Live
Home
မြန်မာသတင်း
အကျင့်စာရိတ္တမကောင်းပါက ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ထူထောင်နိုင်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
DVB
·
November 16, 2016
အလုပ်အကိုင်မရှိတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာမက လူတွေရဲ့ အကျင့်စာရိတ္တကို ပျက်စီးစေတဲ့အကြောင်းနဲ့ အကျင့်စာရိတ္တ မကောင်းပါက ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကို ထူထောင်နိုင်မှာမဟုတ်ဘူးလို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ အပါအဝင် မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့၊ လုပ်ငန်းအဖွဲ့တွေနဲ့ မနေ့မနက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံပြောကြားသွားတာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်တွေ အောင်မြင်မှုရဖို့ စီးပွားရေးဇုန်တွေ ဖွံ့ဖြိုးတိုးတက်မှုဟာ အလွန်အရေးကြီးကြောင်း၊ ယခု ရေတိုအတွင်း ဖြစ်မြောက်အောင် လုပ်ကိုင်ရမယ့်ကိစ္စဟာ အလုပ်အကိုင် အခွင့်အလမ်း ဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  ပြောပါတယ်။ ဒါ့အပြင် အထူးစီးပွားရေးဇုန်တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတွေရဲ့ အောင်မြင်မှုနဲ့ မိမိတို့နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအပေါ် နိုင်ငံတကာက ယုံကြည်မှုရရှိအောင် ဆောင်ရွက်ဖို့၊ စီးပွားရေးဇုန်တွေဟာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းတွေဖြစ်လို့ ရှေ့ပြေးကောင်းမှ အနာဂတ်ကောင်းမယ်လို့လည်း ပြောသွားပါတယ်။ မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ အထူးစီးပွားရေးဇုန်တွေဟာ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတာကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ သီလ၀ါ၊ ထားဝယ်နဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဝင်တွေအနေနဲ့ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောသွားပါတယ်။ ဒီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာသန်းမြင့်၊ ဦးကျော်တင့်ဆွေ၊ ဦးဖေဇင်ထွန်း၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဦးဝင်းခိုင်တို့အပြင် သီလ၀ါ၊ ထားဝယ်နဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွေက စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတွေနဲ့  တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် စသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024