ကြားဖြတ်ရွေးကောက်ပွဲအတွက် အမတ်လောင်း အမည်စာရင်း စသွင်းနိုင်ပြီ
DVB
·
November 28, 2016
လာမယ့်နှစ်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်က စတင်ပြီး ကော်မရှင်ထံမှာ အမည်စာရင်း တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။
ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ အမည်စာရင်းတင်ရာမှာ သက်ဆိုင်ရာပါတီရဲ့ ထောက်ခံချက်နဲ့ ပူးတွဲတင်ပြဖို့ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်တာကို နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၇ ရက်ထိ သတ်မှတ်ထားတယ်။
နိုင်ငံတဝန်း လစ်လပ်နေရာ ၁၉ နေရာအတွက် ၂၀၁၇ ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဓိက အတိုက်အခံပါတီ ပြည်ခိုင်ဖြိုးပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်။
အန်အယ်လ်ဒီပါတီကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၈ ဦး စာရင်းကို ထုတ်ပြန်ထားပါတယ်။