ပင်လယ်ထဲတွင် ၁၇ နာရီကြာ သောင်တင်နေခဲ့သည့် ရေငုပ်သမားကို ကယ်တင် (ရုပ်သံ)

1.5K
သြစတြေးလျနိုင်ငံ သန္တာပင်လယ်ထဲမှာ ၁၇ နာရီကြာအောင် သောင်တင်အပြီး စကူဘာ ရေငုပ်သမား လဲ့စ်ဘရိုင်ယာလေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က ကယ်တင်ခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
အသက် ၆၈ နှစ်အရွယ် ဘရိုင်ယာလေဟာ သြစတြေးလျ အနောက်မြောက်ပိုင်း ကွင်းစလန်ပြည်နယ် ဘိုးလင်းဂရင်းအငူရဲ့ ကမ်းလွန်က သူ့လှေဘေးမှာ ရေငုပ်ရင်း လျှောက်သွားနေခဲ့တာပါ။
အဲဒီနောက် အားကောင်းတဲ့ ရေစီးကြောင်းတွေက ဆွဲခေါ်သွားတာ ခံခဲ့ရတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။
"ပါဝင်ပတ်သက်လို့မကောင်းတဲ့ အခြေအနေက အခု ကောင်းကောင်း အဆုံးသတ်သွားပြီ။ သက်သာရာရပြီး ကျေးဇူးတင်တယ်" လို့ သူက ဆေးရုံခုတင်ပေါ်ကနေ ပြောပါတယ်။
ဘရိုင်ယာလေဟာ သူ့ရဲ့အတွင်းရေးမှူးကို မဆက်သွယ်ခဲ့ပေမယ့် အတွင်းရေးမှူးက တခုခုမှားနေတယ်လို့ သဘောပေါက်ခဲ့လို့ ရဲကို ခေါ်ခဲ့တာပါ။
အဲဒီနောက် ကယ်ဆယ်ရေးစခဲ့တယ်လို့ သြစတြေးလျ ရုပ်သံလွှင့် ကော်ပိုရေးရှင်း (အေဘီစီ) သတင်းဌာနက အစီရင်ခံခဲ့ပါတယ်။
ပင်လယ်အော်က ငါးမန်းပင်လယ်အော်လို့ ဒေသတွင်းမှာ လူသိများပြီး သူကိုယ်တိုင်လည်း ငါးမန်းတွေ မြင်ခဲ့တယ်လို့ ဘရိုင်ယာလေက ပြောပါတယ်။ သူ့ကို ရဟတ်ယာဉ်တစီးနဲ့ ကယ်ခဲ့တာပါ။
သူ့ရဲ့ တကိုယ်ရေသုံး တည်နေရာအညွှန်းပြပစ္စည်းက မပါလာလို့ အသက်ရှင်လျက် ကယ်နိုင်တာ အင်မတန်ကံကောင်းတယ်လို့ ရေထဲက ဆွဲထုတ်ကယ်တင်ခဲ့သူ အလန်ဂရစ်ဖစ်သ်က ပြောပါတယ်။