုက်စားမှု ကင်းရမယ်၊ သတင်းမီဒီယာတွေ လွတ်လပ်စွာ ပေးရမယ်။ အဲဒီတော့ ဒီအစိုးရမှာ တကယ်တမ်း အရေးတကြီး ဘာလုပ်ဖို့ လိုနေတာလဲ။ အထူးသဖြင့် သတင်းရယူပိုင်ခွင့်နဲ့ပတ်သက်လို့ ဆရာကျော်မင်းဆွေ ဖြည့်စွက်ပြီး ဆွေးနွေးပါဦး ခင်ဗျ။” ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်၊ The Voice) “အနိမ့်ဆုံးအဆင့်ကတော့ သတင်းရယူဖို့အတွက်ဆိုရင် ရာရှင်နယ်ဖြစ်ရမယ်။ ရာရှင်နယ်ဖြစ်တယ်ဆိုတာ State Own Media ရှိနေတယ်။ ဒါကတော့ Issue တခုအနေနဲ့ ပြောရမှာပေါ့နော်။ ဒီမိုကရေစီနိုင်ငံတခု၊ ရွေးကောက်ပွဲမဝင်ခင် ပြည်သူကို တရားဝင်ကြေညာထားတဲ့၊ ပြောထားတဲ့၊ ကတိပေးထားတဲ့ အချက်တွေနဲ့ လက်ရှိ အစိုးရသွားနေတာနဲ့ ဘယ်လောက်ညီညွတ်သလဲ၊ မညီညွတ်သလဲ ဆိုတာတော့ တပိုင်းပေါ့နော်။ အစိုးရမီဒီယာတွေ ရှိနေတယ်၊ ပုဂ္ဂလိမီဒီယာတွေလည်း ရှိနေတယ်။ သတင်းအချက်အလက်ပေးတဲ့အခါမှာ အနိမ့်ဆုံး၊ အဖျင်းဆုံးအဆင့်က ခုနကပြောတဲ့ Right to Information ကို Access to information ကို ကျနော်တို့က ခက်ခဲတယ် ဆိုပင်ဆိုငြား၊ ရှိနေတဲ့ Access to Information ကို ရာရှင်နယ်ဖြစ်ဖြစ် သူ့ဟာနဲ့သူ အချိုးညီညီ မျှမျှတတ ဖြစ်စေချင်တယ်။ State Own Media ရော၊ MRTV ရော၊ Sky Net ရော၊ MRTV4 ရော ပေးတယ်ဆိုရင် Broadcast Media ပေးတယ်ဆိုရင် ဒီဗွီဘီလည်း ပေးရမယ်၊ RFA လည်း ပေးရမယ်၊ Something ပေါ့နော်။ Print Media မှာလည်း ကြေးမုံ၊ မြန်မာ့အလင်း ပေးသလို ကျန်တဲ့ ပုဂ္ဂလိကမီဒီယာတွေလည်း ပေးရမယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ အကန့်အသတ်ပဲ၊ သူတို့ State Own Media ပဲ၊ နောက်တခါ အရင် ရှေ့ကသွားနှင့်သူတွေပဲ သတင်းရယူခွင့်ရှိတယ်ဆိုရင် အရင်အစိုးရထက် ပိုပြီးတော့ ဆိုးသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင် ဦးသိန်းစိန်အစိုးရဟာ တပ်မတော်သား တပိုင်း၊ အရပ်သား တပိုင်း အဲလို ပြောနေကြတာကိုး။ အခုကတော့ ပြောရမယ်ဆိုရင် Democratic Elected အများစု ဖြစ်နေတဲ့ အစိုးရပေါ့။ ဒီအစိုးရလက်ထက်ကလည်း ဒီမိုကရေစီခေါင်းစဉ် တပ်ထားတယ်။ ဒီမိုကရေစီနဲ့ပတ်သက်ပြီး