Home
မြန်မာသတင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားဖြစ် ကျူးကျော်သူများကို အရေးယူသွားမည်
DVB
·
November 17, 2016
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားဖြစ် ကျူးကျော်သူတွေကို ဥပဒေအတိုင်း အရေးယူသွားမယ်လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သတိပေးလိုက်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်-၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကျူးကျော်ကိစ္စနဲ့ပတ်သက်တဲ့ မေးခွန်းကို မေးမြန်းစဉ်မှာ  ဝန်ကြီးက အခုလို ပြောကြားလိုက်တာပါ။ အစစ်အမှန် ကျူးကျော်သူတွေကို လာမယ့် အိမ်ရာစီမံကိန်းတွေမှာ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပြီး စီးပွားဖြစ် ကျူးကျော်သူတွေကိုတော့ ဥပဒေအတိုင်း အရေးယူသွားမယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောပါတယ်။ “အစစ်အမှန် ကျူးကျော်သူများနဲ့ စီးပွားဖြစ်ကျူးကျော်သူများလို့ အပိုင်းခွဲလိုက်တဲ့အခါမှာ ဒါကတော့ ကျနော်တို့က ဥပဒေအရ လုပ်ဆောင်သွားမယ့်အပိုင်း ဖြစ်ပါတယ်။ အဲဒီမှာ စီးပွားဖြစ် ကျူးကျော်တဲ့မြေကွက်ကို ပိုင်ရှင်ဆိုသူထံက ဝယ်ပြီးတော့ ထပ်မံရောက်လာတဲ့ ကျူးကျော်တွေကို တဆင့်ပြန်ပြီး ရောင်းချတာတွေ၊ ငှားရမ်းတာတွေ ဖြစ်ပါတယ်။” မြို့ပြဖွံ့ဖြိုးရေးအတွက် အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေကို ပြန်လည်နေရာချထားရေးအတွက် စီမံကိန်းတွေ ပြုလုပ်မယ်ဆိုတဲ့ ကိစ္စတွေ ရှိနေတာကြောင့် ကျူးကျော်ကိစ္စက မဖြစ်မနေ အကောင်အထည်ဖော်ဖို့ လိုတာကြောင့် ခုလို မေးမြန်းတာလို့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်-၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။ “သဘာဝဘေးအန္တရာယ်ကြောင့် လည်းကောင်း၊ စီးပွားရေးအကြောင်းများကြောင့် လည်းကောင်း၊ လယ်မြေသိမ်းဆည်းခံရတဲ့အတွက် လည်းကောင်း မြို့ပြသို့ ပြောင်းလာသော အိုးမဲ့အိမ်မဲ့ ဖြစ်နေသူများအား ပြန်လည်နေရာချထားရေးအတွက် စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော်မည်ဆိုပြီးတော့ လုပ်ထားတာ ရှိပါတယ်။ စာသားတွေကတော့ အလွန်ပဲ လှပါတယ်၊ ကောင်းပါတယ် ခင်ဗျ။ ဒါပေမယ့် အကောင်အထည်ဖော်ရတဲ့ အစိုးရအနေနဲ့လည်း အခက်အခဲတွေ ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ သိရှိနားလည်ပါတယ်။ သို့သော်လည်းပဲ မဖြစ်မနေ လုပ်ရမယ့်ဟာမို့ မေးခွန်း မေးမြန်းခြင်း ဖြစ်ပါတယ်။” ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်အနေနဲ့ ရက် ၁၀၀ စီမံကိန်းကစပြီး ကျူးကျော်စာရင်း ကောက်ယူတာတွေ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၄ ခုအတွင်း ကျူးကျော်နေထိုင်သူ လူဦးရေ ၄ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024