Home
ဆောင်းပါး
အမေရိကန်သမ္မတ ရွေးကောက်ပွဲ၊ ဘယ်သူ နှာတဖျားသာမလဲ
DVB
·
November 7, 2016
ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြိုင်ဘက် ရီပတ်ဗလစ်ကန် သမ္မတလောင်း သူဌေးကြီး ဒေါ်နယ်လ်ထရမ့်ကို မဲအသာစီး အတော်လေးရလာခဲ့တဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်တယောက် အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတော့မှာပဲလို့ နိုင်ငံတကာ ပြည်သူတွေ ထင်ကြေးပေးနေခဲ့ကြသလို အမေရိကန်နိုင်ငံသားတွေကလည်း ထင်ကြေးပေး ယုံကြည်လာခဲ့ကြတာကို နိုင်ငံတကာအရေး မျက်ခြည်မပြတ်တဲ့ စာဖတ်ပရိသတ်တွေအားလုံး သိနှင့်ထားခဲ့ပြီး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီအချိန်မှာပဲ သူ ပထမတုန်းက ရင်ဆိုင်ရတာက သူ နိုင်ငံခြားရေးဝန်ကြီးဘဝက ဆက်သွယ်ခဲ့တဲ့ အစိုးရနဲ့သက်ဆိုင်တဲ့ ကိစ္စတချို့မှာ ပုဂ္ဂိုလ်ရေး အီးမေးဆာဗာကို အသုံးပြုခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပြစ်မှုမြောက်တဲ့ အထောက်အထား မရှိဘူးလို့ အက်ဖ်ဘီအိုင် ဆုံးဖြတ်ခံခဲ့ရပြီး သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေ လုပ်ရင်း တဘက်က ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ထက် လူထုထောက်ခံမှုကို ပိုပြီးရရှိအောင် လုပ်ဆောင်နိုင်ခဲ့တာကိုလည်း သိရှိခဲ့ကြပြီး ဖြစ်မှာပါ။ ဒါပေမယ့် ရက်ပိုင်းပဲလိုတော့တဲ့ ခုချိန်မှာ အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်) က ဟီလာရီကလင်တန်နဲ့ တိုက်ရိုက်သက်ဆိုင်နိုင်တယ်လို့ ယူဆရတဲ့ ထောင်နဲ့ချီတဲ့ အီးမေးလ်အသစ်တွေကို တွေ့ရှိခဲ့ရပြီး အဖြေထက် မေးခွန်းထုတ်စရာတွေ များနေတယ်လို့ ထုတ်ပြန်ပြောဆိုခဲ့တဲ့အတွက် ပြိုင်ဘက် ဒေါ်နယ်လ်ထရမ့်အတွက် အားတက်စရာ ဖြစ်လာခဲ့ပြီး ဟီလာရီကလင်တန်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ဝေဖန်တိုက်ခိုက်ဖို့ အခွင့်အလမ်း ရရှိသွားခဲ့ပြီး ဟီလာရီကလင်တန်အတွက်ကတော့ အရှိုက်ထိုးခံရသလို ဖြစ်သွားခဲ့ပါတယ်။ ဒါက ခုတပတ်လောက်အတွင်းမှာ ဖြစ်သွားခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲ အဓိက သမ္မတလောင်း ၂ ယောက်ရဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကတော့ အက်ဖ်ဘီအိုင်ရဲ့ လုပ်ရပ်ကို ခုလို အများမသိရမယ့်သတင်းတွေအပေါ် ဟီလာရီရဲ့ ကိုင်တွယ်ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ရှိတယ်လို့ အများအထင်မှားစေနိုင်တဲ့ စကားမျိုးသုံးပြီး ဖော်ထုတ်ပြောဆို မသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။ မစ္စတာအိုဘားမားကတော့ ဟီလာရီကလင်တန်ဟာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်နေတဲ့အချိန်မှာ ပုဂ္ဂလိကသုံး အီးမေးလ်ဆာဗာကို မရည်ရွယ်ဘဲ ရိုးရိုးသားသား မှားယွင်းအသုံးပြုခဲ့မိတာသာ ဖြစ်တယ်လို့ ခုခံကာကွယ် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ဂျိမ်းစ်ကွန်မေကိုတော့ တိတိလင်းလင်း ဝေဖန်ပြောဆိုတာမျိုး မလုပ်ခဲ့ပါဘူး။ သမ္မတ အိုဘားမားက အတိအလင်း ဝေဖန်တာမျိုး မလုပ်ခဲ့ပေမယ့် အထက်လွှတ်တော်အမတ် ဟာရီရိတ်ဒ်ကတော့ ကွန်မေဟာ ရွေးကောက်ပွဲ သိပ်နီးလာတဲ့ အချိန်ကျမှ ဒီလို အီးမေးလ် စုံစမ်းစစ်ဆေးမှု နောက်ထပ် ထပ်လုပ်ရလိမ့်မယ်လို့ ထုတ်ပြန် ပြောဆိုခဲ့တာဟာ ဥပဒေကို ချိုးဖောက်လိုက်တာပဲလို့ ခပ်တင်းတင်း ပြောဆိုခဲ့ပါတယ်။ တကယ်တော့ ဒီအီးမေးလ် ပြဿနာက မစ္စဟီလာရီကကလင်တန်ရဲ့ ထိပ်တန်းလက်ထောက် တယောက်ဖြစ်တဲ့ ဟယူမာအဘီဒင်ရဲ့ စိမ်းကားသွားခဲ့တဲ့ခင်ပွန်းသည် အန်ထနီဝိန်းနား ပိုင်ဆိုင်တဲ့ လက်ပ်တော့ပ်ကွန်ပျူတာထဲမှာ လျှို့ဝှက် အီးမေးလ်အစုအဝေးကြီးဖြစ်တဲ့ အီမေးလ်ပေါင်း ၆၅၀,၀၀၀ လောက်ကို အက်ဖ်ဘီအိုင် စုံစမ်းစစ်ဆေးရေးသမားတွေက တွေ့ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒါကလည်း အရင်က အောက်လွှတ်တော်အမတ်တယောက် ဖြစ်တဲ့ မစ္စတာဝိန်းနားရဲ့ ရာဇဝတ်မှုမြောက်နိုင်တဲ့ လိင်ကိစ္စ အီးမေးလ်အဆက်အသွယ်တွေကို သီးခြားစုံစမ်းထောက်လှမ်းရင်း တွေ့ရှိသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုတော့ အဲဒီအီးမေးလ် အဆက်အသွယ်တွေထဲမှာ လူအများမသိရမယ့် သတင်းအချက်အလက်တွေ ပါနေသလား ဆိုတာကို စုံစမ်းစစ်ဆေးချင်လာတဲ့ အခြေအနေလို့ ပြောရမှာပါပဲ။ အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ကွန်မေဆီက ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အချက်ကတော့ အဲဒီ အီးမေးလ်တွေကို ဘယ်သူကပို့ပြီး ဘယ်သူက လက်ခံခဲ့တယ် ဆိုတာနဲ့ ဘာအကြောင်းအရာတွေ ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီကိစ္စက မစ္စကလင်တန်ဟာ သူ နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်နေတဲ့အချိန်မှာ သူ့ရဲ့ အီးမေးလ်တွေကို ပုဂ္ဂလိကသုံး ဆာဗာကနေ သုံးဖို့ ဆုံးဖြတ်ခဲ့တဲ့ အကျိုးဆက်အရ ဖြစ်လာခဲ့တာဖြစ်ပြီး ဟီလာရီကလင်တန် ဒါမှမဟုတ် မိစ်အဘီဒင်တို့ကို အများမသိရမယ့် လျှို့ဝှက်ကိစ္စတွေကို ကိုင်တွယ်ရာမှာ ရာဇဝတ်သင့်တဲ့ ပေါ့ဆလျစ်လျူရှုမှုအဖြစ် တရားစွဲဆိုသင့်သလားဆိုတဲ့ ပြဿနာ  ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ မစ္စဟီလာရီကလင်တန်ကတော့ ကုလသမဂ္ဂမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ သူ့အနေနဲ့ ကိုယ်ရေးကိုယ်တာသုံးနဲ့ အလုပ်သုံး ဖုန်းနှစ်လုံး ခွဲသုံးနေရတာထက် စမတ်ဖုန်း တလုံးတည်း၊ အီးမေးလ်လိပ်စာ တခုတည်း သုံးရတာကို ပိုပြီးသဘောကျလို့ အဲဒီလိုပဲ သုံးခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်အစိုးရက ထုတ်ပေးတဲ့ ဘလက်ဘာရီ ဖုန်းတွေဟာ အီးမေးလ်လိပ်စာပေါင်းစုံကို လက်ခံအသုံးပြုလို့ မရဘူးလို့ ဆိုပါတယ်။ ဝေဖန်သူတွေကတော့ ကန့်သတ်ချက်ရှိရမယ့် အစိုးရကိစ္စတွေကို ပုဂ္ဂိုလ်ရေး အီးမေးလ်ဆာဗာနဲ့ အသုံးပြုတာဟာ လုံခြုံရေးအရ အန္တရာယ်ရှိတယ်လို့ ပြောကြပါတယ်။ မစ္စကလင်တန်ကတော့ သူ အဲဒီအီးမေးလ်တွေကို ပေးပို့တဲ့၊ လက်ခံတဲ့အချိန်မှာ အများမသိသင့်တဲ့ လျှို့ဝှက် သတင်းအချက်အလက်မျိုးတွေ မပါဝင်ခဲ့ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အက်ဖ်ဘီအိုင်ရဲ့ ခုလို ဒီမိုကရက် သမ္မတလောင်း ဟီလာရီကလင်တန်ရဲ့ အီးမေးလ်ကိစ္စကို ပြန်ပြီး စုံစမ်းစစ်ဆေးရလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက် ပြိုင်ဘက် ဒေါ်နယ်လ်ထရမ့်က သူတို့က “ကလိန်ကညစ် ဟီလာရီ” လို့ ကင်ပွန်းတပ်ပေးခဲ့တာဟာ မှန်တယ်ဆိုတာကို သက်သေပြလိုက်တာပဲလို့ ပြောလို့ရသွားခဲ့ပြီး ‘ဒါဟာ ဝါးတားဂိတ်ထက် ပိုကြီးတဲ့ကိစ္စ’ ပဲလို့ အလွန်အကျွံ ပြစ်တင်စွပ်စွဲလာခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီသတင်း ထွက်ပေါ်လာခဲ့ပြီးချိန် နောက်ပိုင်း မဲဆွယ်စည်းရုံးရေးပွဲတွေမှာ ဟီလာရီအပေါ် လူထုထောက်ခံမှု နည်းနည်းလျော့ကျလာခဲ့တာကို စစ်တမ်းတွေက ပြသနေပါတယ်။ ဒီအခြေအနေမှာ လာမယ့် အမေရိကန်သမ္မတသစ်ဟာ သမ္မတကတော်ဟောင်း၊ အထက်လွှတ်တော်အမတ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ပဲ ဖြစ်လာမလား၊ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး ဒေါ်နယ်ထရမ့်ပဲ ဖြစ်လာလေမလား ဆိုတာကို အမေရိကန် ပြည်သူလူထုတွေသာ မဟုတ်ဘဲ နိုင်ငံတကာ အစိုးရတွေနဲ့ ပြည်သူလူထုတွေက စောင့်ကြည့်နေကြပါတယ်။ ဒါကလည်း အမေရိကန်ပြည်ထောင်စုအတွင်းနဲ့ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အရေးကိစ္စတွေမှာ အမေရိကန်အစိုးရက ဘယ်လိုကိုင်တွယ်ဆောင်ရွက်မယ်ဆိုတဲ့ အချက်ဟာ အရေးပါတဲ့ အချက်တခု ဖြစ်နေလို့ပဲ ဖြစ်မှာပါ။ ပြောရရင် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအထိ သက်ရောက်မှုတွေ အများကြီးရှိသွားနိုင်တယ် ဆိုတာကတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံကြရမယ့် ပကတိ အခြေအနေ ဖြစ်နေပါတယ်။ အခု ဒီအီးမေးလ်ကိစ္စကြောင့် မစ္စကလင်တန် သမ္မတ ဖြစ်လာနိုင်တဲ့ အခြေအနေ ပျက်ပြားသွားနိုင်သလား။ တကယ်လို့များ အမေရိကန် အကျိုးစီးပွားကို ကာကွယ်ရေး နာမည်ခံပြီး လူမျိုးရေးမုန်းတီးမှု၊ လိင်ခွဲခြားဆက်ဆံမှုတွေကို ပြောနေတဲ့ ရီပတ်ဗလစ်ကန် သမ္မတလောင်း သူဌေးကြီး ဒေါ်နယ်လ်ထရမ့်ကများ အနိုင်ရသွားနိုင်ခြေ ရှိသွားနိုင်မလားဆိုတဲ့ ကိစ္စကို ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။ တကယ်လို့ အက်ဖ်ဘီအိုင်က ဟီလာရီကလင်တန်ရဲ့ အီးမေးလ်ကိစ္စကို ပြန်ပြီး စုံစမ်းစစ်ဆေးမှုလုပ်မယ် ဆိုရင်လည်း သမ္မတရွေးကောက်ပွဲ ကျင်းပမယ့်နေ့မတိုင်ခင် ပြီးစီးမယ့် အခြေအနေ မရှိပါဘူး။ အဲဒါကြောင့် မစ္စဟီလာရီကလင်တန်အနေနဲ့လည်း မရေရာတဲ့ စွပ်စွဲချက်တွေရဲ့ ဖိစီးမှုနဲ့ပဲ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး နောက်ဆုံးပတ်အထိ ရုန်းကန်တိုက်ခိုက်သွားရမှာပါပဲ။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကတော့ တကယ်လို့များ ဒေါ်နယ်လ်ထရမ့်သာ အနိုင်ရပြီး သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရရင် ကမ္ဘာကြီးရဲ့ ကံကြမ္မာဟာ အန္တရာယ်ရှိလာလိမ့်မယ်လို့ အမေရိကန်ပြည်သူတွေကို သတိပေးလိုက်သလို အက်ဖ်ဘီအိုင်နဲ့ ညွှန်ကြားရေးမှူး ဂျိမ်းစ်ကွန်မေကို လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့တာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရက်ပိုင်းအတွင်းမှာ ကမ္ဘာ့တခုတည်းသော မဟာအင်အားကြီး နိုင်ငံကြီးရဲ့ သမ္မတကို ရွေးချယ်တင်မြှောက်တော့မှာ ဖြစ်ပါတယ်။ ခုချိန်ထိကတော့ ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန်ကတော့ ရီးရဲလ် ကလီယာ ပိုလစ်တစ်စ်မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ နောက်ဆုံး လူထုစစ်တမ်းကောက်ယူမှု ၅ ခုကို ပျမ်းမျှရယူထားတဲ့ Telegraph’s Poll of Polls အရတော့ ရှေ့က ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအသာရတဲ့ အနေအထားဟာ ရက်ပိုင်းအတွင်းမှာ ပြောင်းလဲသွားမယ် ဆိုရင်လည်း ပြောင်းလဲသွားနိုင်တဲ့ အနေအထား ဖြစ်နေတော့ ကျနော်တို့ကတော့ စောင့်ကြည့်ရင်ခုန်ကြရမှာပါပဲ။      ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024