Home
မြန်မာသတင်း
ဖူးခက်ကမ်းခြေတွင် မြန်မာဟုယူဆရသော အလောင်းတလောင်း မျောလာ
DVB
·
November 16, 2016
ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် ဖူးခက်ကမ်းခြေအနီးမှာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာလို့ ယူဆရတဲ့ အလောင်းတလောင်း ရေထဲမျောပါလာတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက် ၇ နာရီကျော်လောက်က ဖူးခက်မြို့ ရတ်ဆဒါးရပ်ကွက် ဆဖန်းပလာလှေဆိပ်အနီးမှာ အလောင်းတလောင်းမျောပါလာကြောင်း သတင်းပို့ချက်အရ သွားရောက်စစ်ဆေးရာမှာ မြန်မာလို့ယူဆရတဲ့ အဆိုပါ အမျိုးသားအလောင်းကို မှောက်လျက်အနေအထားနဲ့ ရေထဲကနေ ဆယ်ခဲ့တယ်လို့ ဖူးခက်ရဲစခန်း တာဝန်ကျ ရဲမှူး ဆုရချတ် ထောင်းန်ယိုင်းက သတင်းထောက်တွေကို ပြောပါတယ်။ သေဆုံးသူမှာ အနက်ရောင်လက်ရှည်အင်္ကျီ၊ အပြာရောင်ဘောင်းဘီ ၀တ်ဆင်ထားပြီး ညာဘက်လက်မှာ ထိုးကွင်းမင်ကြောင်ထိုးထားကြောင်း၊ ခြေထောက် ၂ ဘက်လုံး အရိုးသာကျန်ပြီး မျက်နှာမှာလည်း ရုပ်ဖမ်းလို့မရအောင် ပျက်စီးနေပြီး လွန်ခဲ့တဲ့ ၁၅ ရက်လောက်က သေဆုံးခဲ့ဟန်ရှိတယ်လို့ ဆိုပါတယ်။ ကမ်းခြေတ၀ိုက်က အလုပ်သမားတွေကို ရဲတပ်ဖွဲ့က မေးမြန်းရာမှာ လက်က မင်ကြောင်ရာနဲ့ ၀တ်စားဆင်ယင်ပုံမှာ မြန်မာပြည်သားဖြစ်ဟန်ရှိကြောင်း၊ ငါးဖမ်းသင်္ဘောပေါ်မှာ ရန်ဖြစ်ကြပြီး အလောင်းဖျောက်တဲ့အနေနဲ့ ရေထဲပစ်ချခံရတာ ဖြစ်နိုင်ကြောင်း ထင်ကြေးပေးကြတယ်လို့ ဆိုပါတယ်။ သူ့ရဲ့အလောင်းကို ဖူးခက်ဆေးရုံ သယ်ဆောင်သွားပြီး ဆက်လက်စုံစမ်း စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024