မန္တလေးတွင် သံဃာတော် ၅ ပါး ဆန္ဒပြ
နေသွင်
·
November 15, 2011
ရွှေဝါရောင်သပိတ်ကြောင့် အဖမ်းခံထားရတဲ့ သံဃာတော်တွေ အပါအဝင် နိုင်ငံရေးအ ကျဉ်းသားတွေကို ပြန်လွှတ်ဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သံဃာတော် ၅ ပါးက မန္တလေး မဟာမြတ်မုနိ ဘုရားကြီးဝင်းထဲမှာ ဒီနေ့မနက် ၅ နာရီကစလို့ ဆန္ဒပြနေပါတယ်။
အဖမ်းခံထားရတဲ့ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ တိုင်းရင်းသားဒေသက စစ်ပွဲတွေရပ်ရေးအတွက် ဒီသံဃာတော် ၅ ပါးက ဘုရားကြီးဝင်းထဲက မဟာဗုဒ္ဓဝင်ဗိမာန်မှာ အသံချဲ့စက်နဲ့ ဟောပြောကြပါတယ်။
မနက် ၁၀ နာရီလောက်မှာ မန္တလေးက သံဃမဟာနာယက ဆရာတော်တွေ ရောက်လာပြီး ဆန္ဒပြသံဃာတော်တွေနဲ့ ဆွေးနွေးတယ်လို့ ဆန္ဒပြသံဃာတော်တပါးဖြစ် တဲ့ ဦးမာဃက အသိပေးမိန့်ကြားပါတယ်။
“မစိုးရိမ် တိုက်ဥက္ကဋ္ဌဆရာတော်ကြီးရယ်၊ ဘုရားကြီးတိုက်ထဲက ဩဝါဒ ဒုတိယ ဆရာတော်တရားရယ် လာရောက်ပြီးတော့ ဦးဇင်းတို့နဲ့ ဆွေးနွေးစကားပြောသွားပါတယ်။ အဲဒီမှာ သဘောတူညီချက်က ဆရာတော်ကြီးတွေက တိုင်းဝန်ကြီးချုပ်ကို သူတို့ကိုယ်တိုင် သွားရောက်တွေ့ဆုံ စကားပြောပြီးတော့ ဦးဇင်းတို့ရဲ့ လိုချင်တဲ့အချက်တွေကို ဦးဇင်းတို့က တင်ပြပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ဆရာတော်ကြီးတွေက မိန့်သွားပါတယ်။ ဒီကြားမှာတော့ ဆရာတော်ကြီးတွေက ဦးဇင်းတို့ရဲ့ ဟောပြောပွဲတွေကိုတော့ ရပ်ထားဦးလို့ မေတ္တာ ရပ်ခံတဲ့အတွက် ဦးဇင်းတို့ နာခံနေရပါတယ်။ ”
ဆန္ဒပြသံဃာတော်တွေရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်လို့လည်း ဆရာတော် ဦးမာဃက အခုလို မိန့်ကြားပါတယ်။
“ဦးဇင်းတို့ တောင်းဆိုတာက ရွှေဝါရောင်တုန်းကပဲ ဖြစ်ဖြစ်၊ ဒိထက်အရင်ကပဲဖြစ်ဖြစ် မစိုးရိမ်ဆရာတော် ဦးဝိရသူတို့၊ ရွှေဝါရောင်တုန်းက ဦးဂမ္ဘီရတို့နဲ့အတူ မေတ္တာသုတ်ရွတ်တဲ့ ဆရာတော်တွေ အကျဉ်းကျနေတယ်၊ ကျန်းမာရေးတွေ မကောင်းဖြစ်နေကြတယ်၊ နောက် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့ရယ်အတွက် ဆိုပြီးတော့ ဦးဇင်းတို့ နံပါတ်တစ်တချက်ပေါ့။ နောက် နံပါတ် နှစ်အချက်ကတော့ တိုင်းရင်းသားဒေသအသီးသီးမှာရှိနေတဲ့ ပြည်တွင်းစစ်တွေကို ချက်ချင်းရပ်ပေးဖို့ရယ်၊ နောက်ပြီးတော့ လွတ်လပ်မှုရှိတဲ့ ဟောပြောခွင့်တွေကိုလည်း ဦးဇင်းတို့ တောင်းဆိုထားပါတယ်။”
