Live
Home
မြန်မာသတင်း
စားသောက်ကုန်များ ထုတ်လုပ်မှုလိပ်စာ ဖုန်းနံပါတ် မဖော်ပြပါက အရေးယူမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 17, 2016
၂၀၁၇ ခုနှစ် ဇန်နဝါရီလပိုင်းကနေစပြီး ထုတ်လုပ်ရောင်းချမယ့် စားသောက်ကုန်တွေမှာ ထုတ်လုပ်မှု နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ မဖော်ပြထားပါက အရေးယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေနဲ့ လမ်းဘေးဆိုင်တွေမှာ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းစေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပြင်ဆင်ရောင်းချနိုင်ရေး အသိပညာပေး ညှိနှိုင်းအစည်းအဝေးပွဲကို နေပြည်တော်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစားအသောက် ထုတ်လုပ်ရောင်းချသူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်၊ စားသောက်သူတွေ အန္တရာယ်ကင်းရှင်းစေဖို့အတွက် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက လုပ်ဆောင်တာ ဖြစ်ပါတယ်။ “ကျနော် ထုတ်ထားတဲ့ပစ္စည်းဟာ မကျေနပ်ရင်၊ တခုခု ဖြစ်ရင် ဒီဖုန်းနံပါတ်မှာ ဆက်သွယ်ပါ။ နောက် ဟောဒီလိပ်စာ၊ ဖုန်းနံပါတ်တင် မရဘူး။ ဖုန်းနံပါတ်က ပေးချင်ရာ ကောက်ပေးမှာ။ ဒီလိပ်စာကို ဆက်သွယ်ပါ။ လိပ်စာပါရမယ်။ ဖုန်းနံပါတ် ပါရမယ်။ ပြီးရင် ကျနော်တို့ကနေ ထုတ်လုပ်ဖို့ ထောက်ခံထားတဲ့ ထောက်ခံချက်အမှတ် ပါရမယ်။ ပြီးရင် ကျနော်တို့ လိုင်စင်ပေးထားတဲ့ ဌာနရဲ့ လိုင်စင်မှတ်ပုံတင်နံပါတ် ပါရမယ်။ အဲဒါပြီးရင် ထုတ်လုပ်တဲ့ ရက်တွေ၊ ကုန်ဆုံးမယ့် ရက်တွေ ပါရမယ်။ ဒီအချက်တွေ မပါရင် ဈေးကွက်မှာ ကျနော်တို့ ထိန်းသိမ်းမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဌာနတခုတည်း ထိန်းသိမ်းမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စည်ပင်သာယာ၊ ဥပဒေဘက်တော်သားတွေ အားလုံးအပြင်  ဒီကိစ္စအလို့ငှာ  ဆောင်ရွက်လိုသော INGOs ၊ NGOs များလည်းပဲ စုပေါင်းပြီး ထိန်းသိမ်းကြမှာ ဖြစ်ပါတယ်။ ဒါတွေက ကျနော်တို့မှာ နဂိုလည်း ရှိပြီးသားပါ။ တချို့လည်း ဒီအတိုင်း စည်းမဲ့ကမ်းမဲ့ ထုတ်နေကြတာပဲ။ ဒါကြောင့် အားလုံး နားလည်အောင် သတင်းစာထဲထည့်ပြီးတော့ ကြော်ငြာပေးတယ်။ သတိပေးတယ်။ ဇန်နဝါရီလ ၁၅ နောက်ပိုင်းမှာတော့ ဈေးကွက်တွေမှာ ဒါတွေတွေ့ရင် ဖမ်းဆီးပြီးတော့ ထိန်းသိမ်းမှာ ဖြစ်ပါတယ်” လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောပါတယ်။ ဆွေးနွေးပွဲကနေ ညွှန်ကြားချက်တွေ၊ စည်းကမ်းချက်တွေ ထွက်ပေါ်လာနိုင်ဖို့နဲ့ ထွက်ပေါ်လာတဲ့ စည်းကမ်းချက်တွေကို စားသောက်ကုန် ရောင်းချသူတွေအနေနဲ့ လိုက်နာနိုင်ဖို့ အသိပညာပေးမှုတွေနဲ့ အချိန်ကာလသတ်မှတ်ပြီးတော့ အရေးယူမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ “လမ်းဘေးဈေးဆိုင်များဆိုတာ မြောက်မြားစွာ ရှိပါတယ်။ စည်ပင်သာယာနဲ့ ပတ်သက်တာတွေ ရှိတယ်၊ မြို့နယ်အုပ်ချုပ်ရေးနဲ့ ပတ်သက်တာတွေ ရှိတယ်။ မြောက်မြားစွာ ရှိတယ်။ အဲဒါဆိုတော့ ကျနော်တို့ ဒါတွေကို ဘယ်လိုလုပ်ကြမလဲ။ ဘယ်လို ထိန်းသိမ်းကြမလဲ ဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဖို့ လိုပါလိမ့်မယ်။ ပြီးတော့မှ ထွက်ပေါ်လာတဲ့ အချက်တွေကို ကျနော်တို့ အဆင့်ဆင့် တင်ပြရပါမယ်” လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ထပ်မံပြောပါတယ်။ အခုဆွေးနွေးပွဲမှာ လမ်းဘေး အစားအသောက်တွေရဲ့ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထိရောက်မြန်ဆန်တဲ့ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေကို ရှာဖွေဖော်ထုတ် အရေးယူ ဆောင်ရွက်သွားနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024