လူ့အခွင့်အရေးလှုပ်ရှားသူတဦး ရိုက်နှက်ခံရ
နော်နိုရင်း
·
November 8, 2011
လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့ဝင် ကိုကျော်လွင် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် တလုပ်ထော် ကျေးရွာအုပ်စုမှာ ရိုက်နှက်ခံခဲ့ရပါတယ်။
တလှုပ်ထော်ကျေးရွာက ဘုန်းကြီးကျောင်းတခုမှာ လုပ်တဲ့ အလုပ်သမားအစည်းအဝေးကို တက်ရင်းအပြန် ဘုန်းကြီးကျောင်းထိပ်မှာစောင့်နေတဲ့ ရွာသား ၄ ဦးက ရိုက်နှက်ခဲ့တာဖြစ်ပြီး ဦးခေါင်းမှာဒဏ်ရာရသွား တယ်လို့ ကိုကျော်လွင်က ပြောပါတယ်။
“ကျနော်တို့က လူ့အခွင့်အရေး လှည့်လည်ဆွေးနွေးနေရင်းကနေ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကိုလည်းလုပ်နေတာ။ အဲလိုလုပ်နေတာကို ကြံ့ခိုင်ရေးနဲ့ ပတ်သက်တဲ့ လူတစုကနေ ဘုန်းကြီးကျောင်းထဲကို ဖိနပ်စီးတယ်ဆိုပြီး ကျနော့်ကို ရိုက်လိုက်တာပေါ့။ ပထမတချက် လက်ကိုရိုက်ချလိုက်တာ ကျနော်တကိုယ်လုံး ထုံကျင်ပြီးတော့ သတိလစ်သွားတယ်။ အဲဒါကို အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဆွဲထူတဲ့ကြားက၊ တားတဲ့ကြားထဲကကို ကျနော့်ကို အပေါ်ကနေ ဝါးရင်းတုတ်နဲ့ ရိုက်ချလိုက်တာ။ ကံကောင်းချင်တော့ အဲဒီဝါးရင်းတုတ်က ဦးခေါင်းခွံနဲ့ထိပြီးတော့ တုတ်ကအရင်ကွဲသွားတဲ့အခါကျတော့ အပေါ်ယံအရေပြားပဲ ကွဲသွားတော့ လေးချက်ချုပ်ရတယ်လို့ ပြောတယ်။”
ရိုက်နှက်ခံရတဲ့အတွက် တလုပ်ထော် ရဲစခန်းမှာ သာသနာကိုညှိုးနွမ်းစေမှု ပုဒ်မ (၂၉၅) နဲ့ ရိုက်နှက်သူတွေကို တိုင်ချက်ဖွင့်ထားပေမယ့် ရဲစခန်းက အာမခံနဲ့ပြန် လွှတ်ပေးခဲ့ပါတယ်။
ရိုက်နှက်သူတွေကလည်း ကိုကျော်လွင်ကို သာသနာညှိုးနွမ်းစေမှုနဲ့ ပြန်လည်တရားစွဲဆိုထားတယ်လို့ပြောပါတယ်။
“ကျနော်တို့ ယုံကြည်ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းဝိုင်းထဲမှာ ရိုက်နှက်တဲ့အတွက် ကျနော့်ရဲ့သွေး ဘုန်းကြီးကျောင်းထဲကို ကျအောင်လုပ်တာရယ်။ ပုဆိုးကို ဆွဲချွတ်တာရယ်၊ ဖုန်းကိုလုတာတွေကြောင့် ကျနော့်ကို ရိုက်မှုကို အမှုဖွင့်အရေးယူတာပေါ့။ အမှုဖွင့်အရေးယူဖို့ တိုင်ကြားတဲ့အခါကျတော့ ကျောင်းဝန်းထဲမှာ ရိုက်တယ်။ နှက်တယ်၊ ကျနော့်ရဲ့ပစ္စည်းကို လုတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုကျတော့ ၂၉၅ (က) တို့၊ ၂၉၅ တို့ မဆွဲဘဲနဲ့ ရိုက်မှုသီးသန့်ပဲ ဆွဲထားပြီးတော့ ကျနော့်ကိုကျတော့ အဲဒီမှာ ဖိနပ်စီးတယ်ဆိုပြီး အမှုပြန်ဖွင့်ထားတယ်။ ဟိုလူတွေကိုကျတော့ ၂၉၅ နဲ့ မဆွဲဘဲနဲ့ ကျနော့်ကိုကျတော့ ၂၉၅ နဲ့ ဆွဲထားတယ်။”
ဒီအမှုနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ဖို့ တလုပ်ထော်ရဲစခန်းကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရရှိသေးပါဘူး။
ဟင်္သာတမြို့နယ် တလုပ်ထော်ရွာမှာ HRDP အဖွဲ့ဝင်တချို့ကို ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းနဲ့နီးစပ်သူတွေက အလားတူရိုက်နှက်မှုမျိုး ၂၀၀၇ ခုနှစ်မှာ ဖြစ်ပွားခဲ့ဖူးပါတယ်။
အဲဒီဖြစ်ရပ်မှာ ရိုက်နှက်ခံရတဲ့ ကွန်ရက် အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကိုမြင့်နိုင်၊ ကိုကျော်လွင်၊ ကိုမြစိန်၊ ကိုလှရှိန်၊ ဦးမြင့်နဲ့ ဦးဝင်းတို့ ထောင်ဒဏ် ၄ နှစ်ကနေ ၈ နှစ်အထိ ချမှတ်ခံခဲ့ရဖူးပါတယ်။ အဲဒီထဲက တချို့လွတ်မြောက်လာပြီဖြစ်ပေမယ့် တချို့ကတော့ လက်ရှိထောင်တွေမှာ အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။