ရွေးကောက်ပွဲတနှစ်ပြည့်ပြီးနောက် မြန်မာပြည်နိုင်ငံရေး (စကားဝိုင်း-၁)
နေသွင်
·
November 8, 2011
ရွေးကောက်ပွဲတနှစ်ပြည့်မြောက်ပြီးနောက် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တဦးလည်းဖြစ်၊ လောလောဆယ် ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာလည်းဖြစ်တဲ့ ဆရာမောင်ဝံသ၊ ဒီဗွီဘီအယ်ဒီတာ ဦးခင်မောင်စိုးတို့နဲ့ စီစဉ်သူ ကိုနေသွင်က ဆွေးနွေးထားပါတယ်။
ရွေးကောက်ပွဲကနေ တနှစ်ပြည့်လာတဲ့အချိန်မှာ နိုင်ငံရေး အဖြစ်အပျက်တွေ တချို့အပြောင်းအလဲဆိုတာကို သဘောတူချင်မှတူမယ်။ ရွေးကောက်ပွဲအလွန် တနှစ်မှာ နိုင်ငံရေးအခြေအနေက ဘယ်အခြေအနေမှာ ရှိနေပါသလဲ။
ဒီဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဆရာမောင်ဝံသကို ပထမဆုံး မေးချင်ပါတယ်။ ဒီတနှစ်အတွင်းမှာ မြန်မာ့နိုင်ငံရေးထဲမှာ သိသာတဲ့ တိုးတက်မှုဆိုရင် ဆရာ့အနေနဲ့ ဘာတွေပြောမလဲ။
“မနှစ်က နိုဝင်ဘာလ ၇ ရက်နေ့မှာ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီးတော့ ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲကြီးကို ကျင်းပခဲ့တယ်။ အနှစ် ၂၀ တွင်းမှာ ပထမဆုံး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အခုဆိုရင် တနှစ်ပြည့်သွားတော့ ဒီတနှစ်တာကာလအတွင်းမှာ ပထမရွေးကောက်ပွဲ ကျင်းပပြီးတော့ ထုံးတမ်းစဉ်လာအရ ၂ လလောက်ဆိုရင် လွှတ်တော်တွေ ကျင်းပပါတယ်။ နိုင်ငံတကာမှာကော၊ မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီ ခေတ်မှာကောပဲ။ ဒါပေမယ့် ကျနော်တို့ဆီမှာ ရွေးကောက်ပွဲ ကျင်းပပြီးတော့ ၂ လ ကြာတော့လည်း လွှတ်တော်မကျင်းပဘူး၊ ၃ လကြာလည်း မကျင်းပဘူး။ ၄ လလောက်ကျမှ ၂၀၁၁ ခုနှစ် မတ်လလောက်မှ လွှတ်တော်ကျင်းပပါတယ်။ ကျနော်တို့ တော်တော်စိတ်ပူခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ရွေးကောက်ပွဲကျင်းပပြီးတော့ လွှတ်တော်မပေါ်ခဲ့ဘူး။ အဲဒီအချိန်က ကျနော်ကိုယ်တိုင်လည်း ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်အမတ် တယောက်ဖြစ်ပါတယ်။ တချို့ဆိုရင် လွှတ်တော်ဆိုတဲ့ အနေအထားကိုတောင် မမြင်ဘူးသလို၊ မကြားဘူးသလို ဖြစ်ကုန်တယ်။ အဲဒီတော့ ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလဒ်က ၂၀၁၁ ခု မတ်လကျတော့ လွှတ်တော်ပေါ်လာတယ်။ ဝမ်းသာပါတယ်။ ဘာပဲပြောပြော နိုင်ငံရေး အနေအထားတခု ဖြစ်ပေါ်လာတယ်လို့ ပြောလာနိုင်တယ်။ မတ်လ ၃၀ ရက်မှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောတယ်။ အဲဒီမိန့်ခွန်းကလည်း အင်မတန်မှ တိုင်းပြည်က စိတ်ဝင်စားပါတယ်။ ထူးထူးခြားခြား ပျော့ပျောင်းမှုရှိတယ်။ စေတနာပါတယ်။ တိုင်းပြည်အတွက် ရည်မှန်းချက်တွေ ဖြစ်စေချင်တဲ့ စေတနာတွေ ပြောသွားတယ်လို့ ကျနော်တို့ ကိုယ်တိုင်လည်း အဲလိုသဘောပေါက်ပြီးတော့ ဝိုင်းဝန်းကြိုဆိုကြပါတယ်။ မီဒီယာတွေကလည်း ကြိုဆိုကြတယ်။ နိုင်ငံတကာက ကုလသမဂ္ဂက အစ ကြိုဆိုကြတယ်။ အဲဒီအချိန်မှာတော့ ကျနော်တို့ သုံးနှုန်းတာတော့ သတိထားပြီး ကြိုဆိုကြပါဆိုတဲ့ သဘောထားမျိုး ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ သမ္မတရဲ့ မိန့်ခွန်းနောက်ကနေ ပါလာတာက စတုတ္ထမဏ္ဍိုင်ဆိုပြီး သတင်းမီဒီယာတွေကို ကျနော်တို့ရဲ့ အခန်းကဏ္ဍကို အလေးထားဖို့၊ စတုတ္ထမဏ္ဍိုင်ရဲ့ ဝေဖန်ထောက်ပြတာတွေကို လေးလေးစားစားနဲ့ စောင့်ကြည့်ပြီးတော့ ဒီပေါ်မှာ ပြန်ပြီးတော့ အပြုသဘောတုံ့ပြန်ကြဖို့၊ ပြန်လည်ဆန်းစစ်ဖို့တွေ တွေ့ရပါတယ်။ နောက်တခါ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးပြောတယ်။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ပတ်သက်ပြီး ပြောတယ်။ ဒါမျိုးတွေဖြစ်ပေါ်လာတဲ့အတွက် ပွဲဦးထွက် ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ လွှတ်တော်ပေါ်လာတယ်။ လွှတ်တော်ကနေ ပေါ်လာတဲ့ အစိုးရ သမ္မတ အစိုးရပေါ့။ အဲဒီ သူ့ရဲ့ ဖြစ်ပေါ်မှုကို ကျနော်တို့ စိတ်ဝင်စားစရာ ဖြစ်လာတယ်။ ကျနော်တို့ အားလုံးစောင့်ကြည့်နေတာ ဖြစ်ပါတယ်။ အဲဒီကနေ ရက်ပေါင်း တစ်ရာ၊ ရက်ပေါင်း နှစ်ရာပေါ့လေ။ ရက်ပေါင်း နှစ်ရာကနေ သုံးရာအတွင်း ကျနော်တို့ကိုယ်တိုင်ဆိုရင်လည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာနိုင်တဲ့ အလားအလာတွေ တွက်ဆပြီးတော့ ညှိနှိုင်းဆွေးနွေးကြပါတယ်။ ကျနော်တို့ ရေးနိုင်တာ ရေးကြပါတယ်။ အဲလိုအလားအလာတွေ ရှိပါတယ်။
“အဲဒီလို တနှစ်တာ ကာလအတွင်း ထူးထူးခြားခြား ဖြစ်ပေါ်တိုးတက်မှုတွေ ပြောမယ်ဆိုရင်တော့ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရကနေ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်။ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် လေးကြိမ်တွေ့ခဲ့ပြီးပြီ။ ဒါတွေကလည်း ထူးခြားပါတယ်။ ဒါတင်မကဘူး ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ၊ အမေရိကန် သမ္မတရဲ့ အထူးကိုယ်စားလှယ်တွေ၊ ဥရောပ သမဂ္ဂတို့၊ ဥရောပက