ပြောနေတယ်။ ဒီမိုကရေစီစံနှုန်းတွေနဲ့ လုံးဝကြီး မညီရင်တောင်မှ တစိတ်တပိုင်းညီဖို့ လိုတယ်။ အခုနကပြောတဲ့ အနိမ့်ဆုံး၊ အဖျင်းဆုံးအဆင့် State Media နဲ့ ပုဂ္ဂလိကမီဒီယာ မျှတအောင် လုပ်ဖို့လိုတယ်။ ကျနော်က ဖြစ်နိုင်တဲ့ကိစ္စကို ပြောနေတာနော်။ အဲဒါမှ မဖြစ်ဘူးဆိုရင်တော့ ပြဿနာရှိတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ဆရာကျော်မင်းဆွေကတော့ အစိုးရအနေနဲ့ မျှမျှတတ သတင်းအရင်းအမြစ်တွေ ရယူပိုင်ခွင့်ကို ပြောသွားပါတယ်။ ဆရာDမင်းအနေနဲ့ရော ဒီအစိုးရမှာ ပြဿနာဖြစ်နေတယ်ဆိုတဲ့ Access to Information မှာ သတင်းရယူပိုင်ခွင့်နဲ့ ပတ်သက်လို့ အရေးကြီးဆုံး ဘာလုပ်ပေးဖို့လိုလဲ ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦး ခင်ဗျ။” ဦးကျော်စွာမင်း (ခ) Dမင်း (အထွေထွေအတွင်းရေးမှူး၊ MJA) “အရေးကြီးဆုံးကတော့ သတင်းတွေ ထုတ်ပေးနိုင်ဖို့ များများလိုတယ်။ သတင်းသမားတွေရဲ့ အဓိကကုန်ကြမ်းက သတင်းထုတ်ပေးနိုင်ဖို့၊ သတင်းရင်းမြစ်ရှိမှ ပြည်သူလူထုကို သတင်းပေးနိုင်မှာပေါ့။ အစိုးရနဲ့ ပြည်သူကို ပေါင်းကူးပေးနိုင်တဲ့ မီဒီယာကို အစာမပေးဘူးဆိုရင် ပြည်သူတွေဆီ သတင်းစီးမျောဖို့က အစိုးရရဲ့ ပေါ်လစီလည်း ရောက်မှာမဟုတ်ဘူး။ ပြည်သူလူထု တကယ်သိရမယ့်ဟာလည်း ရောက်မှာမဟုတ်ဘူး။ အစတုန်းကတော့ သတင်းမီဒီယာတွေက Transaction အကူးအပြောင်းမှာ ဝန်းရံစည်းအနေနဲ့ပဲ ကြည့်တယ်ပေါ့နော်။ ဘောလုံးတသင်း ပြောမယ်ဆိုရင် မန်နေဂျာ ချိန်းသွားတယ်၊ ကစားကွက် ပြောင်းသွားတယ်။ တကယ့် ပလေယာတွေကတော့ ကောင်းတယ်။ အရည်အချင်းရှိတယ်။ ဒါပေမယ့် သူတို့က နည်းပြအပြောင်းမှာ ဘယ်လိုလုပ်ရမလဲဆိုတဲ့ ပုံစံမျိုးမှာ တချို့မှာ တွေ့နေရတယ်။ ဒါကြောင့်မို့လို့ သတင်းပေးတဲ့အခါမှာ ထိန်းကျောင်းပြီးတော့ Management ပဲ အားနည်းလားဆိုတဲ့ဟာမျိုး တခုခုမှာ သွားနေတယ်။ ဒါကြောင့်မို့လို့ ခုနက ကျနော်တို့ ပြန်ပြောမယ်ဆိုရင် ကိုကျော်မင်းဆွေလည်း ပြောသွားတယ်။ သတင်းပေးမယ်ဆိုရင် အခုက ပေးတယ်၊ ပေးတယ်ဆိုတာက အစိုးရ သတင်းဌာန ဖြစ်တဲ့အတွက် အစိုးရဘက်ကိုပဲ ပေးတာ များနေတယ်။ အခုဆိုရင် ရခိုင်ကိုပဲကြည့်တော့ အစိုးရမီဒီယာတော့ သွားနေတယ်။ ကျနော်တို့ မီဒီယာတွေက သွားခွင့်မရှိသေးဘူး။ ဒါမျိုး အကုန်လုံးက သွားချင်တယ်။ ပြည်သူလူထုကို တကယ့်အင်ဖော်မေးရှင်း ပေးမယ်၊ နိုင်ငံတကာကို အင်ဖော်မေးရှင်း ပေးမယ်ဆိုရင်တော့ ပုဂ္ဂလိကမီဒီယာ သတင်းကို သတင်းလို ထုတ်ပေးနိုင်မယ့် သတင်းသမားတွေအတွက်ကို သတင်းရင်းမြစ်တွေ၊ Field တွေကို ပေးနိုင်မှသာလျှင်။ ခုနကလို သတင်းပေးနေရုံနဲ့ မရသေးဘူး။ သတင်းရဲ့ ဖြစ်တည်တဲ့ နေရာဒေသကို ကျနော်တို့က Ground Field ကို သွားနိုင်မှသာလျှင် Real Situation ကို ပေးနိုင်မှာဖြစ်တယ်။ အဲဒါလည်း ကျနော်တို့ အားနည်းနေသေးတယ်။ အဲဒါလည်း လိုအပ်နေသေးတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ၊ သတင်းရယူခွင့်ကနေ နောက်တခုကတော့ ဒီမိုကရေစီတိုင်းပြည်တွေမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှင်သန်ခွင့်ကလည်း အင်မတန်အရေးကြီးပါတယ်။ ကျနော်ဆိုလိုတာက လွတ်လပ်တာ Editorially Independent။ အစိုးရဆီကလည်း လွတ်လပ်ရမယ်၊ ဈေးကွက်ကလည်း လွတ်လပ်ရမယ်။ အဲဒါမှပဲ ပြည်သူတွေ အမှန်အတိုင်း ရနိုင်မှာပေါ့။ အဲဒါတွေရော တကယ်ရှင်သန်ခွင့် လက်ရှိ Democratically Elected အစိုးရမှာ ဘယ်အခြေအနေ ရောက်နေလဲ၊ တကယ်ရော ရှင်သန်နိုင်ရဲ့လား။ အဲဒါနဲ့ပတ်သက်ပြီး ဆရာကျော်မင်းဆွေ ဆက်ပြီးဆွေးနွေးပေးပါဦး။” ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်၊ The Voice) “ဒီကိစ္စက ကျနော် ကြိမ်ဖန်များစွာလည်း ပြောနေတာပါ။ ဝန်ကြီးနဲ့ တွေ့တဲ့အခါမှာလည်း ကျနော် ပြောတယ်။ Public နဲ့ အခမ်းအနားတွေ လုပ်တဲ့အခါမှာလည်း ဒီရှုထောင့်ကနေ ကျနော် ပြောတယ်ပေါ့။ ဒီရှုထောင့်က ပြောတဲ့သူလည်း ကျနော် ထောက်ခံတယ်။ ရှင်းပါတယ် ဒီကိစ္စက။ ဒီမိုကရေစီနိုင်ငံတခုဆီ သွားချင်တယ်ဆိုရင် ဒီမိုကရေစီရဲ့ ရေခံမြေခံထဲမှာ ပုဂ္ဂလိက သတင်းမီဒီယာများ လွတ်လပ်စွာ ရှင်သန်ခွင့်ဆိုတာ ရှိတယ်။ အဲဒီ လွတ်လပ်စွာ ရှင်သန်ခွင့်လို့ ပြောလိုက်တာနဲ့ အဲဒီတခုတည်းနဲ့ မပြီးဘူး။ အဲဒီ လွတ်လပ်စွာရှင်သန်ခွင့်ကို အားပေးအားမြှောက်ပြုတဲ့ ရေခံမြေခံ တဘက်မှာ ရှိဖို့လိုတယ်။ အဲဒါက အစိုးရက ဖန်တီးပေးရတာ။ အရာရာ အစိုးရပဲ ခေါင်းတပ်တာပဲလို့ မပြောနဲ့။ အစိုးရဆိုတာ ဒီဟာတွေလုပ်ဖို့ အစိုးရ ဖြစ်လာတာ။ အဲဒါမလုပ်ချင်ရင် အစိုးရမလုပ်နဲ့လို့ ပြောရမှာပေါ့နော်။ အဲဒီတော့ ကျနော်တို့က ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်ဆိုရင် စောစောက ပြောခဲ့သလို ပြန်ကြားရေးဝန်ကြီးဌာန လိုကိုမလိုဘူး။ သို့သော် လိုအပ်လို့ ထားတယ်ဆိုရင် ထားပါ။ သို့သော် ပုဂ္ဂလိကမီဒီယာတွေ ရှင်သန်ရပ်တည်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။ မရှိဘူးလို့ ပြောလို့မရဘူး။ အဲဒီတော့ ဘယ်လိုတာဝန်ရှိလဲဆိုတော့ ပုဂ္ဂလိကမီဒီယာတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ပိုက်ဆံချေးပေးဖို့ ကျနော်မပြောဘူး။ ပြောချင်တာက Fair Play ဖြစ်အောင်၊ Ground မျှတတဲ့ ကစားပွဲဖြစ်အောင်၊ ပြိုင်ပွဲဖြစ်အောင် လုပ်ပေးဖို့ပဲလိုတယ်။ အဲဒီအတွက် နဖူးကချွေး ခြေမကျစရာ မလိုဘူး။ သူ့အိတ်ထဲက စိုက်စရာ မလိုဘူး။ နိုင်ငံပိုင်မီဒီယာတွေကို ပြုပြင်ပြောင်းလဲလိုက်ပါ။ ကျနော် အရင်တုန်းက ပြောခဲ့တယ်၊ ပြန်ကြားရေးဝန်ကြီးဌာန လုံးဝရှိဖို့မလိုဘူး၊ နိုင်ငံပိုင်မီဒီယာ ရှိစရာမလိုဘူး။ ဒါ သီအိုရီအရ ကျနော်ပြောတာ။ သို့သော် လက်တွေ့အခြေအနေအရ မဖြစ်နိုင်သေးဘူးဆိုတာ ကျနော် နားလည်တယ်။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးဌာန ဆက်ရှိပါ။ State Own Media ကိုတော့ ပြုပြင်ပြောင်းလဲပါ။ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ First Step အနိမ့်ဆုံး၊ အဖျင်းဆုံးအဆင့်၊ ကြေးမုံနဲ့ မြန်မာ့အလင်း သံတူကြောင်းကွဲ သတင်းစာနှစ်စောင်ကို တစောင်ပဲထုတ်ပါ။ ဒါ ပထမဦးဆုံးအဆင့်အနေနဲ့ လုပ်ရမှာ။ အဲဒါကို မလုပ်နိုင်ဘူး။ နောက်တဆင့် ဒီဟာကို Public ကုမ္ပဏီ ပြောင်းရင်ပြောင်း။ ဒါကို ပြုပြင်ပြောင်းလဲလုပ်မယ့် Fair Play က ကျန်တဲ့ သတင်းမီဒီယာတွေ၊ ပုဂ္ဂလိကသတင်းမီဒီယာတွေနဲ့ ခြေရည်တူ ယှဉ်ပြိုင်ကစားခွင့်ရတာမျိုး လုပ်ပေးလိုက်။ အဲဒါဆို ကျနော်တို့က ပြဿနာမရှိဘူး။ နောက်တခု အဲဒီဟာအပြင် ဘာရှိလဲဆိုတော့ Step by Step ကြော်ငြာ၊ Market Oriented နဲ့ သွားတဲ့အခါမှာ ပုဂ္ဂလိကမီဒီယာတွေက Commercially ရပ်တည်ရတယ်။ ကိုယ့်ရဲ့ပိုက်ဆံနဲ့၊ ကိုယ့်ရဲ့ချွေးနှဲစာနဲ့ ရပ်တည်ရတယ်။ ရောင်းရတဲ့ဝင်ငွေနဲ့၊ ရတဲ့ကြော်ငြာငွေနဲ့ ရပ်တည်ရတာ။ အဲဒီတော့ ကြော်ငြာဈေးကွက်ကြီးတခုလုံးက ပုဂ္ဂလိက သတင်းမီဒီယာတွေ မပေးခင်မှာ အစိုးရ မီဒီယာတွေက Dominate လုပ်ထားပြီးသား။ Dominate လုပ်တာ ရိုးရိုးလုပ်တာမဟုတ်ဘူး၊ ခေါက်ချိုး သို့မဟုတ် သုံးပုံ နှစ်ပုံလောက် လျှော့ဈေးနဲ့ပေးပြီး ကြော်ငြာသမားတွေကို ဆွဲစိထားပြီးတော့ အထဲထဲမှာ ထည့်ထားတာ။ အဲဒီတော့ ပုဂ္ဂလိကမီဒီယာတွေ၊ သတင်းစာတွေ ထွက်လာတဲ့အခါမှာ မနည်းလုပ်ရတယ်။ ဆိုလိုချင်တာက အခုအချိန်ထိ ရှုံးနေတာပဲ။ ရှုံးတာ ကိုယ့်ဒေါသနဲ့ကိုယ်ပဲ၊ မားကက်သဘောအရ ယှဉ်ပေါ့။ ဒါဆိုရင် ဘယ်မလဲ မျှတတဲ့ကစားပွဲ။ မျှတတဲ့ကစားပွဲတောင် မဖြစ်ဘဲနဲ့ ကိုယ့်ဟာကိုယ် ရှုံးရင်ခံပေါ့ ဆိုတာ တာဝန်မဲ့စကား ဖြစ်သွားတယ်။ ဆိုလိုချင်တာက နောက်ဆုံး ကျနော်တို့က အိုကေ အဲဒါဆိုရင် တဘက်ဘက်က ရေခံမြေခံမှာ ဘာပါလဲဆိုတော့ တရားမျှတတဲ့ ယှဉ်ပြိုင်ခွင့်ကို လက်ဝါးကြီးအုပ်မှုကို ကာကွယ်တဲ့ဥပဒေ ရှိသလား။ မရှိဘူး။ မရှိဘဲနဲ့ ကျနော်တို့က ဈေးကွက်ကို လက်ဝါးကြီးအုပ်သလို ဖြစ်နေတာ၊ ပုဂ္ဂလိကဆိုရင် ထားလိုက်တော့။ အစိုးရဖြစ်နေရင် ပြဿနာရှိတယ်။ အထူးသဖြင့် ဦးသိန်းစိန်အစိုးရဆိုရင် ပြဿနာ ဒီလောက် မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးသိန်းစိန် အစိုးရကို ချစ်လို့ပြောတာ မဟုတ်ဘူး။ ဦးသိန်းစိန်အစိုးရက အာဏာရှင်တပိုင်း အစိုးရမို့။ ဒါ အာဏာရှင်ဆန်ဆန် လုပ်တဲ့ကိစ္စ၊ သူ့ဝန်ကြီးတွေကလည်း အာဏာရှင်တပိုင်းတွေ ဖြစ်တဲ့အတွက်။ ဒီမိုကရေစီအစိုးရဆိုရင် အစိုးရကိုယ်တိုင်က လက်ဝါးကြီးအုပ်သလို ဖြစ်နေတဲ့ကိစ္စ အင်မတန်ရှက်စရာကောင်းတယ်။ အဲဒီတော့ အစိုးရတင် ရှက်စရာကောင်းတာ မဟုတ်ဘူး။ ဒီမိုကရေစီနည်းအရ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များနဲ့ ပြည်သူ့အစိုးရဖြစ်နေရင် ပြည်သူလူထုက