ဘိုလီးဗီးယားတွင် အဆိုးဆုံးမိုးခေါင်မှုကြောင့် ရေပြတ်လပ်၊ အရေးပေါ်အခြေအနေကြေညာ

ဓာတ်ပုံ - ရိုက်တာ
1.1K
ဘိုလီးဗီးယားနိုင်ငံမှာ ၂၅ နှစ်အတွင်း အဆိုးဆုံး မိုးခေါင်မှုကို ရင်ဆိုင်နေရပြီး နိုင်ငံတ၀န်း ရေပြတ်လပ်နေတာကြောင့် အစိုးရက နိုဝင်ဘာ ၂၁ ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
ဒီလိုကြေညာတဲ့အတွက် မိုးခေါင်ဒဏ်သင့် မိသားစုတွေနဲ့ စိုက်ပျိုးရေးကဏ္ဍကို သက်ရောက်ခဲ့တဲ့ အကျပ်အတည်းကို ဖြေလျှော့စေရေး ရန်ပုံငွေတွေ ရနိုင်မှာပါ။
မိုးခေါင်မှုကြောင့် မိသားစု ၁ သိန်း ၂ သောင်း ၅ ထောင်နဲ့ ကျွဲနွားကောင်ရေ ၃ သိန်း ၆ သောင်းကို ထိခိုက်ခဲ့ပြီး စိုက်ပျိုးမြေဧက ၇ သိန်း ၂ သောင်းနီးပါး ထိခိုက်ခဲ့တယ်လို့ ဘိုလီးဗီးယား အရပ်ဘက် ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းပါတယ်။
သမ္မတ အီဗို မိုရေးစ်က ဒေသခံ အစိုးရတွေ ရန်ပုံငွေတွေအပေါ် အပြည့်အဝ သီးသန့်ဖယ်ထားဖို့ ဆော်သြပါတယ်။
အလုပ်သမားတွေက ရေတွင်းတွေတူးဖို့နဲ့ လက်နက်ကိုင်တပ်တွေရဲ့ ပံ့ပိုးမှုနဲ့အတူ မြို့တွေဆီ ကားနဲ့ ရေသယ်ဖို့လည်း ဆော်သြပါတယ်။
ရေပြတ်လပ်မှုနဲ့ ပတ်သက်မှုရှိတယ်လို့ ယုံကြည်ရတဲ့ တရုတ် သတ္တုတွင်းစီမံကိန်းတွေကို ဆန့်ကျင်ဆန္ဒပြဖို့ နိုဝင်ဘာ ၂၀ ရက်က ဒါဇင်နဲ့ချီတဲ့လူတွေ တရုတ်သံရုံးအပြင်ဘက်မှာ စုရုံးခဲ့ကြပါတယ်။
နိုင်ငံတွင်း ရေပြတ်လပ်မှုကြောင့် မြို့ကြီးတွေမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။
သတ္တုတွင်းလုပ်သားတွေနဲ့ လယ်သမားတွေကလည်း မြေအောက်ရေကြောကို သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ ဖြစ်ခဲ့ကြပါတယ်။
သမ္မတကတော့ သတ္တုတွင်းတူးတာကြောင့် ရေပြတ်လပ်မှုအပေါ် သက်ရောက်တယ်ဆိုတဲ့ အချက်က ချဲ့ကားတာ ဖြစ်နိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်ကုမ္ပဏီ ဘယ်နှခု သတ္တုတူးနေလဲဆိုတာ မေးချင်တယ်၊ ဒါဟာ သက်သက် နိုင်ငံရေးအသုံးချတာဖြစ်တယ်၊ ဒေသတွင်းမှာ တရုတ်ကုမ္ပဏီ မရှိဘူးလို့ သူက ပြောပါတယ်။
နိုင်ငံတွင်း စည်ပင်သာယာစီရင်စု ၃၃၉ စုမှာ ၁၇၂ စုက မိုးခေါင်မှုနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေ အသီးသီး ထုတ်ပြန်အပြီး နိုင်ငံအဆင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့တာပါ။
အရင်သီတင်းပတ်က မြို့တော် လာပဲ့ဇ်နားက အယ်လ်အော်တို မြို့ခံတွေက အစည်းအဝေးလုပ်ခဲ့ပြီး ရေပြတ်လပ်မှုဖြေရှင်းနိုင်မယ့် စီမံကိန်းတွေအကြောင်း အစိုးရက ရှင်းပြဖို့ တောင်းဆိုခဲ့ပါတယ်။