Home
သုံးသပျခကျြ
ရွေးကောက်ပွဲပြီးခဲ့တဲ့ တနှစ်အတွင်း ဘာတွေလုပ်ပြီးပြီလဲ၊ ဘာတွေလုပ်ဖို့လိုသေးလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
November 16, 2016
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ခုပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကဆို ရွေးကောက်ပွဲပြီးခဲ့တာ ၁ နှစ်ပြည့်ခဲ့ပါပြီ။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ဒီချုပ်အစိုးရဟာဆိုရင် အစိုးရဖြစ်ခဲ့တာလည်း ၇ လ ရှိခဲ့ပါပြီ။ အစိုးရဖြစ်တဲ့ ၇ လအတွင်း၊ ရွေးကောက်ပွဲပြီးခဲ့တဲ့ ၁ နှစ်အတွင်းမှာ ဘာတွေများ ရခဲ့ပြီလဲ၊ ဘာတွေလုပ်ဖို့ ကျန်နေသေးလဲ ဆိုတာ ဆွေးနွေးမှာပါ။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေဖြစ်တဲ့ ဦးအောင်သူငြိမ်းနဲ့ ဒေါက်တာရန်မျိုးသိမ်းတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ပထမဆုံးအနေနဲ့ အစိုးရတခုဟာ သက်တမ်း ၇ လအတွင်းမှာတော့ သိပ်အများကြီးတော့ မလုပ်နိုင်ဘူးလို့ ပြောပေမယ့်လည်း ကျနော်တို့ မြင်သာထင်သာ အမှတ်ပေးရမှာတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကိုအောင်သူငြိမ်းကို ပထမဆုံး မေးပါရစေခင်ဗျာ။ ဒီချုပ်အစိုးရသစ်ပေါ့ ပြည်သူ့အစိုးရလို့ပဲ ပြောပြော၊ Democratically Elected လုပ်တဲ့ အစိုးရပဲပြောပြော ၇ လအတွင်းမှာ မြင်သာထင်သာ အရေးကြီးတဲ့ လုပ်နိုင်ခဲ့တာ ဘာများရှိလဲခင်ဗျ။ အဲဒါလေးကို ဆွေးနွေးပေးပါခင်ဗျ။” ဦးအောင်သူငြိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “မြင်သာထင်သာလို့ ပြောမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံက အမေရိကန်က အရင်က စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ထားတယ်။ ဒီကိစ္စတွေကို ဖြုတ်လိုက်တယ်။ ဖြုတ်လိုက်တဲ့အခါကျတော့ ပြောမယ်ဆိုရင် နိုင်ငံတခုအနေနဲ့က ခုနလို ဝန်ထုပ်ဝန်ပိုးတွေ လွတ်သွားတယ်။ ပုံမှန်ဆက်ဆံရေးလမ်းကြောင်းပေါ်မှာ ပြန်ရောက်လာတယ်ပေါ့။ ဒါဟာ အောင်မြင်မှုလို့ ပြောလို့ရပါတယ်။ နောက်တခုကလည်း ဒေသတွင်းနိုင်ငံတွေမှာတော့ ကျနော်တို့ ပြောမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကို ပိုပြီးတော့ အသိအမှတ်ပြုလာရတဲ့ အနေအထား ရှိပါတယ်။ နောက်တချက်ကတော့ ဒီငြိမ်းချမ်းရေးညီလာခံပေါ့။ ၂၁ ရာစု ပင်လုံခေါ်တယ်။ ဒါကို ပြန်စနိုင်တော့ ပြောရမယ်ဆိုရင် မြင်ရသလောက်တော့ အောင်မြင်မှုတွေလို့ ဆိုနိုင်ပါတယ်။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ဒေါက်တာရန်မျိုးသိမ်းအနေနဲ့ရော အစိုးရရဲ့ မြင်သာထင်သာ ၇ လအတွင်းမှာ လုပ်နိုင်ခဲ့တာ ဘာများရှိတယ်လို့များ အမှတ်ပေးချင်ပါလဲခင်ဗျ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “ကျနော့်အမြင်ကတော့ ဒီ ၇ လအတွင်းမှာပေါ့လေ။ မြန်မာနိုင်ငံရဲ့ အနေအထားဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ခုန ကိုအောင်သူငြိမ်း ပြောသလိုပဲ လူရာဝင်လာတယ်ပေါ့။ နိုင်ငံတကာအသိုင်းအဝိုင်းမှာ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော လူရာဝင်လာတယ်။ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ အလေးထားရတဲ့ ဒေသတွင်းနိုင်ငံတခု ဖြစ်လာတယ်။ တဘက်ကကြည့်ရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်းပဲ မြန်မာနိုင်ငံကို ထပ်တူအလေးထားရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာတာ တွေ့ရပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ အဲဒါဆိုရင် နောက်တခု ကျနော်တို့ သွားချင်ပါတယ်။ ၇ လအတွင်းမှာ ဒီချုပ်အစိုးရဟာ Election Manifesto အချက် ၁၂ ချက်နဲ့ ရွေးကောက်ပွဲကို ဝင်ခဲ့တယ်။ အဲဒီထဲမှာ သတိပြုမိခဲ့တာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစုံရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအရကျတော့ ဘာတွေလုပ်နိုင်ခဲ့လဲ၊ ဘာတွေလုပ်ဖို့ ကျန်နေသေးလဲ။ အဲဒါလေးကို ကိုအောင်သူငြိမ်း ဖြည့်စွက်ဆွေးနွေးပေးပါဦး။” ဦးအောင်သူငြိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “သမ္မတက ပထမဦးဆုံး ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ အဓိကအရေးကြီးတာ ၄ ချက်လောက် ကျနော်မှတ်မိပါတယ်။ ဒါက ဘာလဲဆိုတော့ ဒီမိုကရေစီစံနှုန်းတွေရှိတဲ့ ဖက်ဒရယ်စနစ်အခြေခံတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်သွားမယ် ပြောပါတယ်။ နောက် ဒုတိယ ငြိမ်းချမ်းရေး ပြောပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်သူ့ဘဝဖွံ့ဖြိုးရေး။ ဒီကိစ္စတွေ ကတိပေးခဲ့တာပေါ့နော်။ နိုင်ငံရေးအရ ပြန်ကြည့်တဲ့အခါကျတော့ ဒီမိုကရေစီရေးအတွက်က လက်ရှိအစိုးရက လုပ်တာတွေက သိပ်ထူးထူးခြားခြား မတွေ့ရတဲ့သဘော ဖြစ်ပါတယ်။ အထူးသဖြင့်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြောပါတယ်။ နိုင်ငံတခုမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်ဆိုတာ သိပ်ရှက်စရာကောင်းတယ်ပေါ့နော်။ အခုချိန်မှာ အေအေပီပီလို့ ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ သေချာကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းက ပြောတာ။ နိုင်ငံရေးအကျဉ်းသား ၂၀၅ ယောက် ရှိနေတုန်းပဲ။ အဲဒီထဲကမှ ထောင်ထဲမှာ တရားရင်ဆိုင်နေရတဲ့သူတွေ ပါသလို အပြင်ကနေ တရားရင်ဆိုင်နေရတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတယ်။ အဲဒီတော့ ဒါက ပြောမယ်ဆိုရင် နိုင်ငံရေးအရ ဒီလိုကိစ္စမျိုးတွေက ဒီထက်တိုးပြီးတော့ ကိုင်တွယ်ဆောင်ရွက်သင့်တယ်။ ဖြေရှင်းသင့်တယ်လို့ ကျနော်ထင်ပါတယ်။ နောက်တချက်ကတော့ လူ့အခွင့်အရေးကို ဦးစားပေးမှာလားပေါ့။ အဲဒီလို ပြောတဲ့အခါကျတော့လည်း လူ့အခွင့်အရေးကော်မရှင်က အရင်အစိုးရကဖွဲ့ခဲ့တဲ့ လူဟောင်းတွေနဲ့ပဲ။ အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းတာတွေ ကျနော်တို့ မတွေ့ရသေးတဲ့ အနေအထား ရှိပါတယ်။ နောက်တခုကတော့ ပွင့်လင်းမြင်သာမှုပေါ့။ အစိုးရသစ်က ပြောမယ်ဆိုရင် မိန့်ခွန်းပြောတာလည်း နည်းပါတယ်။ သမ္မတကိုယ်တိုင် မိန့်ခွန်းက တခါ၊ နှစ်ခါပဲ ပြောဖူးသေးတယ်။ ပြီးတော့ သတင်းစာတွေနဲ့ တွေ့ဆုံရှင်းလင်းတာတို့၊ ပွင့်လင်းမြင်သာမှု အပိုင်းမှာလည်း ကျနော်တို့ အားမရဘူး ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ Rule of Law လို့ ခေါ်တဲ့ တရားဥပဒေစိုးမိုးရေးပေါ့။ ရာဇဝတ်မှုတွေ ပိုများလာတယ် ထင်တယ်။ နောက်တခုက မလုံခြုံမှုတွေက နည်းနည်း လူတွေမှာ ပိုခံစားလာရသလားပေါ့ဗျာ။ အဲဒီလို ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ကိုအောင်သူငြိမ်းကတော့ လောလောဆယ်မှာ တကယ့် လိုအပ်ချက်တွေပေါ့နော်။ အထူးသဖြင့်တော့ အစိုးရမဖြစ်ခင်က ကတိပြုခဲ့တဲ့ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံရေးအရ အခွင့်အရေးတွေပေးမယ် ဆိုတာတွေ အဓိက ပြောခဲ့ပါတယ်။ ဒေါက်တာရန်မျိုးသိမ်းကရောဗျာ၊ ဒီချုပ်အစိုးရ ကတိပေးထားခဲ့တဲ့အထဲမှာ နိုင်ငံရေးအရ ဘာတွေလုပ်နိုင်ခဲ့လဲ၊ ဘာတွေလုပ်ဖို့ကျန်လဲ။ အဲဒါလေး ပြောပေးပါဦး။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “ကျနော်ကြည့်တော့ ဒီချုပ်အစိုးရတက်တာက ၂၂၅ ရက်လောက်ရှိပြီ။ လွှတ်တော်အနေနဲ့ဆို ၂၈၅ ရက်လောက် ရှိပြီ။ တကယ်တမ်းက ကျနော်တို့ ဒီမိုကရေစီ အပြောင်းအလဲကို သွားတဲ့နေရာမှာ အစိုးရနဲ့ လွှတ်တော်ဟာ အပြန်အလှန် ထိန်းကျောင်းမှု အားကောင်းဖို့ လိုအပ်တယ်လို့ ကျနော်က မြင်တယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာ ကြည့်ရင် ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပြောထားတာလည်း ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ အဂတိကင်းစင်တဲ့ လူမှုအဖွဲ့အစည်းကို ထူထောင်မယ်လို့ ပြောထားတယ်။ အဲဒီတော့ ကျနော်ဆိုလိုချင်တဲ့ သဘောက ဒီ ၂၂၅ ရက်မှာ လက်ရှိအစိုးရဟာ ဘယ်လောက်အထိ အဂတိကင်းစင်တဲ့ လူမှုအဖွဲ့အစည်း ထူထောင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်ပြီးပြီလဲ။ ကျနော်တို့က နေ့ချင်းညချင်း ရက်ပိုင်းအတွင်း၊ လပိုင်းအတွင်းမှာ အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ လက်ခံတယ်။ သို့သော်လည်း အဲဒီလို အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်လာအောင် ဒီကာလမှာ ဘယ်လောက်ထိ ပြင်ဆင်ဆောင်ရွက်ပြီးပြီလဲဆိုတာ ကျနော် ပြန်ကြည့်တဲ့အခါမှာ ကျနော်ကတော့ သိပ်အားမရဘူး။ စောစောက ကိုအောင်သူငြိမ်းပြောတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်လိုပဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆိုတာ အင်မတန်မှ အရေးကြီးတယ်။ အဲဒီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လက်ရှိအစိုးရက အခုအချိန်ထိ ပြင်ပြီးတော့ မဖွဲ့သေးဘူး။ အဲဒီတော့ အရင်အစိုးရလက်ထက်က ဖွဲ့ခဲ့တဲ့ ကော်မရှင်ပဲ ဖြစ်နေတယ်။ အဲဒီအခါကျတော့ ပြည်သူလူထုရဲ့ ထမ်းပိုးထားရတဲ့ အဂတိလိုက်စားမှု ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်မှုအပိုင်းမှာ ကျနော့်အမြင်အားဖြင့်တော့ ထိရောက်မှု သိပ်မရှိဘူးလို့ မြင်တယ်။ နောက် ကျနော်ပြောခဲ့တဲ့အထဲမှာ ပါသလိုပဲ။ လွှတ်တော်တွေနဲ့ အစိုးရရဲ့ အပြန်အလှန် ထိန်းကျောင်းမှုမှာ ကျနော့်အမြင်ကတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ အခင်းအကျင်းကတော့ လက်ရှိအခြေအနေမှာ အားအရဆုံး အနေအထားပဲလို့ ကျနော်မြင်တယ်။ ဒါပေမယ့် လက်ရှိ ဥပမာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရကြားမှာ ထိန်းကျောင်းမှုကတော့ ကျနော့်အမြင်အားဖြင့်တော့ အားရစရာ သိပ်မရှိဘူးလို့ ကျနော်က သုံးသပ်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ အဂတိကင်းစင်တဲ့အစိုးရ။ တရားဥပဒေစိုးမိုးရေး ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည် အထပ်ထပ် ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကရော၊ ရွေးကောက်ပြီးတဲ့အခါရော။ ဒါပေမယ့် လောလောဆယ်မှာ လက်တွေ့ အဲဒီ ၂ ခုကို အတိအကျလုပ်ပေးနိုင်တာ သိပ်မတွေ့ရသေးပါဘူးနော်။ ကျနော် အခု စီးပွားရေးဘက် နည်းနည်းလှည့်ပါမယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဖွံ့ဖြိုးရေးမိတ်ဘက်ပေါ့နော်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများနဲ့ တွေ့တဲ့အခါမှာ ပြောပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးတုံ့နှေးတယ်ဆိုတာ ဝန်ခံထားပါတယ်။ အဲဒီလိုပဲ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းကလည်း ပြောပါတယ်။ ကျနော်တို့ ရက် ၁၀၀ အတွင်းမှာ စီးပွားရေးနာလန်ထဖို့ ပြောခဲ့တယ်။ အခုလည်း တကယ်လို့များ စီးပွားရေးလုပ်ငန်းရှင်တွေသာ ပူးပေါင်းရင် ၆ လအတွင်းမှာ ၂ ဆ၊ ၃ ဆ အရှိန်နဲ့တက်မယ်လို့ ပြောခဲ့တယ်။ အဲဒီတော့ စီးပွားရေးဘက်အပိုင်းမှာရော အရင်တုန်းက