အလဲဗင်းအမှုရုပ်သိမ်းမှ မီဒီယာကောင်စီကြားဝင်ဆောင်ရွက်နိုင်မည်
DVB
·
November 11, 2016
ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ အလဲဗင်းမီဒီယာအုပ်စုကို ပြစ်မှုကြောင်းအရ အမှုဖွင့်ထားပြီး ဖြစ်လို့ သတင်းမီဒီယာကောင်စီအနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ မဖြစ်နိုင်ဘူးလို့ ကောင်စီက မနေ့က အကြောင်းပြန်ကြားလိုက်ပါတယ်။
သတင်းမီဒီယာ နည်းဥပဒေ ပုဒ်မ ၃၇ အရ နစ်နာသူက ကောင်စီထံ တိုင်ကြားပြီးတဲ့နောက်တရားစွဲလိုက်ရင် တိုင်ကြားလွှာကိုပြန်ရုပ်သိမ်းရမှာဖြစ်တယ်၊ ဒါကြောင့် အစိုးရအဖွဲ့က အလဲဗင်းမီဒီယာ အပေါ် အမှုဖွင့်ထားတာကို ရုပ်သိမ်းမှပဲ ကောင်စီအနေနဲ့ ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ ကောင်စီရဲ့ စာမှာဖော်ပြပါတယ်။
ဝန်ကြီးချုပ်တဦးကို စီးပွားရေးလုပ်ငန်းရှင်တဦးက ဒေါ်လာ ၁ သိန်းတန် နာရီတလုံး ပေးခဲ့တယ်လို့ စွပ်စွဲရေးသားချက်နဲ့ စပ်လျဉ်းပြီး တိုင်းအစိုးရအဖွဲ့က အလဲဗင်းမီဒီယာရဲ့ အမှုဆောင်အရာရှိ ဒေါက်သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
အလဲဗင်းမီဒီယာရဲ့ စွပ်စွဲ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်လို့ ထိန်းကြောင်း ကြပ်မတ် ဖြေရှင်းဆောင်ရွက်ပေးဖို့ တိုင်းအစိုးရအဖွဲ့က မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီထံ တိုင်ကြားထားတာ ဖြစ်ပါတယ်။