ဒီကနေ့ ညနေ ၃ နာရီမှာ ဆန္ဒပြသံဃာတော်တွေနဲ့ တိုင်းဝန်ကြီးချုပ် တွေ့ခွင့်ရအောင် စီစဉ်ပေးမယ်လို့ ဆရာတော်တွေက မိန့်ကြားသွားတယ်လို့ ဦးမာဃက ဆိုပါတယ်။
ဘုရားကြီးဝင်းအနီးမှာ အာသောကရာမ၊ ဒက္ခိဏရာမ စတဲ့ နာမည်ကြီး စာသင်တိုက်တွေ ရှိပါတယ်။
သံဃာတော်တွေ ဆန္ဒပြတဲ့သတင်းကို ကြားတဲ့အတွက် မြို့ခံတွေနဲ့ သံဃာတော် တွေ ရာနဲ့ချီ ရောက်လာပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ အားပေးကြတယ်လို့ သိရပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို အစိုးရပိုင်းက စစ်တပ်တွေ၊ ရဲတွေ ရောက်လာတာမရှိတာ ထူးခြားတယ်လို့ ဆန္ဒပြတဲ့ဗိမာန်အနီး လိပ်ကန်ဘေးကနေ စောင့်ကြည့်နေတဲ့ သံဃာတော်တပါးက အသိပေးမိန့်ကြားပါတယ်။
“ရှေ့မှာတော့ မနက်က ဆိုင်းဘုတ် ၂ ခုထောင်ထားတယ်၊ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်နဲ့ ပြည်တွင်းစစ် ချက်ချင်းရပ်ဆိုတဲ့ မြန်မာလို့ အင်္ဂလိပ်လို စာတန်း ၂ ခုပါတဲ့ ဆိုင်းဘုတ်ကို ထောင်ထားတယ်။ နောက်တနာရီအတွင်းမှာတော့ ထပ်ပြီးတော့ ဆိုင်းဘုတ် ၂ ခု ထပ်ပြီးထောင်တယ်။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေနဲ့ လွှတ်လပ်မှုကို ပေးပါဆိုတဲ့ ဆိုင်းဘုတ် ၂ ခုကို ထပ်ထောင်တာ တွေ့ရတယ်ခင်ဗျ။ ဆိုင်းဘုတ် ၂ ခုစလုံးမှာ အင်္ဂလိပ်လိုရော ဗမာလိုရော ရေးထားတာ တွေ့ရတယ်။ ပြီးတော့ ဆိုင်းဘုတ် ၂ ခု အလယ်တဲ့တဲ့မှာ သံဃာ့အလံကို ထောင်ထားတယ်။ ငြိမ်းချမ်းရေးချိုးဖြူအလံလေး ထောင်ထားတာကို တွေ့ရတယ်။ ပိတ်စနဲ့ လုပ်ထားတဲ့ ဆိုင်းဘုတ်ပါပဲ။”
မနေ့တုန်းက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ကောလဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ် မလွတ်မြောက်ခဲ့ပါဘူး။
မြန်မာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ၅၀၀ ဝန်းကျင်ရှိတယ်လို့ အစိုးရက ဆိုပြီး၊ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ၂,၀၀၀ ဝန်းကျင်ရှိတယ်လို့ ယုံကြည်နေပါတယ်။
မနှစ်နှစ်ကုန်ပိုင်းကစလို့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ အစိုးရနဲ့ တိုင်းရင်းသားတပ်တွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။