ထိုင်းနှင့်ယှဉ်ပြိုင်မည့် အကြိုဗိုလ်လုပွဲအတွက် အများကြီးမျှော်လင့်မထားရန် မြန်မာနည်းပြ ပြော

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲမှာ အများကြီး မျှော်လင့်မထားကြဖို့ မြန်မာနည်းပြ ဂတ်ဇီဆီက ပြောကြားလိုက်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့အဖြစ် ထိုင်းအသင်းနဲ့ လာမယ့် ဒီဇင်ဘာ ၄ ရက် ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ကစားရမှာပါ။ ထိုင်းအသင်းဟာ အာဆီယံဒေသတွင်းမှာ အတောင့်တင်းဆုံးအသင်းဖြစ်တာကြောင့် ခက်ခဲနိုင်ပြီး အကောင်းဆုံး ကြိုးစားပြင်ဆင်မှာဖြစ်ပေမယ့် အများကြီး မျှော်လင့်ထားလို့ မရဘူးလို့ မြန်မာနည်းပြ ဂတ်က ပြောပါတယ်။ ထိုင်းအသင်းကို အနိုင်ရဖို့ မလွယ်ကူပေမယ့် ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေ ရယူပေးချင်တာကြောင့် ပြင်ဆင်မှုတွေ သေချာပြုလုပ်သွားမယ်လို့လည်း  မြန်မာနည်းပြ ဂတ်ဇီဆီက ဆိုပါတယ်။ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ဟာ ၂၀၁၂ နဲ့ ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲတွေမှာလည်း အုပ်စုပွဲစဉ်တွေမှာ တွေ့ဆုံခဲ့ဖူးပြီး ၂၀၁၂ ခုနှစ်ပြိုင်ပွဲမှာ ၄ ဂိုး ဂိုးမရှိ၊ ၂၀၁၄ ပြိုင်ပွဲမှာ ၂ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ ထိုင်းအသင်းက အနိုင်ရခဲ့ပါတယ်။

More News
Up