ကျောင်းထောက်ပံ့ကြေးများကို ကိုယ်ကျိုးအလွဲသုံးရင် အရေးယူမည်
နေဖြိုးဝင်း
·
November 29, 2016
ကျောင်းထောက်ပံ့ကြေးတွေကို ကိုယ်ကျိုးရှာ အလွဲသုံးစားပြုရင် အရေးယူမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အခြေခံပညာကဏ္ဍ ကျောင်းထောက်ပံ့ကြေးလုပ်ငန်း အစီအစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တိတိကျကျ လိုက်နာဆောင်ရွက်ရေးအတွက် အထူးစီမံကြပ်မတ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိနဲ့ ကျောင်းထောက်ပံ့ကြေးတွေကို ကိုယ်ကျိုးရှာ အလွဲသုံးစားပြုနေတဲ့ ကျောင်းထောက်ပံ့ကြေး ကော်မတီဝင်တွေကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူအပြစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေဆိုတာ ဖြစ်ပါတယ်။
“အခြေခံပညာဦးစီးဌာနအောက်က ကျောင်းထောက်ပံ့ကြေးလုပ်ငန်းတွေကို တိတိကျကျ မလိုက်နာဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူး၊ ကိုယ်ကျိုးရှာ အလွဲသုံးစားမှုတွေရှိရင် တိုင်ကြားမှုအရ သော်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနရဲ့ စစ်ဆေးတွေ့ရှိမှုအရသော်လည်းကောင်း၊ ကမ္ဘာ့ဘဏ်က စစ်ဆေးတွေ့ရှိလို့သော်လည်းကောင်း၊ နိုင်ငံတော်စာရင်းစစ်အဖွဲ့က စစ်ဆေး တွေ့ရှိလို့သော်လည်းကောင်း ပြစ်မှုကျုးလွန်တာနဲ့အမျှ ချက်ချင်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီးက ဆိုပါတယ်။
ကျောင်းထောက်ပံ့ကြေးတွေဟာ ကမ္ဘာ့ဘဏ်ရဲ့ အတိုးမဲ့ချေးငွေနဲ့ ဆောင်ရွက်တဲ့လုပ်ငန်း ဖြစ်တဲ့အတွက် သုံးစွဲတာမှာလည်း ကမ္ဘာ့ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းတွေ သတ်မှတ်ထားပြီး ဖြစ်သလို စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုလုပ်ငန်းတွေမှာလည်း အစစ်ဆေးခံ ရန်ပုံငွေအဖြစ် တွဲဖက်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
စာရင်းစစ်တွေအနေနဲ့ နိုင်ငံတော်ရန်ပုံငွေ စိစစ်ရာမှာ ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေကိုပါ နိုင်ငံတော်ပိုင်ရန်ပုံငွေလို လုပ်ထုံးလုပ်နည်းနဲ့အညီ ကိုက်၊ မကိုက် စစ်ဆေးဖို့ သတ်မှတ်ထားတယ်လို့ ဦးဝင်းမော်ထွန်းက ဆိုပါတယ်။