အိမ်အမွေဆက်ခံသူ ပရိဘောဂများထဲ ဝှက်ထားသည့် ရွှေင်္ဒါးပြားများ တွေ့ရှိ

သေဆုံးသူ မိသားစုဝင်တဦးရဲ့ သေတမ်းစာအရ အမတန်ကြီးကျယ်ခန်းနားလှတဲ့ အိမ်ကြီး တလုံး အမွေဆက်ခံရရှိသူ ပြင်သစ်အမျိုးသားတဦးဟာ အဲ့ဒီအိမ်ရဲ့ ပရိဘောဂတွေထဲမှာ ဝှက်ထားတဲ့ ရွှေ ၁၀၀ ကီလိုဂရမ် ကို ထပ်တွေ့ရှိတယ်လို့ မေရာရဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ အမွေဆက်ခံသူ အမည်မဖော်ပြထားတဲ့ ပြင်သစ်အမျိုးသားဟာ လိုင်နင်အစပုံရဲ့အောက်၊ ထိုင်ခုံတွေရဲ့အောက်ဖက် တွဲကပ်ထားတဲ့ သံဘူးတွေ၊ ရေချိုးခန်းထဲတွေ အပါအဝင် အမွေဆက်ခံရရှိတဲ့ အိမ်နဲ့ခြံကြီးရဲ့ဝန်းကျင်မှာ အံသြလောက်အောင် စိတ်ကူးစိတ်သန်း ကောင်းကောင်းနဲ့ ဝှက်ထားတဲ့ များပြားလှတဲ့ ပစ္စည်းဥစ္စာတွေကို ရှာတွေ့ခဲ့တာပါ။ “ရွှေထည်ပစ္စည်းက အခု ၅၀၀၀၊ ၁၂ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ရွှေချောင်း ၂ ချောင်း၊ ၁ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ရွှေတုံးက ၃၇ တုံး” လို့ လေလံပစ်သူ နစ်ကိုးလက်စ်ဖီရာဖို့တ်က အေအက်ဖ်ပီသတင်းဌာနကို ပြောခဲ့တယ်လို့ သိရပါတယ်။ အိမ်ပိုင်ရှင်အသစ်က ပရိဘောဂပစ္စည်းတွေကို ရောင်းချင်လို့ ပစ္စည်းဈေးနှုန်းတွေဖြက်ဖို့ ပြင်သစ်နိုင်ငံ မြောက်ပိုင်း နော်မာန်ဒီခရိုင် အက်ဗရက်စ်မြို့က အိမ်ကြီးကို သွားရောက်ခဲ့တယ်လို့ နစ်ကိုလက်စ်က ပြောခဲ့ပါတယ်။ ရွှေတွေကို မမြင်နိုင်အောင်“သေသေချာချာကို ဝှက်ထားတာဗျ” လို့ နစ်ကိုးလ်က ပြောပါတယ်။ အမွေဆက်ခံရရှိသူက အိမ်ထဲက ပရိဘောဂပစ္စည်းတွေကို အရွှေ့အပြောင်းလုပ်ရာကနေ ရွှေဒင်္ဂါပြားတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး၊ ပရိဘောဂတွေရဲ့အောက်ထဲက ဘူးတခုထဲမှာ ရွှေဒင်္ဂါးပြားတွေ နောက်ဝီစကီဘူးထဲမှာလည်း ထပ်တွေ့ခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ ဒီလူဟာ ရွှေချောင်းတွေနဲ့ ရွှေတုံးအပုံလိုက်ကို ထပ်တွေ့တယ်လို့လည်း သိရပါတယ်။ အိမ်ထဲမှာတွေ့ရှိတဲ့ ဘောက်ချာတွေအရ ဒီရွှေထည်တွေဟာ ၁၉၅၀ ခုနဲ့ ၆၀ ခုနှစ်တွေမှာ တရားဝင် ဝယ်ထားတဲ့ ပစ္စည်းတွေလို့ သိရပါတယ်။ ဒီတွေ့ရှိတဲ့ ရွှေထည်တွေအားလုံးကို ရောင်းချပြီးဖြစ်ပြီး၊ အမွေဆက်ခံသူအနေနဲ့ အမွေဆက်ခံသူများ ပေးဆောင်ရမည့်အခွန် ၄၅ ရာခိုင်နှုန်း ပြင်သစ်အစိုးရကို ပေးဆောင်ရမယ်လို့ ဒီသတင်းကို ဦးစွာထုတ်ပြန်ခဲ့တဲ့ ဒေသခံသတင်းစာ La Depeche ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up