ဈေးကွက်ထဲမှာရှိတဲ့၊ ကိုယ့်ချွေးနှဲစာနဲ့ ရပ်တည်နေတဲ့သူတွေကို ယှဉ်ပြိုင်ခွင့် ပျောက်ဆုံးသွားအောင်၊ ယှဉ်ပြိုင်လို့မရအောင် လက်ဝါးကြီးအုပ်နေတယ်ဆိုရင် အဲဒါ ပိုရှက်စရာကောင်းတယ်။ နိုင်ငံနဲ့ချီပြီး၊ အစိုးရနဲ့ချီပြီး သိက္ခာကျတယ်လို့ ကျနော် ပြောချင်တာ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ဒီကိစ္စကို ကျနော် ဆရာDမင်းလည်း မေးပါမယ်။ ဆရာကျော်မင်းဆွေကတော့ ပြည့်ပြည့်စုံစုံ ပြောသွားတယ်။ အထူးသဖြင့်တော့ Fair Play ပေါ့နော်။ လွတ်လပ်သော သတင်းမီဒီယာတွေ ရှင်သန်ဖို့။ ဒါမှလည်း လွတ်လွတ်လပ်လပ် သိကြမှာပါ။ အဲဒါရဲ့ အဓိကဟာကို ကျနော်တို့ ပြောနေတာ။ ခုနက ဆရာကျော်မင်းဆွေ ပြောသလို အစိုးရမှာလည်း တာဝန်ရှိသလို ကျန်တဲ့ သတင်းမီဒီယာတွေမှာလည်း အားထုတ်ဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် လွတ်လပ်တဲ့ ဈေးကွက်တွေတော့ ဖန်တီးပေးဖို့လိုတယ်။ ဆရာDမင်းကို ဒီကိစ္စပဲ ထပ်ပြီးမေးလိုပါတယ်။ တကယ်တမ်း မြန်မာပြည်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရပ်တည်ဖို့ အဓိက ဘာတွေလိုနေလဲ။ ဘယ်သူတွေမှာ တာဝန်ရှိလဲ။ ဘာလုပ်ပေးရမလဲ။ အဲဒါလေး ဖြည့်စွက်ဆွေးနွေးပေးပါ ခင်ဗျ။” ဦးကျော်စွာမင်း (ခ) Dမင်း (အထွေထွေအတွင်းရေးမှူး၊ MJA) “အဓိကကတော့ ကျနော်တို့အစိုးရမှာ တာဝန်ရှိတယ်။ စကားတခွန်းနဲ့ ပြောရမယ်ဆိုရင် နိုင်ငံရေးသမားတယောက်ပြောတာ ကြားဖူးပါတယ်။ ဒီနိုင်ငံ မဖွံ့ဖြိုးစေချင်ရင် စာသင်ကျောင်းတွေ မရှိစေနဲ့တဲ့။ ကျနော်ကတော့ ဒီလို ပြောချင်တယ်။ ဒီမိုကရေစီ မဖွံ့ဖြိုးစေချင်ရင် ဒီနိုင်ငံမှာ မီဒီယာတွေ မရှိစေနဲ့ ဆိုပြီးတော့များ ဖြစ်နေလားလို့။ အဓိကက ကျနော်တို့ ဖိုရမ်တွေပေါ့နော်။ သတင်းမီဒီယာဖိုရမ်တွေမှာ အများဆုံး တွေ့ရမယ်ဆိုရင် အခု Survival ဖြစ်နေတာ Ethnic မီဒီယာတွေ၊ Community မီဒီယာတွေက အင်မတန် အော်နေပြီ။ သူတို့အော်တာ Target က နိုင်ငံပိုင်မီဒီယာတွေ မရှိပါစေနဲ့လို့ သူတို့က အဲဒီလိုကို ပြောတာ။ ဘာဖြစ်လို့လဲဆိုတော့ ရှိသမျှ ဂျာနယ်ရဲ့အသက်က ကြော်ငြာပါပဲ။ သတင်းစာရဲ့အသက်က ကြော်ငြာပဲ။ ဒီကြော်ငြာမရှိဘူးဆိုရင် ဘယ်လိုမှ ရင်ဆိုင်နိုင်စွမ်း မရှိဘူး။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ ဒီကြော်ငြာတွေ ရခဲ့သည်ရှိသော်လည်း လွယ်လွယ်လေးပါ လုပ်လို့ရပါတယ်။ ဒီကြော်ငြာရဲ့ Percentage ဘယ်လောက်ကို ဘယ်မီဒီယာတွေကို Equal Share။ နောက်ဆုံး ကြော်ငြာတွေကို ပြန်ပြီးတော့ Sharing လုပ်ပေးရင် မီဒီယာတွေ အသက်ဆက်မှ ဒီမိုကရေစီကို ကျနော်တို့က အားကောင်းမောင်းသန် ဖြစ်စေမှာ။ ကျနော်တို့ မီဒီယာကို သွားသတ်လိုက်ပြီဆိုရင် ဒီမိုကရေစီပါ ထိခိုက်သွားစေနိုင်တယ်။ နောက်တခု ကျနော် အကြံပြုချင်တာက အဖွဲ့အစည်းတခုလောက် ဒီဟာကို ထိန်းကျောင်းနိုင်ဖို့။ ဂျာမနီမှာဆိုရင် မြန်မာလို ဆီလျော်အောင်ပြောမယ်ဆိုရင် လက်ဝါးကြီးအုပ်စိုးမှုမှ ကာကွယ်တဲ့ ဥပဒေနဲ့ အဖွဲ့အစည်းဆိုတာ ရှိတယ်။ သူက စောင့်ကြည့်နေတာ။ ဘယ်သူကနေပြီးတော့ လက်ဝါးကြီးအုပ်နေလဲ ဆိုပြီး သူက ခေါ်ပြောတယ်။ မင်း ဒါတွေ လျှော့တော့၊ ဒါတွေ လျှော့တော့။ ဆိုတဲ့အခါမှာ ကျနော်က ခုနကပြောသလို နိုင်ငံပိုင်ကလည်း ပြိုင်ချင်တယ်ဆိုရင်တော့ နိုင်ငံပိုင်ဘတ်ဂျက်နဲ့ သွားပြီးတော့ စီးပွားရေးသဘောပဲ၊ မင်းတို့ ပြိုင်နိုင်ရင်ပြိုင်လေဆိုပြီး သွားပြီးစိန်ခေါ်လို့မရဘူး။ ဒါဆိုရင် သူက ဘာလုပ်ရမလဲဆိုရင် နိုင်ငံပိုင်ကနေ ပုဂ္ဂလိကကို ပြောင်းရမယ်။ ပုဂ္ဂလိကအချင်းချင်း ပြိုင်မှရမယ်။ နိုင်ငံတော်က ဘတ်ဂျက်ကို မယူနဲ့။ သူ ဘယ်လောက်အထိ ရပ်တည်နိုင်မလဲဆိုတာ ကျနော်တို့က အဲဒီအခါကျမှ Fair Play ဖြစ်မှာ။ အခုဟာက ဘတ်ဂျက်လည်း ယူထားတယ်။ သတင်း Field တွေမှာလည်း ဌာနဆိုင်ရာသတင်းပဲဖြစ်ဖြစ်၊ တကယ့် State Level ပေါ့နော်။ နိုင်ငံတော် Level ပဲဖြစ်ဖြစ် သတင်းအကုန်လုံးက လက်ဝါးကြီးအုပ်ထားမယ်၊ ကြော်ငြာလည်း အုပ်ထားမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံကို မရောက်ဘဲနဲ့ နောက်ကြောင်းပြန်သွားတဲ့ဟာမျိုး ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ မက်ဆေ့ခ်ျတခုပဲ ပေးချင်ပါတယ်။ အစိုးရမှာ လုံးဝ တာဝန်ရှိပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024