ကတိပြုထားခဲ့သလိုမျိုး ဘာတွေလုပ်နိုင်လဲ၊ ဘာတွေလုပ်ဖို့ကျန်နေလဲ။ ကိုအောင်သူငြိမ်း ဖြည့်စွက်ပြီး သုံးသပ်ပေးပါဦး။” ဦးအောင်သူငြိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “ဟုတ်ကဲ့။ အစိုးရသစ်က သူ့ရဲ့မူဝါဒပေါ့နော်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ စီးပွားရေးစနစ်နဲ့ သွားမယ်လို့ ပြောပါတယ်။ ဆိုတော့ အဲဒါရဲ့ ဒီ Concept ကို သေချာ ကျကျနန မရှင်းပြနိုင်ဘူးလို့ ထင်ပါတယ်။ ပြောမယ်ဆိုရင် ကိစ္စတော်တော်များများ နှောင့်နှေးပါတယ်။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဖွဲ့တယ်။ ၂ လလောက်ကြာပြီးမှ ဖွဲ့နိုင်တဲ့အနေအထား ရှိပါတယ်။ ပြီးတော့ စီးပွားရေးမူဝါဒတွေ ထုတ်ပြန်တာလည်း နောက်ကျပါတယ်။ အဲဒါအပြင် ကျန်တဲ့အခြေအနေတစုံလုံး ကြည့်လိုက်တဲ့အခါကျတော့ ငွေဖောင်းပွမှုနှုန်းပေါ့နော်။ အစိုးရ တရားဝင်ထုတ်ပြန်ထားတဲ့ ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းရှိတယ်။ သိသိသာသာပဲ ကုန်ဈေးနှုန်းတက်လာတယ်။ ကြက်ဥ ၁ လုံးကို ၁၈၀ ဖြစ်လာတယ်။ ကန်စွန်းရွက် ၁ စည်း ၃၀၀ နီးပါး ဖြစ်လာတယ်။ ဒါမျိုးတွေပေါ့။ ဒါတွေက နိစ္စဓူဝခံရတဲ့ လူထုတွေမှာ ပြဿနာ ရှိပါတယ်။ နောက်တခါ နိုင်ငံတကာနဲ့ Exchange Rate ပေါ့။ ငွေလဲလှယ်မှုနှုန်းမှာလည်း ၁၃၀၀ နီးပါး ကပ်လာတယ်။ ဒါ စံချိန်ချိုးခါနီး ဖြစ်လာတယ်ပေါ့နော်။ အဲဒီတော့ ဒီငွေလဲလှယ်မှုနှုန်းကြောင့် စီးပွားရေး ထပ်ပြီးတော့ ကျပ်နိုင်တဲ့အနေအထားတွေ ရှိပါတယ်။ အဲဒီတော့ အစိုးရမှာလည်း ဘတ်ဂျက်လိုငွေပြတာက များတယ်။ နောက်တခါ တဘက်မှာ ကုန်သွယ်မှုတွေလုပ်တယ်။ လုပ်ရင်လည်း ကုန်သွယ်လိုငွေလည်း များပါတယ်။ အဲဒီလိုအနေအထားမှာ ဒီကနေ ဘယ်လို ပြန်ရုန်းထွက်မလဲဆိုတဲ့ မဟာဗျူဟာပေါ့နော်။ တိတိကျကျ ကျနော်တို့ မတွေ့ပါဘူး။ ခရိုနီခေါ်ခေါ်၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ပြန်ပြီးတော့ ပူးပေါင်းလုပ်ကြမယ် ဆိုရုံနဲ့တော့ အဖြေမထွက်ဘူးလို့ ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ အခု အစိုးရကို အရင်တုန်းက ဝန်ကြီးဌာန ၃၆ ခုကနေ ၂၂ ခု လျှော့ချခဲ့တယ်။ အထူးသဖြင့်တော့ သိပ်ပြီး ကုန်ကျစရိတ် နည်းအောင်ပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ အစိုးရ ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်ကလည်း အဲဒီလောက် သိသိသာသာ လျော့သွားတယ်လို့ မတွေ့ရသေးဘူး။ အဲဒါနဲ့ပတ်သက်လို့ရော ဒေါက်တာရန်မျိုးသိမ်းအနေနဲ့ ကျနော်တို့ စောစောကပြောတဲ့ နိုင်ငံတော်စီးပွားရေးမူဝါဒ ၁၂ ချက်ကို ချခဲ့တာပဲ။ ဒါပေမယ့် လက်တွေ့မှာ ဘာတွေလုပ်ဖို့လိုနေလဲ။ ဘာတွေလုပ်ဖို့ ကျန်နေလဲ။ အဲဒါလေးကို ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦး။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “ကျနော့်အမြင်ကတော့ ခုန ကိုအောင်သူငြိမ်း ဆွေးနွေးသွားသလိုပေါ့။ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် တိတိကျကျ ရှင်းရှင်းလင်းလင်း ထုတ်ပြန်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်တခုက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေဆိုရင် လွန်ခဲ့တဲ့ လွှတ်တော်သက်တမ်း နောက်ဆုံးမှာ အပြီးသတ် ပြဋ္ဌာန်းလိုက်တယ်။ ဒါပေမယ့် အဲဒီဥပဒေကို ကျင့်သုံးဖို့အတွက် လိုအပ်တဲ့ နည်းဥပဒေတို့၊ လုပ်ထုံးလုပ်နည်းတို့က အလျင်အမြန်ထွက်လာနိုင်မှု အပိုင်းမှာ နှောင့်နှေးနေတာ တွေ့ရတယ်။ နောက်တချက်က ကျနော်တို့နိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စကို စဉ်းစားတဲ့အခါမှာ ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ပြီးတော့ စဉ်းစားနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဥပမာ လာအိုတို့၊ ကမ္ဘောဒီးယားတို့၊ ဗီယက်နမ်တို့နဲ့ ကျနော်တို့က ယှဉ်ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဥပမာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဆိုတာ ပရဟိတသမားတွေ မဟုတ်ဘူး။ နောက်ပြီးတော့ စေတနာရှင်တွေလည်း မဟုတ်ဘူး။ အဲဒီတော့ သူတို့ဟာ သူတို့ အကျိုးအမြတ် များများရမယ့်နေရာ၊ သူတို့အတွက် လုံခြုံမှုရှိမယ့်နေရာ၊ သူတို့အတွက် အာမခံချက် မြင့်မြင့်မားမား ရှိမယ့်နေရာမှာပဲ သူတို့က ရင်းနှီးမြှုပ်နှံမှု လုပ်မယ်လို့ ကျနော်က နားလည်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ လက်ရှိအခြေအနေမှာ ဥပဒေပြုရေးအပိုင်းမှာ ဒီထက်ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ လျင်လျင်မြန်မြန် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီလို ပြောရတဲ့အကြောင်းက ဘာလဲဆိုတော့ ကျနော် ခုအချိန်ထိ ကြည့်လိုက်တဲ့အခါမှာ လွှတ်တော်သက်တမ်း ၂၈၀ ကျော်မှာ ဥပဒေ ၁၅ ခုပဲ ပြုနိုင်သေးတယ်။ အဲဒီဥပဒေ ၁၅ ခုမှာလည်း အဓိကကျတဲ့ ဥပဒေတွေက နည်းနေသေးတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျာ။ ကျနော် အခုနောက်ဆုံး မေးချင်တာက ဒီအခြေအနေကနေပြီး နောက် အစိုးရလုပ်ဖို့ ၄ နှစ်လောက် ကျန်ပါသေးတယ်။ အရေးတကြီး ဦးစားပေး ဘာတွေများ လုပ်သင့်လဲဆိုတာ ကိုအောင်သူငြိမ်းအနေနဲ့ ဖြည့်စွက်ပြောပေးပါဦး ခင်ဗျ။” ဦးအောင်သူငြိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “ဟုတ်ကဲ့။ ကျနော်တို့မြင်တာက အခုလို ၇ လလောက် သက်တမ်းနဲ့တော့ ချက်ချင်းကြီး ပြဿနာပြေလည်သွားမယ်လို့ မယူဆပါဘူး။ ဒါပေမယ့် ဖြစ်ချင်တာက Vision လို့ခေါ်တဲ့ မြော်မြင်ချက်ပေါ့။ ကျနော်တို့ ဘယ်ကိုသွားမှာလဲဆိုတဲ့ ပန်းတိုင်ကို ပြဖို့လိုပါတယ်။ အဲဒါကလည်း အခုချိန်ထိ မမြင်ရသေးဘူးလို့ ယူဆပါတယ်။ အဲဒါအပြင်ကို အရင်အစိုးရလက်ထက်က စဉ်းစားခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့က သိပ်ပင်ပင်ပန်းပန်း မလုပ်ရဘဲနဲ့ တချို့ရလဒ်လေးတွေက အဖြေထွက်သွားနိုင်တဲ့ ကိစ္စမျိုးပေါ့။ ဆိုတော့ ကျနော်တို့ဆီမှာ အခု လျှပ်စစ်ပြဿနာ ရှိပါတယ်။ ခု ရန်ကုန်မှာ မော်တော်ကားကျပ်တဲ့ ပြဿနာတွေ ရှိတယ်။ နောက်တခါ လူမှုရေးအရဆို ရာဇဝတ်မှုတွေ ထူပြောတယ်။ မူးယစ်ဆေးဝါးကိစ္စတွေ။ ကျနော်တို့ တခြားပြဿနာတွေ အများကြီးရှိပါတယ်။ အဲဒါတွေအတွက်ကို လျင်လျင်မြန်မြန်နဲ့ သိပ်အားမထည့်ဘဲနဲ့ လုပ်ပြီးတော့ ဘာတွေအောင်မြင်သွားမှာလဲပေါ့နော်။ ဆိုတော့ ဒီလိုကိစ္စမျိုးတွေ သတ်မှတ်စေချင်ပါတယ်။ နောက်ဆုံးတချက် ကျနော်ပြောချင်တာကတော့ ဒီအရင် ကျနော်တို့ တိုက်တွန်းဖူးတာလည်း ရှိပါတယ်။ အစိုးရကြီးတခုလုံးမှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းကောင်းနဲ့ အစိုးရတခုလို စဉ်းစားပြီးတော့ သေချာသွားတဲ့ဟာမျိုးပေါ့နော်။ အခုကတော့ ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းတယ်လို့ ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ဒေါက်တာရန်မျိုးသိမ်းကိုလည်း ဒီအတိုင်းပါပဲ။ ဒီအစိုးရအနေနဲ့ အရေးတကြီး ဘာများလုပ်သင့်ပါလဲ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “ကျနော့်အမြင်ကတော့ ဒီအစိုးရ ရွေးကောက်ပွဲကြေညာစာတမ်းထဲမှာလည်း ပါတယ်။ ပြည်သူလူထုကို တရားမျှတစွာနဲ့ အကာအကွယ်ပေးမယ့် အုပ်ချုပ်ရေးစနစ်။ အဲဒီအုပ်ချုပ်ရေးစနစ်ကို လက်ရှိအခြေအနေမှာ ဖော်ဆောင်ဖို့အတွက် ဘယ်လောက်အထိ ဆောင်ရွက်နေပြီလဲ ဆိုတာက အရေးကြီးတယ်လို့ မြင်တယ်။ ဥပမာ ကျနော် ဘာသွားတွေ့လဲဆိုတော့ အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ပြည်ထောင်စုအစိုးရ ဥပဒေတို့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ဥပဒေတို့။ နောက် အခြားပေါ့လေ။ အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ဥပဒေတွေအားလုံးက နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေပဲ ဖြစ်နေတယ်။ ဒီဥပဒေတွေကို တကယ် ပြည်သူလူထုကို တကယ်လုံခြုံမှုပေးနိုင်မယ့် အုပ်ချုပ်ရေးစနစ် ဖော်ဆောင်နိုင်တဲ့ ဥပဒေတွေဖြစ်အောင် လွှတ်တော်နဲ့ အစိုးရ ပူးပေါင်းပြီးတော့ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ဖို့လည်း အရေးတကြီး လိုအပ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024