ဦးဝင်းတင်ကို သူရသတ္တိ ရွှေတံဆိပ်ဆု ချီးမြှင့်
နော်နိုရင်း
·
November 13, 2011
အကျဉ်းချခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသော သံဃာတော်တွေကို သိမ်ထပ် မင်္ဂလာနဲ့ ဟံသာဝတီသတင်းစာ ဆရာကြီး ဦးဝင်းတင်ကို သူရသတ္တိ ရွှေတံဆိပ်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ရန်ကုန် ဒဂုံမြို့သစ် အရှေ့ပိုင်း ၁ ရပ်ကွက်မှာရှိတဲ့ မကွေးပရိယတ္တိ စာသင်တိုက်မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားအတွင်း နိုင်ငံရေးပြစ်မှုတွေနဲ့ အကျဉ်းကျခံခဲ့ရပြီး ပြန်လွတ်မြောက်လာတဲ့ သံဃာတော် ၁၂ ပါးကို သိမ်ထပ်မင်္ဂလာပွဲပြုလုပ်ခဲ့ပြီး ဟံသာဝတီသတင်းစာ ဆရာကြီး ဦးဝင်းတင်ကို သူရသတ္တိရွှေတံဆိပ်ဆုကို ချီးမြှင့်တာ ဖြစ်ပါတယ်။
မကွေးပရိယတ္တိ ကျောင်းတိုင်ဆရာတော် ဘဒ္ဒန္တပါမောက္ခကိုယ်တိုင် ဦးဝင်တင်ကို ဆုချီးမြှင့်တာပါ။ ဦးဝင်းတင်ဟာ အများအတွက် ခေါင်းဆောင်ပီသစွာ အနစ်နာခံကြိုးပမ်းခဲ့ပြီး ထောင်တွင်း နှစ်ပေါင်းများစာ ကြံ့ကြံ့ခံရပ်တည်ခဲ့သလို ထောင်ကနေ ထွက်လာတော့လည်း ဒီမိုကရေစီရရှိရေး အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်းဆောင်ရွက်တာကြောင့် သူရသတ္တိဆုကို ဆုချီးမြှင့်တာလို့ ဆရာတော်က အခမ်းအနားအတွင်းမှာ မိန့်ကြားပါတယ်။
ဒီဆုဟာ ကျပ်ငွေ ၇ သိန်း ကျော်တန်တဲ့ ရွှေသားအစစ်နဲ့ ပြုလုပ်ထားတဲ့ ခွပ်ဒေါင်းအရုပ်ကို ချီးမြှင့်တာ ဖြစ်ပါတယ်။ ဦးဝင်းတင်ကတော့ သူ့ရဲ့ ဆောင်ရွက်ချက်တွေကြောင့် အခုလို ချီးမြှင့်တာကို ၀မ်းသာတဲ့အပြင် အားလုံးကိုယ်စား ဒီဆုကို ရတာလို့ ခံယူထားကြောင်း ပြောပါတယ်။
“ပြောချင်တာကတော့ ၀မ်းသာတယ် ဆိုတာထက် အားလုံးကိုယ်စား ရတယ်လို့။ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေး အကျဉ်းသား ဆရာတော် သံဃာတော်တွေ၊ အားလုံးကိုယ်စား ဘဘကို အသိမှတ်ပြုတဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်တယ်လို့ပဲ ခံစားရပါတယ်။ အဲဒီလို အားလုံးအတွက် ဆုချီးမြှင့်ခြင်း ဖြစ်တဲ့အတွက် ကိုယ်ပိုင်ခံစားချက် ဆိုတာ သိပ်မရှိပါဘူး။ ကိုယ်ပိုင်ခံစားချက်ထက် ထောင်ထဲမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အလေးထားပြီး ပိုမိုဆောင်ရွက်သွားဖို့ပဲ ဆုံးဖြတ်ချက် ချမှတ်ဖြစ်ပါတယ်။”
ဆရာတော် သံဃာတော် တပါးအနေနဲ့အခုလို လူပုဂ္ဂိုလ်တဦးကို သူရသတ္တိဆုချီးမြှင့်တာဟာ ရှားပါးဖြစ်ရပ် ဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။
နိုင်ငံရေးပြစ်မှုနဲ့ အကျဉ်ကျပြီး ပြန်လွတ်လာတဲ့ သံဃာတော်တွေ အတွက် ကျင်းပတဲ့ သိက္ခာထပ် မင်္ဂလာပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က အခမ်းနားအကြောင်း အခုလို ပြောထားပါတယ်။
“နမောတဿ သုံးကြိမ်ရွတ်ပြီး အခမ်းအနားကို စတင်ပါတယ်။ နောက် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ဆီက ငါးပါးသီလ ခံယူ ဆောက်တည်ကြပါတယ်။ ဆရာတော်က ဩ၀ါဒ စကားတွေ မိန့်ပါတယ်။ အန်အယ်လ်ဒီက ဆရာဦးဝင်းတင်ကို သူရသတ္တိ ရွှေတံဆိပ်ဆု ချီးမြှင့်ရခြင်းနဲ့ ပတ်သက်တဲ့အကြောင်းကို ရှင်းလင်းပြောကြားပြီး ဦးဝင်းတင်ကို ရွှေတံဆိပ်ဆု ချီးမြှင့်ပါတယ်။ သိမ်ထပ်မင်္ဂလာရော တိုင်းဒကာကလည်း ပဋိကတ်သုံးပုံ လှူဒါန်းတယ်လို့ပြောတယ်။ အဲဒီလို လှူဒါန်းတဲ့ ကုသိုလ်ကောင်းမှု အစုစုအတွက် ဆရာတော်က အနုမောဒနာတရား ဟောကြားပါတယ်။ ဆရာတော် အဓိက ပြောတာကတော့ ပြည်သူလူထု တရပ်လုံး ငြိမ်းချမ်းရေးကို ဖြစ်စေချင်တဲ့ အကြောင်း၊ ငြိမ်းချမ်းရေး ရချင်ရင် ညီညွတ်မှု ရှိကြဖို့အကြောင်း ဆရာတော်က ဟောပါတယ်။”
ဒီအခမ်းအနားမှာပဲ သိမ်ဆင်း ဆွမ်းလောင်းပွဲနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို စာအုပ်နဲ့အခြား ထောက်ပံရေးပစ္စည်းတွေ ပေးလှူခဲ့ပါတယ်။
ဒီအခမ်းအနားကို အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ပြန်လွတ်လာတဲ့ အကျဉ်းသားတွေ အပါအ၀င် လူပေါင်း တထောင်လောက် တက်ရောက်ခဲ့ကြတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။