ဂျပန်တွင် ကြက်ငှက်တုပ်ကွေး ကူးစက်မှုကြောင့် ကြက်၊ ဘဲအကောင်ရေ ၃ သိန်းကျော် သုတ်သင်

ဓာတ်ပုံ - ရိုက်တာ
ဂျပန်နိုင်ငံမှာ ၂ နှစ်အတွင်း ကြက်ငှက်တုပ်ကွေး ကူးစက်မှုတွေ ပျံ့နှံ့လာလို့ နိုင်ငံမြောက်ပိုင်းက ကြက်ခြံ၊ ဘဲခြံတွေက ကြက်၊ ဘဲ အကောင်ရေ ၃ သိန်းကျော်ကို စတင်သုတ်သင်နေပြီလို့ အစိုးရက နိုဝင်ဘာ ၂၉ ရက်မှာ ကြေညာပါတယ်။ အခုလို ကူးစက်မြန်တဲ့ ကြက်ငှက်တုပ်ကွေးရောဂါတွေ ပြန်ဖြစ်လို့ ရောဂါကာကွယ်ရေး ပစ္စည်းကုမ္ပဏီ အစုရှယ်ယာတွေ ဈေးခုန်တက်ခဲ့ပါတယ်။ ဂျပန်အစိုးရပြောခွင့်ရက သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ နိုဝင်ဘာ ၂၉ ရက်က ဆွေးနွေးခဲ့ပြီး ရောဂါ ဆက်လက်မပြန့်ပွားအောင်လို့ လိုအပ်တဲ့ အစီအစဉ်တွေအားလုံး ချမှတ်ပြီးပြီလို့ ပြောပါတယ်။ တိုကျိုမြို့တော်မြောက်ဘက် နီကာတာခရိုင်က ကြက်ခြံတခြံမှာ ကြက်အကောင် ၄၀ H5 ကြက်တုပ်ကွေး တွေ့ရှိလို့ ကြက်အကောင်ရေ ၃ သိန်း ၁ ထောင်ကျော်ကို ရှင်းလင်းသုတ်သင်ခဲ့တယ်၊ ဒီဇင်ဘာ ၂ ရက်နေ့အထိ ဆက်လက်ရှင်းလင်းသွားမယ်လို့ ခရိုင်အာဏာပိုင်တွေက ပြောပါတယ်။ အော်မိုရီ (Aomori) ခရိုင်မှာလည်း ရောဂါကူးစက်မှုတွေ တွေ့ရှိလို့ ဘဲအကောင်ရေ ၁၅၀၀၀ ကျော် သုတ်သင်ခဲ့တယ်လို့ ခရိုင်အစိုးရ၀က်ဆိုက်မှာ ရေးသားထားပါတယ်။ အော်မိုရီခရိုင်မှာတော့ ဒီတချိန်ကူးစက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဂျပန် ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်းတွေမှာတော့ ၂ နှစ်အတွင်း ပြန်လည်ဖြစ်ပွားလာတာလို့ ဂျပန်စိုက်ပျိုးမွေးမြူရေး ၀န်ကြီးဌာနက ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up