Monday, May 29, 2023
HomeLead Storyမြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနကဆင့်ခေါ်

မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနကဆင့်ခေါ်

ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေနဲ့ပတ်သက်လို့ အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြောကြား လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းမှာ နိုင်ငံခြားရေးဌာနကိုဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ် ကောင်စစ်ရေးရာ အတွင်းဝန် ခမ်ရူလ်အာဆန်ကတွေ့ဆုံခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာ ပါတယ်။

လူတွေကို ကြောက်လန့်စေပြီး ဘင်္ဂလားဒေ့်နိုင်ငံကို သွယ်ဝိုက်ဂယက်ရိုက်စေတဲ့ လက်ရှိ မြန်မာတပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဆက်လက်ယိုယွင်းဆိုးရွားလာနေတဲ့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အလွန်အမင်းစိုးရိမ်တဲ့ အကြောင်းသိအောင် မြန်မာသံအမတ်ကို ပြောခဲ့တယ်လို့ဆိုပါတယ်။

နယ်ခြားစောင့်တွေ တင်းကျပ်တားဆီးထားပေမယ့် အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအ၀င် မြန်မာနိုင်ငံသားတွေ ဆက်လက် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဆီ လာနေကြပြီး ထောင်နဲ့ချီတဲ့လူတွေ နယ်စပ်ဖြတ်ကျော်ဖို့ စုရုံးနေကြတဲ့ အကြောင်း မြန်မာသံအမတ်ကို ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးကတော့ မုဒိန်းကျင့် လူသတ်တယ်ဆိုတဲ့ သတင်းတွေ မဟုတ်တဲ့အကြောင်း မြန်မာသံအမတ်က ပြန်လည်ရှင်းလင်း ပြောကြားခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ကြားနေတာ rape လုပ်နေတယ်၊ လူတွေသတ်နေတယ်၊ အဲ့ဒါကြောင့် သူတို့ ဘက်ကို လူတွေ အများကြီး ပြေးလာတယ်။ အဲဒီဟာတွေကို သူတို့ စိုးရိမ်တယ်ပေါ့။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံတာပေါ့။ ကျမတို့ဘက်က လည်း မဟုတ်တဲ့သတင်းက မဟုတ်တဲ့အကြောင်း ရှင်းတယ်။ အရပ်သားတွေ သတ်နေတာ လည်း မဟုတ်ဘူး။ နယ်စပ်လုံခြုံရေးအရာရှိတွေကို လာပြီးသတ်ဖြတ်သွားတဲ့ လူတွေကို လိုက်ဖမ်းတဲ့ဟာ သက်သက်ပဲ ရှိတယ်။ အတတ်နိုင်ဆုံး ကိုယ့်ဘက်မှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နေတယ်လို့ ကျမတို့ သံအမတ်ကြီးက ပြောခဲ့တယ်”။

ရခိုင်ပြည်နယ်စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကိုလည်း ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ နိုင်တကာ အသိုင်းအ၀န်းရဲ့ တောင်းဆိုနေမှုတွေကို ထည့်သွင်းစဉ်းစားဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးရုံးရဲ့ ကြေညာချက်မှာ မြန်မာကိုတောင်းဆိုထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က မွတ်စလင်လူနည်းစုတွေ နယ်စပ်ဖြတ်ကျော် ခိုလှုံမလာရအောင် သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုတွေ အမြန်စတင်လုပ်ဆောင်ဖို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာအစိုးရကို ထုတ်ပြန်ချက်မှာ ပန်ကြားထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပုံမှန်အတိုင်းပြန်ဖြစ်အောင်အမြန်အရေးယူဆောင်ရွက်ဖို့ တောင်းဆိုတဲ့ အကြောင်း ဒါမှသာ နယ်စပ်ဖြတ်ကျော်လာသူတွေနဲ့ ဖြတ်ကျော်ဖို့စောင့်နေသူတွေ စိုးရိမ် ကြောက်ရွံ့မှု မရှိဘဲ သူတို့ရွာတွေကို ပြန်လာပြီး ဂုဏ်သိက္ခာရှိရှိ ပုံမှန်ဘ၀နဲ့ ဆက်လက်နေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်ရဲကင်း စခန်းတွေတိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင်တွေသေဆုံး လက်နက်တွေပါသွားပြီးနောက် မြန်မာ စစ်တပ်က ဒီဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ကာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူတွေကို နှိမ်နင်းနေတာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular