မြန်မာ့မီးရထားအနေနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ လိုငွေ ၅၇ ဘီလီယံထိ ဖြစ်ပေါ်
နေဖြိုးဝင်း
·
November 24, 2016
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ မြန်မာ့မီးရထားအနေနဲ့ လိုငွေ ၅၇ ဘီလီယံထိ ဖြစ်ပေါ်နေတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးက ဦးရဲမြင့်စိုးရဲ့ နှစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ရန်ကုန်-သန်လျင်တံတား ယာဉ်ဖြတ်သန်းခ ကောက်ခံမှုကို ဖြေလျော့ပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားတာမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာ့ မီးရထားရဲ့ လိုငွေဖြစ်ပေါ်နေတာကို အခုလို ထည့်သွင်းဖြေဆိုတာ ဖြစ်ပါတယ်။
မြန်မာ့မီးရထားရဲ့ ၀င်ငွေနဲ့ အသုံးစရိတ်အချိုးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ဖြစ်တဲ့ ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်မှာ ၀င်ငွေ ၂၅ ဘီလီယံဖြစ်ပြီး အသုံးစရိတ်မှာ ၃၇ ဘီလီယံဖြစ်တဲ့အတွက် လိုငွေ ၁၂ ဘီလီယံဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ နောင် ၁၀ နှစ်အကြာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ၀င်ငွေ ၇၀ ဘီလီယံဖြစ်ပြီး အသုံးစရိတ်မှာ ၁၂၇ ဘီ လီယံထိရှိလို့ လိုငွေ ၅၇ ဘီလီယံထိ ဖြစ်ခဲ့တယ်လို့ ဦးသန့်စင်မောင်က ပြောပါတယ်။
"မြန်မာ့မီးရထားရဲ့ ခြားနားလိုငွေတွေ ဖြစ်ပေါ်ရတဲ့အကြောင်းရင်းဟာ ယှဉ်ပြိုင်ဘက်ကားလမ်း တွေ ကောင်းမွန်လာခြင်းကြောင့် ခရီးသည်(လူစီး)၀င်ငွေ၊ ကုန်ဝင်ငွေတွေ နှစ်စဉ်လျော့နည်း ကျဆင်းနေတယ်" လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
အခုလို ၀င်ငွေကျဆင်းနေတာကြောင့် မြန်မာ့မီးရထားပိုင်မြေနဲ့ အဆောက်အဦတွေကို တင်ဒါ စနစ်နဲ့ ငှားရမ်းပြီး ၀င်ငွေရဖို့ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။
"မြန်မာ့မီးရထားအနေနဲ့ ရထားပြေးဆွဲရေးနဲ့ မသက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေက အထွေထွေဝင်ငွေတွေ တိုးတက်ရရှိစေဖို့ လုပ်ငန်းကြီးတွေဖြစ်တဲ့ Meeyahta International Hotel Limited(MIHL)၊ First Myanmar Investment(FMI)၊ ရွှေတောင်ကုမ္ပဏီတို့နဲ့ မြန်မာ့မီးရထားတို့ နှစ်ရှည်စာချုပ်ချုပ်ပြီး မြန်မာ့မီးရထားပိုင်မြေနဲ့ အဆောင်အဦတွေကို တင်ဒါစနစ်နဲ့ ငှားရမ်းဆောင်ရွက်လျက်ရှိပါတယ်"လို့ ဦးသန့်စင်မောင်က ပြောပါတယ်။
ဒါ့အပြင် မြန်မာ့မီးရထားပိုင် မြစ်ကူးတံတားကြီးတွေပေါ်နဲ့ ရထားပိုင်မြေတွေပေါ်မှာ ဆက်သွယ် ရေးကုမ္ပဏီတွေကို Fiber Optic Cable တွေ ဖြတ်သန်းခွင့်ပြုပြီး ငှားရမ်းခ ကောက်ခံခြင်း၊ မြန်မာ့မီးရထားပိုင် စစ်ကိုင်း၊ မူး၊ သန်လျင်၊ စစ်တောင်း၊ ရေး၊ မြို့ကွင်း၊ ဆင်ဖြူရှင်၊ ဆင်တဲဝ စတဲ့ တံတားကြီး ၈ စင်းမှာ တံတားဖြတ်သန်းခကောက် ခံတဲ့လုပ်ငန်းကို တင်ဒါစနစ်နဲ့ခေါ်ယူပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်း စတဲ့ ၀င်ငွေများများရရှိနိုင်မယ့် လုပ်ငန်းတွေကို ပုဂ္ဂလိက လုပ်ငန်းရှင် တွေကို ငှားရမ်းပြီး ၀င်ငွေရဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။