အက်ဖ်ဘီအိုင်ကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းဖြစ်ဟု ဟီလာရီ ပြော

ပြီးခဲ့တဲ့တပတ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားရတာ အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးက ၀င်စွက်ဖက်လို့ဖြစ်ကြောင်း ဟီလာရီကလင်တန်က နိုဝင်ဘာ ၁၂ ရက်နေ့က အပြစ်တင်လိုက်ပါတယ်။ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလို ဟီလာရီ နိုင်ငံခြားရေးဝန်ကြီးကာလတုန်းက အီမေးလ်တွေကို ပြန်စစ်မယ်လို့ အက်ဖ်ဘီအိုင် ညွန်ကြားရေးမှူး  ဂျမ်းခိုမေ James Comey က ကြေညာလိုက်တဲ့အချိန်မှာ သူ့ရဲ့မဲဆွယ်စည်းရုံးရေး အရှိန် တော်တော်ကျသွားတယ်လို့ ဟီလာရီကပြောဆိုပါတယ်။ နိုဝင်ဘာ ၁၂ ရက်က ဟီလာရီကလင်တန်နဲ့ ဒီမိုကရက်တစ်ပါတီ ထိပ်တန်းအလှူရှင်တွေ တယ်လီဖုန်း Conference မှာ ဒီကိစ္စကို ဟီလာရီက ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီဆွေးနွေးပြောဆိုမှုတွေ သတင်းမီဒီယာတွေဆီ ပေါက်ကြားခဲ့တာလို့ သတင်းတွေကဆိုပါတယ်။ နောက်ဆုံး ဟီလာရီကို အီးမေးလ်ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ အရေးယူစရာမရှိဘူးလို့ အက်ဖ်ဘီအိုင်က ညွှန်ကြားရေးမှူးက ပြောဆိုခဲ့ပေမယ့်လည်း  အဲဒီကိစ္စဟာ ပြိုင်ဖက် ဒေါ်နယ်ထရမ့်အတွက်ပဲ ပိုပြီးအားသာသွားစေတယ်လို့လည်း ဟီလာရီရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကပြောဆိုပါတယ်။ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တဲ့ ရီပတ်ပလစ်ကန်ပါတီ သမ္မတသစ် ဒေါ်နယ်ထရမ့်ကတော့ အမေရိကန်မြို့ကြီးတွေမှာ ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ ဆက်လက်ရင်ဆိုင်နေပါတယ်။ နယူးယောက်မြို့က ဒေါ်နယ်ထရမ့်ရဲ့ မိုးမျှော်တိုက်ကြီးရှေ့မှာ သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူ ၂ ထောင်လောက် ချီတက်ခဲ့ကြပြီး “ဒေါ်နယ်ထရမ့် ငါတို့သမ္မတ မဟုတ်ဘူး” လို့ အော်ဟစ်ဆန္ဒပြခဲ့ကြ ပါတယ်။ ဒီဆန့်ကျင်ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့တပတ် သမ္မတရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်ခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကစပြီး နေ့စဉ်ဖြစ်ပွားနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up