မွတ်ဆလင်ခေါင်းမြီးခြုံဝတ်စုံဖြင့် ပထမဆုံး အလှမယ်ပြိုင်ပွဲဝင်ပြိုင်သည့် မိန်းကလေး (ရုပ်သံ)

ဟာလီမာ အေဒန်ဟာ မွတ်ဆလင်ခေါင်းမြီးခြုံဝတ်စုံနဲ့ အလှမယ်ပြိုင်ပွဲတခုမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒါဟာ သမိုင်းမှာ ပထမဆုံး အမျိုးသမီးတဦး ဖြစ်လာခဲ့ပါတယ်။ ဟာလီမာဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး မွတ်ဆလင်ဘာသာဝင် အမျိုးသမီးတွေအနေနဲ့ အမြဲစောင့်ထိန်းဝတ်ဆင်ကြရတဲ့ ခေါင်းမြီးခြုံဝတ်စုံနဲ့ အမေရိကန်နိုင်ငံ၊ မင်နီဆိုတာပြည်နယ် အလှမယ်ပြိုင်ပွဲမှာ နိုဝင်ဘာ ၂၈ ရက်နေ့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ သူဟာ ပြိုင်ပွဲရဲ့ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ရမယ့် အစီအစဉ်မှာ ရေကူးဝတ်စုံအစား ခေါင်းမြီးခြုံဝတ်စုံနဲ့အတူ ၀တ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူ့အနေနဲ့ ခုလိုဝတ်ဆင်ပြီး ယှဉ်ပြိုင်ဖြစ်တာဟာ မွတ်ဆလင်ဘာသာအပေါ် ရှုမြင်နေကြတဲ့ မှားယွင်းတဲ့ အတွေးအမြင်နဲ့ အယူအဆတွေကို ပြောင်းလဲရှုမြင်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ၊ စိန့်ကလောက်ဒ် ကောလိပ်ကျောင်းသူတဦးဖြစ်တဲ့ ဟာလီမာက WCOO ရုပ်သံသတင်းဌာနကို “အရင်အချိန်တုန်းကတော့ ကွဲပြားခြားနားစွာ ဖြစ်တည်နေမှုကို အဆိုးမြင်တဲ့ အခြေအနေတခုအဖြစ် ကျမ ရှုမြင်ခဲ့မိပါတယ်။ ဒါပေမယ့် ကျမကြီးပြင်းလာခဲ့ချိန်မှာတော့ ကျမတို့အားလုံးဟာ သီးခြားရပ်တည်နေကြရမှာကို သိလာခဲ့ပါတယ်။ လူတိုင်း အကုန်လုံး တူညီနေကြမယ်ဆိုရင် ဘယ်လောက်များ ပျင်းရိဖို့ ကောင်းလိုက်မလဲ” လို့ ဖြေခဲ့ပါတယ်။ သူ့ရဲ့မိသားစုတွေဟာ ဟာလီမာ အသက် ၇ နှစ်အရွယ်မှာ ဆိုမာလီနိုင်ငံကနေ အမေရိကန်နိုင်ငံဆီ ဒုက္ခသည်တွေအဖြစ် ပြောင်းရွှေ့လာခဲ့ကြတာပါ။ ခုလိုပြိုင်ပွဲဝင်ဖြစ်တဲ့အပေါ် မိခင်ဖြစ်သူ ရူကီရာ အေဒန်ကတော့ အပြည့်အ၀ အားပေးထောက်ခံခဲ့တယ်လို့ ဆိုပါတယ်။ “ဒါဟာ ကျမအတွက် အသစ်အဆန်းတခုပါပဲ။ ကျမ အမေရိကန်နိုင်ငံမှာ နေထိုင်ရတာ ပျော်ရွှင်မိပါတယ်။ လူတွေအားလုံးဟာ လွတ်လပ်စွာပဲ သူတို့ဝတ်လိုရာကို ၀တ်နိုင်ကြတယ်လေ” လို့ ပြောပါတယ်။ အဲဒီပြိုင်ပွဲမှာ ဟာလီမာဟာ အလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းမရှိဘဲ အလှမယ် မဲရစ်ဒစ်သ် ဂေါင်းလ်ဒ်က ရရှိခဲ့တာပါ။ ဒါပေမယ့် သူဟာ ဆီမီးဖိုင်နယ်အဆင့် ဆန်ကာတင် ၁၅ ယောက်စာရင်းထိ ပါဝင်ခဲ့ကာ ပရိသတ်တွေရဲ့ အားပေးမှု အများကြီးရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

More News
Up