မြန်မာ့မိတ်ဆွေနိုင်ငံတွေ သူတို့ဆီကလာတယ်။ အဝင်အထွက်တွေ များလာတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံရေးဖြစ်ပေါ်မှုမှာ လာပြီးတော့ လေ့လာကြတယ်၊ သုံးသပ်ကြတယ်၊ တိုက်တွန်းကြတယ်။ အဲဒါမျိုးတွေ တွေ့ရတယ်။ နောက် ပြည်ထောင်စုအတွင်းမှာ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ကိစ္စတွေကိုလည်း အတတ်နိုင်ဆုံး ညှိနှိုင်းဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ ကြိုးစားနေတာ တွေ့ရတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတဲ့ တိုက်တွန်းချက်တွေ တောင်းဆိုမှုတွေကလည်း ရှိတယ်။ အဲဒီအပေါ်မှာလည်း အထိုက်အလျောက် ရာနှုန်းပြည့်မဟုတ်တာတောင် ၅၀ ရာခိုင်နှုန်းလောက် ထောက်ခံကြိုဆိုစရာ ဖြစ်တဲ့အနေအထားမျိုးလို နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုး ရှိပါတယ်။ လောလောဆယ် မှတ်တမ်းမှတ်ရာ မကိုင်ဘဲနဲ့ ပြောလို့ရသမျှ ဖြစ်ပေါ်မှုတွေကတော့ ဒီလောက်ပါပဲ။”
လွန်ခဲ့တဲ့ တနှစ်က ရွေးကောက်ပွဲပြီးပြီးချင်းမှာ မြန်မာနိုင်ငံမှာ တချို့ကလည်း အခုဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက အရမ်းမြန်လွန်းအားကြီးတယ်။ အပြောင်းအလဲတွေက မြန်နေတယ်လို့ ပြောတယ်။ ဆရာတို့ အပြောင်းအလဲပေါ်မှာ ဒီလောက်မျှော်လင့်ခဲ့သလားဆရာ။ ဆရာနိုင်ငံရေး သမားတယောက်လည်း ဖြစ်တယ်။ ဂျာနယ်လစ်တယောက်လည်း ဖြစ်တယ်။ မြန်တယ်လို့ကော ဆရာယူဆပါသလား။
“နှေးတယ်၊ မြန်တယ်လို့တော့ သိပ်အတိအကျ မပြောလိုဘူး။ ဒါပေမယ့် ဖြစ်ပေါ်မှုကိုကြည်မယ်ဆိုရင် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို သွားဖို့တာဆူနေတယ်။ အဲဒီအတွက် ဆုံးဖြတ်ထားတဲ့ အနေအထားကို တွေ့ရပါတယ်။ အဲဒီ ဒီမိုကရေစီလမ်းကြောင်းကို သွားဖို့ လမ်းကြောင်းတည့်ဖို့ကို အခင်းအကျင်းတွေ လုပ်နေတယ်လို့ မြင်ပါတယ်။”
ဆရာမောင်ဝံသရဲ့ ဆွေးနွေးချက်မှာ ဆရာဦးခင်မောင်စိုးအနေနဲ့ ဘာတွေများ ဖြည့်စွက်ဆွေးနွေးချင်ပါသလဲ။
“ကျနော်တို့ကဒီလောက်ကို ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ နဂိုကတည်းက သိပ်မမျှော်လင့်ခဲ့ဘူး။ အရင်ပုံစံကို နည်းနည်းလေး ပြောင်းမယ်ဆိုတာမျိုး ကျနော်တို့ကိုယ်တိုင် ပြောခဲ့တာတွေ ရှိပါတယ်။ သူတို့ အရပ်ဝတ်ပြောင်းသွားတယ်လို့ ကျနော်တို့ အင်တာဗျူးတခုမှာ အရပ်ဝတ်တဲ့ အစိုးရလို့ ကျနော်သုံးခဲ့ပါတယ်။ အရပ်ဝတ်ထားတဲ့ စစ်အစိုးရပဲ သွားလေမလားလို့ စိုးရိမ်ချက်တွေတော့ ရှိခဲ့တယ်။ အဲဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ကြည့်ပြီးပြောခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ကတော့ သတ်သတ် သွားနေတဲ့ပုံစံရှိတယ်။ အရပ်သား အစိုးရကလည်း စစ်တပ်ရဲ့ ဩဇာကို သိပ်ခံနေတဲ့ပုံမဟုတ်ဘဲနဲ့ ဆရာမောင်ဝံသ ပြောသလို ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်နိုင်ဖို့ခင်းကျင်းတဲ့ အခင်းအကျင်း တခုကိုတော့ သူတို့လုပ်နေတယ်လို့ မြင်ရတယ်။ အဲတော့ ထူးထူးခြားခြား အဖြစ်အပျက်ဆိုရင် ကျနော်တို့ ဒီမြစ်ဆုံကိစ္စမှာ ပြည်သူလူထုကနေ မြစ်ဆုံကြီးကို ရပ်ပေးပါ။ မြစ်ဆုံကိစ္စကတော့ တိုင်းပြည်အတွက် နစ်နာမယ်လို့ ပြောလိုက်တဲ့အခါမှာ သူတို့ပြည်သူ့အသံကို နားထောင်တဲ့အနေနဲ့ သမ္မတကပဲ သူတို့ရဲ့ သက်တမ်း ၅ နှစ်အတွင်းမှာ ဒါကိုမလုပ်တော့ပါဘူးလို့ ပြောတာပဲ။ ဒါဆိုရင် ပြည်သူ့ရဲ့ အသံကို နားထောင်လိုက်တယ်လို့ မြင်ရတယ်။ ဆရာမောင်ဝံသ ခုနပြောသလို ပြည်သူ့ခေါင်းဆောင်ဖြစ်တဲ့ အတိုက်အခံရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ ကျနော်တို့စိတ်ထဲမှာ အရင်ကထင်ခဲ့တာက ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီကတော့ ဖျက်သိမ်းခံရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တဖြည်းဖြည်း မှိန်သွားအောင် သူတို့လုပ်မယ်လို့ ထင်ပေမယ့်လို့ အဲလိုမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတကိုယ်တိုင်က တွေ့ဆုံလိုက်တာဟာ ကျနော်တို့ တော်တော်အံ့ဩရတဲ့ အဖြစ်အပျက်တခုလို့ ပြောရမယ်။ အဲတော့ အလားအလာတွေကို ကြည့်မယ်ဆိုရင် ဒီအရှိန်နှုန်းနဲ့ ဒီလိုပြုပြင်ပြောင်းလဲမှုတွေနဲ့ သွားမယ်ဆိုရင် ကျနော်တို့ မျှော်လင့်ထားတဲ့ ၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်ဘူး။ ခုနပြောသလို မီဒီယာတွေ လွတ်လပ်ခွင့်ဆိုတာတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် အင်မတန်အရေးကြီးတယ်။ ဒါလည်းပဲ သူတို့ဥပဒေတွေဘာတွေနဲ့ လုပ်နေတာဆိုတော့ အလားအလာ ကျနော်တို့ မျှော်လင့်သလောက် မဖြစ်ပေမယ့် တဖြည်းဖြည်း လုပ်သာကိုင်သာ အနေအထားတော့ ရှိသွားမှာဖြစ်တယ်ဆိုတာကို အခုတနှစ်အတွင်းမှာကို ဒါက ကောင်းတဲ့အလားအလာတွေ မြင်နေရတယ်။ ဒီအတိုင်းပဲ ဆက်သွားမလား ဆက်မသွားဘူးလားဆိုတာလည်း ဆက်သွားမယ်ဆိုတဲ့ ဘက်ကို ကျနော်တို့ နည်းနည်းပိုယုံကြည်ချင်တယ်။”
အဲတော့ ဆရာက ဆက်သွားမလား၊ ဆက်မသွားဘူးလားဆိုတာ နှစ်ဖက်ဖြစ်နေတယ်။ ဆက်မသွားနိုင်လောက်တဲ့ အခြေအနေတွေ ဆရာစဉ်းစားမိတာ ရှိလား။
“ဆက်မသွားနိုင်ဘူးဆိုတာက ကျနော်တို့ သတင်းတွေထွက်နေတာက ဥပမာ တင်းမာတဲ့ အဖွဲ့တွေ၊ တင်းမာတဲ့လူတွေကလည်း ရှိနေသေးတယ်လို့ ကျနော်တို့က သုံးသပ်တာ။ နောက်တခါ ပျော့ပျောင်းတယ်ဆိုတဲ့ လူတွေကလည်း အခုလောလောဆယ် ဒေါ်အောင်ဆန်းစုကြည်နားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်တွဲလုပ်နိုင်ဖို့အတွက် နီးနီးစပ်စပ် ရှိနေတဲ့သူတွေကတော့ ဒါပျော့ပျောင်းတယ်ဆိုတာမျိုးကို မြင်နေရတယ်။ ကျနော်တို့သိရသလောက် ဒေါ်အောင်ဆန်းစုကြည်ကတော့ မာကျောတယ်တို့၊ ပျော့ပျောင်းတယ်တို့ သူမသုံးဘဲနဲ့ အလယ်အလတ်ကျတယ်ဆိုတဲ့ အသုံးမျိုးလေးပေါ့။ အလယ်အလတ်ကျတယ်ဆိုတဲ့ သူတွေလည်း တွေ့နေရတယ်ဆိုတော့ အဲဒီအစုတွေကနေပြီးတော့ လောလောဆယ်မှာ နေရာရနေတယ်။ ပိုပြီးတော့လည်း ပူးတွဲလုပ်နေတာတွေ့ရတယ်။ နောက်စစ်တပ်က သိသိသာသာ ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ ပုံစံမျိုး ကျနော်တို့ မတွေ့ရဘူးဆိုတော့ ကျနော်က ဒီအပြောင်းအလဲတခုက ရှေ့ဆက်သွားမယ်လို့ ယုံကြည်တယ်။”
ဆရာမောင်ဝံသက အထဲမှာလည်း နေနေပြီး မြန်မာ့နိုင်ငံရေးမှာလည်း အကြာကြီးဖြတ်ဖူးတော့ ဆရာ့ကို မေးချင်တာက အခုလက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ အပြောင်းအလဲတွေက ရေရှည်ခံတဲ့ အပြောင်းအလဲတွေလား။ နောက်ပြန်မလှည့်တဲ့ အပြောင်းအလဲတွေဖြစ်အောင် နိုင်ငံရေး အင်အားစုတွေအနေနဲ့ ဘယ်လိုချဉ်းကပ်မှုကို လုပ်သင့်တယ်လို့ ယူဆပါသလဲ။ ဥပမာ လွှတ်တော်ပြင်ပအုပ်စုတွေရှိမယ်။ တိုင်းရင်းသားအုပ်စုတွေ ရှိမယ်။
“ချဉ်းကပ်မှုဆိုတာမှာ အစိုးရကနေ ဒီမိုကရေစီ နိုင်ငံရေးပါတီတွေ အပေါ်မှာ ချဉ်းကပ်မှု၊ နောက်တခါ ဒီမိုကရေစီ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကနေ အစိုးရအပေါ်မှာ ချဉ်းကပ်မှု။ အဲလို နှစ်ဖက်ရှိမယ်။ အဲတော့ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရဘက်က ချဉ်းကပ်မှုမှာတော့ သမ္မတကြီးရဲ့ မိန့်ခွန်းမှာလည်း ပါတယ်။ တိုင်းပြည်ရဲ့ အရှိတရားတွေကို ပြောသွားတယ်။ လက်ခံတယ်ဆိုတာကို ပြောသွားတယ်။ ဥပမာ ကျနော်တို့ တိုင်းပြည်က အရင်တုန်းက ကိုယ့်နောက်က တိုင်းပြည်တွေထက် ခေတ်နောက်ကျပြီးတော့ ကိုယ်က အနောက်ကို ပြန်ရောက်နေတယ်။ ကျနော်တို့ တိုင်းပြည်က ဆင်းရဲနွမ်းပါးနေတယ်။ ဒီလိုအနေအထားတွေကို သူကိုယ်တိုင်ရဲ့ မိန့်ခွန်းထဲမှာ ထုတ်ဖော်ပြောသွားတယ်။ အဲဒီတော့ ဒါက အရှိတရားတခုပဲ။ ကျနော်တို့ တိုင်းပြည်က