ဟာရီကိန်းမုန်တိုင်းကြောင့် ပနားမားတွင် အနည်းဆုံး လူ ၃ ဦးသေဆုံး၊ ၅ ဦးပျောက်ဆုံး

ဓာတ်ပုံ - ရိုက်တာ
ဟာရီကိန်းမုန်တိုင်း အော့တိုကြောင့် ပနားမားနိုင်ငံမှာ အနည်းဆုံးလူ ၃ ဦး သေဆုံးပြီး နောက်ထပ် ၅ ဦး ပျောက်ဆုံးနေပါတယ်။ မိုးကြောင့် အိမ်တွေအတော်များများ ပြိုခဲ့ပြီး လူတွေ အထဲမှာ ပိတ်မိနေလို့ ကယ်ဆယ်ရေး လုပ်သားတွေကို တာဝန်ချထားပါတယ်။ မုန်တိုင်းက မြောက်ဘက်ကို ရွေ့သွားခဲ့လို့ နိုဝင်ဘာ ၂၃ ရက်နေ့က မုန်တိုင်းသတိပေးချက်ကို အစိုးရက အဝါရောင်အဆင့်ထိ လျှော့ချခဲ့ပါတယ်။ ကျောင်းတွေကို ပိတ်ထားခဲ့ရပြီး နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ပနားမားသမ္မတ ဟွမ် ကားလော့စ် ဗာရေလာက ကြေညာပါတယ်။ မုန်တိုင်းက နိုဝင်ဘာ ၂၄ ရက်နေ့မှာ နီကာရာဂွါနဲ့ ကော့စ်တာရီကာ နိုင်ငံတွေရဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်မှာဖြစ်လို့ မုန်တိုင်းဒဏ်အတွက် ကြိုတင် ပြင်ဆင်နေပါတယ်။ နီကာရာဂွါရဲ့ အမျိုးသားကပ်ဘေး ကာကွယ်ရေးစနစ် အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက်နေ့တည်းက အနီရောင်အဆင့် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။ ကော့စ်တာရီကာ အာဏာပိုင်တွေက မုန်တိုင်းဟာ နီကာရာဂွါ နယ်စပ်နားကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး သမ္မတကတော့ မုန်တိုင်းက အန္တရာယ်မြင့်မားတယ်လို့ နိုဝင်ဘာ ၂၂ ရက် ညနေမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အလယ်အမေရိကနိုင်ငံတွေရဲ့ တောင်ပိုင်းကို ဟာရီကိန်းမုန်တိုင်းတွေ ဝင်လေ့ သိပ်မရှိပါဘူး။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုနဲ့ အရင်းအမြစ်က တခြား ဟာရီကိန်းဒဏ်ခံ နိုင်ငံတွေထက် ပိုနည်းပါတယ်။

More News
Up