အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ဟာ နိုဝင်ဘာ ၁၄ ရက်ပွဲစဉ်တွေ ပြီးဆုံးချိန်ထိ ရွှေတံဆိပ်မဆွတ်ခူးနိုင်သေးဘဲ ငွေတံဆိပ်နဲ့ကြေးတံဆိပ်တွေသာ ဆွတ်ခူးထားပါတယ်။
[caption id="attachment_17774" align="alignright" width="200" caption="ယမင်းကေခိုင်"]

[/caption]
၂၀၁၁ ခုနှစ် ၂၆ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်နဲ့ ပါလမ်ဘန်းမြို့တို့မှာ နိုဝင်ဘာ ၁၁ ရက်က စတင်ကျင်းပနေပြီး နိုဝင်ဘာ ၁၄ ရက်နေ့ ပြိုင်ပွဲတွေအပြီးမှာ အင်ဒိုနီးရှားက ရွှေတံဆိပ် ၆၀ ရထားပြီး ပြိုင်ပွဲကို ဦးဆောင်နေပါတယ်။
မြန်မာအားကစားအဖွဲကတော့ ရွှေတံဆိပ် မဆွတ်ခူးနိုင်သေးဘဲ ငွေတံဆိပ် ၈ ခုနဲ့ ကြေးတံဆိပ် ၁၁ ခု ရထားပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံထဲမှာ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။
ဆုတံဆိပ်ရရှိမှု အနေအထားမှာ လာအိုနဲ့ ကမ္ဘောဒီးယားတို့က ရွှေတံဆိပ်တွေ ရရှိထားတာကြောင့် မြန်မာရဲ့အထက် အဆင့် ၇ နဲ့ အဆင့် ၈ နေရာတွေမှာ ရပ်တည်နေပါတယ်။
မြန်မာအားကစားအဖွဲ့ရရှိထားတဲ့ ဆုတံတိပ်တွေကို ကနူးလှေလှော်၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ တိုက်ကွမ်ဒို၊ ကရာတေးဒို နဲ့ဒိုင်ဗင် အားကစားနည်းတွေမှာ ဆွတ်ခူးထားတာပါ။

မြန်မာအားကစားအဖွဲ့ ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်နဲ့ဝေးနေရတဲ့ အဓိက အကြောင်းရင်း တရပ်ကတော့ ဒီပြိုင်ပွဲမှာ ကျိန်းသေပေါက်နီးပါး ရွှေတံဆိပ်ရမယ်လို့မျှော်လင့်ထားတဲ့ အားထားရသူတွေက မျှော်လင့်သလို အစွမ်းမပြနိုင်ဘဲ ရွှေတံဆိပ်နဲ့ဝေးနေလို့ဖြစ်ပါတယ် ။
၂၀၀၉ ဆီးဂိမ်းပြိုင်ပွဲမှာ တိုက်ကွမ်ဒို ကကွက်ပြိုင်ပွဲကနေ ရွှေတံဆိပ် ဆွတ်ခူးထားတဲ့ ယမင်းကေခိုင်အနေနဲ့ဒီပြိုင်ပွဲမှာ ကြေးတံဆိပ်ပဲ ရခဲ့ပြီး၊ ၂၀၀၉ ရွှေတံဆိပ်ရှင် အမျိုးသမီး ၂၀ ကီလိုမီတာ လမ်းလျှောက် အားကစားသမား ကေခိုင်မျိုးထွန်းကလည်း ငွေတံဆိပ်နဲ့ကျေနပ်လိုက်ရပါတယ်။
ဆီးဂိမ်း ၂ ကြိမ်ဆက် ရွှေရဖူးတဲ့ အမျိုးသားနှစ်ယောက်တွဲ ဘိလိယက်ပွဲစဉ်မှာ လည်း မြန်မာအဖွဲ့က ငွေပဲချိတ်ပါတယ်။
ဆီးဂိမ်းပြိုင်ပွဲ အကြိမ်တိုင်းလိုလို အနည်းဆုံး ရွှေတံဆိပ် ၂ ခုလောက် အရယူပေးခဲ့တဲ့ မြန်မာသေနတ်ပစ်အဖွဲ့ကလည်း ကြေးတံဆိပ်တောင် မဆွတ်ခူးနိုင်သေးပါဘူး။
မြန်မာအဖွဲ့အတွက် ရွှေတံဆိပ် ကျိန်းသေတယ်လို့ထင်ခဲ့ကြတဲ့ ကနူးလှေလှော် ပွဲစဉ်တွေမှာလည်း ငွေတံဆိပ် ၃ ခုနဲ့ကြးတံဆိပ် ၂ ခုပဲ ရရှိခဲ့လို့ မှန်းချက်နဲ့နှမ်းထွက် လွဲချော်ခဲ့ရပြန်ပါတယ်။
၂၀၀၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ဟာ ရွှေတံဆိပ် ၁၂ ခု ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ် ၁၀ ခု ပြည့်အောင်တောင် စွမ်းဆောင်နိုင်ပါ့မလားဆိုတာ လက်ကျန်ပြိုင်ပွဲတွေကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။