ချမ်းသာတဲ့တိုင်းပြည်မဟုတ်ဘူး။ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်ဖြစ်တယ်။ အောက်တမ်းနောက်တမ်း ကျနေတဲ့ တိုင်းပြည်ဖြစ်တယ်ဆိုတာ ဒါက အရှိတရားအနေနဲ့ သူလက်ခံတယ်။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးချင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးပါမှုကို ဒီမိုကရေစီ ခေါင်းဆောင်တယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာက အသိအမှတ်ပြုထားတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရထားတယ်။ နောက်တခါ သူကိုယ်တိုင်က အင်မတန်မှ ပြည်သူလူထုရဲ့ ထောက်ခံမှုရထားတဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်ဆိုတဲ့ အရှိတရားပေါ့။ အဲဒီအရှိတရားကိုလည်း လက်ရှိအစိုးရက အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောရှိတယ်။ အသိအမှတ်ပြုတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးကလည်း တွေ့ဆုံတယ်။ နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း တွေ့ဆုံတယ်။ ဆွေးနွေးတယ်။ ပြီးတော့ ပူးပေါင်းပြီးတော့ အပြုသဘော ဆောင်ရွက်သွားကြမယ်။ တိုင်းသူပြည်သားတွေ ကိုယ်စိတ်နှဖြာ ချမ်းသာအောင် ဆောင်ရွက်သွားကြမယ်လို့ ဒီလိုစကားမျိုး ပြောတာက အရှိတရားကို လက်ခံလို့ပြောသွားတာ။ နောက်တခါ မကြာသေးခင်ကဘဲ အမျိုးသားလွှတ်တော် နာယကကြီး ဦးခင်အောင်မြင့်က ဂျာနယ်တစောင်နဲ့ အင်တာဗျူးမှာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပါတယ်လို့ ပြောတယ်။ အဲဒီတော့ ဒါကလည်း အရှိတရားပဲ။ ဒီစကား၊ ဒီဖြစ်ရပ်တွေ မတိုင်ခင်က အင်မတန်မှ စိတ်မချမ်းမသာဖြစ်ရတယ်။ ဘာလို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ တကယ်ရှိခဲ့တယ်။ အဲဒီမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးကလည်း ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာရှိတယ်။ အဲဒါတွေကို မျက်ကွယ်ပြုပြီးတော့ ဒါတွေအပေါ်မှာ လုံးဝထည့်မစဉ်းစားပဲ အမျိုးသားစည်းလုံး ညီညွတ်ရေးအတွက် ဒါကလိုအပ်ချက်ဖြစ်တယ်ဆိုတာကို ထည့်မစဉ်းစားဘဲနဲ့ ကျင့်သုံးခဲ့တဲ့ အနေအထားတွေ အများကြီးရှိခဲ့တယ်။ အဲဒီကနေ ပြောင်းလဲပြီးတော့ သူတို့အရှိတရားတွေ လက်ခံလာတယ်။ တိုင်းပြည်ရဲ့ ပကတိ ရှိနေတဲ့ အရှိတရားကို ခုနက ကျနော်တင်ပြခဲ့သလို တိုင်းပြည်က ဆင်းရဲနွမ်းပါးနေတယ်။ အများကြီး အောက်ကျနောက်ကျ ဖြစ်နေတယ်။ ဒီအရှိတရားကိုလည်း လက်ခံတယ်။ အဲတော့ ဒီအပေါ်မှာ လက်ခံပြီ၊ သဘောပေါက်နေပြီဆိုရင် ဘာဆက်လုပ်သင့်တယ်ဆိုတာကို အစိုးရဘက်က ဆုံးဖြတ်ပြီးတော့ သူတို့ဘက်က ချဉ်းကပ်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးတယ်။ စစ်မက်ဖြစ်နေတာတွေကို ရပ်တန့်အောင်ကြိုးစားတယ်။ ဒါမျိုးတွေတွေ့ရတယ်။
