ကျူးဘားနိုင်ငံ၏ သမ္မတဟောင်း ဖီဒယ်လ်ကက်စထရို ကွယ်လွန်

922
ကျူးဘားနိုင်ငံရဲ့ သမ္မတဟောင်းနဲ့ ကွန်မြူနစ်တော်လှန်ရေး ခေါင်းဆောင်ဟောင်း ဖီဒယ်လ် ကက်စထရိုဟာ အသက် ၉၀ နှစ်အရွယ်မှာ သေဆုံးသွားတယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းဌာနက ကြေညာသွားခဲ့ပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့ညမှာ သေဆုံးသွားတယ်လို့ ဖီဒယ်လ်ကက်စထရိုရဲ့ညီဖြစ်သူ ရောကက်စထရိုက ပြောခဲ့သလို နိုင်ငံပိုင်သတင်းဌာနကလည်း ကြေညာခဲ့ပေမဲ့ ဘာကြောင့် သေဆုံးရတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ဖော်ပြခြင်းမရှိဘူးလို့ ဘီဘီစီသတင်းဌာနက နိုဝင်ဘာလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။
ဖီဒယ်လ်ကက်စထရိုဟာ ၂၀၀၈ ခုနှစ်မှာ သူ့ရဲ့ညီဖြစ်သူ ရောလ်ကက်စထရိုကို အာဏာမလွှဲပြောင်းခင် တစ်ပါတီစနစ်နဲ့ ကျူးဘားနိုင်ငံကို ရာစုဝက်နီးနီး အုပ်ချုပ်ခဲ့တာပါ။
သူ့ကိုထောက်ခံသူတွေကတော့ သူဟာကျူးဘားနိုင်ငံကို ပြည်သူတွေလက်ထဲ ထည့်သူအဖြစ် ချီးမွမ်းထောမနာ ပြုပေမဲ့ သူ့ရဲ့အတိုက်အခံတွေကတော့ သူဟာ အတိုက်အခံတွေကို ရက်ရက်စက်စက် ဖိနှိပ်သူလို့ စွတ်စွဲထားကြောင်း သိရပါတယ်။
ယခုနှစ်ဧပြီလ နိုင်ငံရဲ့ ကွန်မြူနစ်ပါတီ တွေ့ဆုံဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ ဖီဒရယ်လ် ကက်စထရိုက ထူးခြားတဲ့ မိန့်ခွန်းကို ပြောကြားခဲ့ပြီး မိန့်ခွန်းထဲမှာ သူ့ရဲ့အိုမင်းလာတဲ့အသက်ကို ထည့်သွင်းပြောကြားသွားပါတယ် ဒါပေမဲ့ ကျူးဘားရဲ့ကွန်မြူနစ်အတွေးအခေါ် အယူအဆတွေက ဆက်လက်ရှိနေမယ်၊ ကျူးဘားလူမျိုးတွေ “အောင်မြင်ရမယ်”လို့ ထည့်သွင်းပြောကြားသွားတာပါ။
“ကျနော် မကြာခင် အသက် ၉၀ ပြည့်တော့မယ်” “ဒါကို ကျနော်တခါမှ မတွေးဖူးဘူးလို့” သမ္မတအဟောင်းက ဖြည့်ပြောသွားခဲ့ပါတယ်။
“မကြာခင်မှာ ကျနော်လည်း အခြားလူတွေအားလုံးလိုပဲ ဖြစ်တော့မယ် ကျနော်တို့အားလုံးရဲ့ အလှည့်က ရောက်ကို ရောက်လာမှာ” လို့ ဖီဒယ်လ်ကက်စထရိုက ပြောခဲ့ကြောင်း ဘီဘီစီသတင်းအရ သိရပါတယ်။