Home
သတင်းဓာတ်ပုံ
မူဆယ်ကယ်ဆယ်ရေးသွားသည့် လူနာတင်ကား ပစ်ခတ်ခံရ၊ ၁ ဦးဒဏ်ရာရ
DVB
·
November 22, 2016
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ သွားရောက်တဲ့ လူနာတင်ယာဉ် ၂ စီး မနေ့ ညနေ ၄ နာရီလောက်က  သေနတ်နဲ့အပစ်ခံရပြီး ကားပေါ်ပါ လူငယ်တဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ မူဆယ်မြို့မှ မေတ္တာမွန် လူမှုကူညီရေးအသင်းနဲ့ ၁၀၅ မိုင် ပါရမီလူမှုကူညီရေးအသင်းတွေက မှန်လုံလူနာတင် ၂ စီးကို ကေအိုင်အေ၊ တီအန်အယ်လ်အေနဲ့ အမ်အန်ဒီအေအေ လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုကြောင့် မေတ္တာမွန် လူမှုကူညီရေးအသင်းယာဉ်ပေါ် လိုက်ပါလာတဲ့ ရွှေလီမြို့နေ ကြင်နာနွေးထွေး ပရဟိတလူငယ်အသင်းက ကိုရဲမင်းအောင် (၂၃ နှစ်) ရဲ့ ဝဲဘက်ရင်ဘတ်ဘေး ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ လူမှုကူညီရေးအသင်းက လူနာတင်ယာဉ် ၂ စီးဟာ  လွယ်အင်ကျေးရွာ အနီးပတ်ဝန်းကျင်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ရောက်ရှိနေကြောင်း ဆက်သွယ် အကြောင်းကြားလာတာကြောင့် အကူအညီပေးဖို့ သွားရောက်စဉ် လက်နက်ကိုင်အဖွဲ့တွေက ဘုရားကုန်းလမ်းဘေး တောင်ကုန်းကနေ လက်နက်ငယ်နဲ့ ၄ ချက် ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။ မော်တော်ယာဉ်ကို လက်နက်ငယ်နဲ့ ပစ်ခတ်ခံရပြီးနောက် ဆက်မသွားနိုင်တော့ဘဲ မူဆယ်ကို ပြန်လှည့်လာခဲ့ပြီး ဒဏ်ရာရသူကို မူဆယ်ပြည်သူ့ဆေးရုံ ပို့ဆောင် ဆေးကုသပေးနေရတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - မျိုးဇော်လင်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024