“တဖက်က ကျနော်တို့ကြည့်ရင် နိုင်ငံရေး အင်အားစုတွေဘက်က ဆိုရင် နှစ်ပိုင်းပေါ့။ ပထမတပိုင်းက ၂၀၁၀ ရွေးကောက်ပွဲကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ရွေးကောက်ပွဲ ရှိတဲ့အတွက် ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ဆုံးဖြတ်တဲ့ ဒီမိုကရေစီ နိုင်ငံရေးပါတီတွေ ရှိတယ်။ သူတို့ဘက်ကဆိုရင် ရွေးကောက်ပွဲကို ဝင်မယ်။ လွှတ်တော်ထဲကို ဝင်မယ်။ ပြီးတော့မှ လွှတ်တော်ထဲက စကားပြောကြမယ်။ နောက် ဥပဒေပြင်စရာရှိတာကို ပြင်မယ်ဆိုပြီးတော့ ယူဆပြီး ဝင်ကြတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀၈ အခြေခံ ဥပဒေကို လက်မခံနိုင်လို့ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး။ ဒါကြောင့် မဝင်ဘဲနေခဲ့တယ်။ ဒါကြောင့် နိုင်ငံရေးအင်အားစုတွေထဲမှာပဲ နှစ်ပိုင်းပေါ့။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တင်မက ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတဲ့ ၉၀ ရွေးကောက်ပွဲမှာ အဓိက အနိုင်ရတဲ့ ပါတီတွေက ၂၀၁၀ ရွေးကောက်ပွဲကို မျက်ကွယ်ပြုခဲ့တာ။ အဲလိုအနေအထားကနေပြီးတော့ အခုဆိုရင် မကြာခင်ရက်ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင် ဥပဒေ ကျေနပ်လောက်တဲ့ထိ ပြုပြင်မယ်၊ ပြင်ဆင်မယ်ဆိုရင် စဉ်းစားမယ်ဆိုပြီးတော့ ပြောတဲ့အနေအထားရှိလာတယ်။ ပါတီမှတ်ပုံတင်မယ့် အလားအလာရှိလာပြီ။ မှတ်ပုံတင်ပြီးရင်တော့ မှတ်ပုံတင်ပြီးတဲ့ ပါတီတရပ်အနေနဲ့ သူ့မှာ လူထုစည်းရုံးရေး လုပ်မယ်။ တချိန်တည်းမှာပဲ ပေါ်လာတဲ့ရွေးကောက်ပွဲမှာ ဝင်ဖို့ပဲ ရှိပါတယ်။ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ မဝင်ရင်တော့ နည်းနည်း ထူးဆန်းတာပေါ့။ အဲလိုတော့ မဖြစ်ဘူးလို့ ထင်ပါတယ်။ သူ့ဘက်ကလည်း ပြန်ချဉ်းကပ်မှုက ဒီသွားနေတဲ့ နိုင်ငံရေးရဲ့ လမ်းကြောင်းကြီးထဲမှာ ဝင်လှုပ်ရှားမယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရပါတယ်။”
အပိုင်း (၂) မှာတော့ အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရေးမဝင်ရေး၊ မြန်မာပြည်နိုင်ငံရေးရဲ့ စိုးရိမ်ချက်တွေအပေါ် ဆွေးနွေးထားပါတယ်။