ဗြိတိန်နှင့် ပါကစ္စတန် ကုန်သွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး

922
ဗြိတိန်နဲ့ ပါကစ္စတန် ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးနေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ကြာသပတေးနေ့မှာ ပြောပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့ ဗြိတိန်အစိုးရရဲ့ အားထုတ်မှု အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
ဗြိတိန်ဟာ ဥရောပ သမဂ္ဂ EUရဲ့ အဖွဲ့ဝင် အဖြစ်ကနေထွက်ဖို့ ဇွန်လက လူထုဆန္ဒ ခံယူပွဲမှာ ဆုံးဖြတ်အပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတိုးမြှင့်ဖို့ ကြိုးစား နေခဲ့တာပါ။
ဒါကြောင့် ဥရောပ အပြင်ဘက်က စီးပွားရေး အမြန်တိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။
ဗြိတိန်နဲ့ ပါကစ္စတန်ကြား နှစ်စဉ် ကုန်သွယ်ရေးတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၁ ထက် ကျော်လွန်ဖို့ စီမံကိန်းတွေကို ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တယ်လို့ ဗြိတိန် ဝန်ကြီးက ပြောပါတယ်။
ပါကစ္စတန်ဟာ ၁၉၄၇ မှာ ဗြိတိန်ဆီက လွတ်လပ်ရေး ရခဲ့တာပါ။ ပါကစ္စတန် နိုင်ငံသား ၁သန်းကျော်ဟာ လတ်တလောမှာ ဗြိတိန်နိုင်ငံမှာ နေထိုင်ပါတယ်။
နိုင်ငံတွင်း လုံခြုံရေး အခြေအနေ တိုးတက်လာတဲ့ ပါကစ္စတန်နိုင်ငံမှာ လတ်တလော နှစ်တွေအတွင်း စီးပွားရေး ပြန်ဦးမော့ လာခဲ့ပါတယ်။
ဒီနှစ်မှာ စီးပွားတိုးနှုန်း ၅ ရာခိုင်နှုန်း ကျော်မယ်လို့ ခန့်မှန်းထားပြီး ၂၀၀၈ တည်းက ခုထိ အမြင့်ဆုံး နှုန်းလည်း ဖြစ်ပါတယ်။