အလဲဗင်း အမှုဆောင်အရာရှိချုပ်နှင့်အယ်ဒီတာချုပ် ရဲစခန်းတွင် အဖမ်းခံ
ရွှေအောင်
·
November 11, 2016
အလဲဗင်းမီဒီယာအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ နှစ်ဦးဟာ ဒီနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်တိုင်း၊ တာမွေရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ ရဲစခန်းက အတည်ပြုပြောပါတယ်။
တာမွေရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးက “ဟုတ်ပါတယ်၊၁၄း၃၀ အချိန်မှာပါ၊အခုတော့ စစ်ဆေးဆဲပါပဲခင်ဗျ။”
သူတို့နှစ်ဦးကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တာမွေရဲစခန်းမှာ အမှုဖွင့် ထားတာဖြစ်ပြီး ရဲက မနေ့ကတည်းက ရဲစခန်းလာဖို့ ခေါ်ထားပေမယ့် ဒီနေ့ မွန်းလွဲပိုင်းကျမှ လာရောက်အဖမ်းခံခဲ့ကြတာ ဖြစ်ပါတယ်။
ဒေးလီးအလဲဗင်းသတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ဖော်ပြခဲ့တဲ့ ၀န်ကြီးချုပ်တဦးကို ဒေါ်လာ ၁ သိန်းလောက်တန်တဲ့ နာရီပတ်လို့ နိုင်ငံသားတွေက မကျေမနပ်ဖြစ်စေခဲ့တယ်လို့ ရေးသားချက်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ တာမွေမြို့နယ်ရဲစခန်းမှာ ၆၆ ဃ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။