ကျောင်းသားများကို ပြင်းထန်စွာရိုက်သည့်ဆရာကို မကျေနပ်၍ မိဘများတိုင်ကြား
DVB
·
November 29, 2016
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာ ပညာနန်းတော်အဆောင်မှာ နိုဝင်ဘာ ၂၇ နေ့က ဆရာက ကျောင်းသားတွေကို ပြင်းထန်စွာ ရိုက်နှက်တယ်ဆိုပြီး မိဘတွေက သက်ဆိုင်ရာကိုတိုင်ကြားကာ ကျောင်းသား ၄ ဦးကို ပြန်လည်ခေါ်ယူသွားပါတယ်။
၉ တန်းကျောင်းသား ၄ ဦး အပါအဝင် ကျောင်းသား ၁၁ ဦးတို့က နိုဝင်ဘာ ၂၃ ရက် ညနေ ကာယအချိန်မှာ ညောင်ကုန်းရွာ အ.ထ.ကကျောင်းမှာ ကျောင်းဆရာခွင့်ပြုချက်နဲ့ ဘောလုံးကန်ခဲ့ကြပြီး ကျောင်းဆင်းလို့ အဆောင်ကို ပြန်ရောက်ချိန်မှာ ဆရာဦးလှမျိုးထက် ခေါ် အာနိုးက အင်္ကျီချွတ်ခိုင်းပြီး ကျော၊ လည်ပင်းတို့ကို ရိုက်နှက်ခဲ့တဲ့အတွက် မှောက်ခုံသာ အိပ်နိုင်ခဲ့တယ်လို့ ကျောင်းသားတွေက ပြောခဲ့ပါတယ်။
ကျောင်းသားတွေက မိဘတွေထံ လိမ်းဆေးမှာယူခဲ့တာကြောင့် မိဘတွေသိရှိကာ နိုဝင်ဘာ ၂၇ နေ့မှာ ညောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးကို အဆောင်သို့ ခေါ်ယူတိုင်ကြားခဲ့သလို နန့်လိုင်ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်ကြားခဲ့ပြီးနောက် နန့်လိုင်ရွာက ကျောင်းသား ၄ ဦးကို မိဘတွေက အဆောင်ကနေ ပြန်လည်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
ကျောင်းသားတွေဟာ အဆောင်စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့လို့ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ဆရာ ဦးလှမျိုးထက်က ပြောပါတယ်။
“ကလေးတွေက ဘောလုံးကန်လို့ဆိုပြီးတော့မှ ကျနော်က ရိုက်တာမဟုတ်ပါဘူး။ အမှန်တကယ်တော့ ဘောလုံးကန်လို့မဟုတ်ဘဲ အဆောင်စည်းကမ်းတွေကို ဖောက်ဖျက်နေတာ ကြာခဲ့ပါပြီ။ စည်းကမ်းတွေကို လိုက်လျောစေချင်တဲ့စိတ်၊ ဆရာဆိုတာ ဖြစ်စေချင်တဲ့စိတ်နဲ့ပဲ သူတို့ကို ရည်ရွယ်ပြီး ကျနော်ရိုက်လိုက်မိတာပါ။ တကယ်တော့ သူတို့ကို နာစေချင်တဲ့စိတ် ကျနော့်မှာမရှိဘဲနဲ့ သူတို့ကို ကောင်းစေချင်တဲ့ စိတ်တခုတည်းနဲ့ ရိုက်လိုက်ခြင်းဖြစ်ပါတယ်။ ရိုက်နှက်လို့ တကယ်ကျနော်မှားခဲ့တယ်ဆိုရင်တောင်မှ ကျနော့်ရဲ့ စေတနာအမှားဖြစ်တယ်ဆိုတာ မိဘတွေသိစေချင်တယ်။”
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားမိဘတွေက မိုးညှင်းအခြေစိုက် သတင်းမီဒီယာတွေကို နိုဝင်ဘာ ၂၇ ရက် ညနေက ရိုက်နှက်ခံရတဲ့ ကျောင်းသားတွေနဲ့အတူ လာရောက်ရှင်းလင်း ပြောပြသွားပါတယ်။
သတင်း၊ ဓာတ်ပုံ - မုန်းမုန်းမင်း